တရုတ်ကျားဖြန့် ရာဇဝတ် ဂိုဏ်းသား ၆ဦးကို နိုင်ငံခြားသားများအား နှိပ်စက်ညဉ်းပန်းမှုဖြင့် တရုတ်နိုင်ငံသို့ တရားခံများ အဖြစ် လွှဲပေးမည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ယမန်နေ့က ရွှေကုက္ကို၌ မီဒီယာများကို ပြောသည်။
ကျားဖြန့်ဂိုဏ်းများသည် ၎င်းတို့ ခိုင်းစေသည့် အလုပ်များ မပြီးမြောက်ပါက လျှပ်စစ်ကျင်စက်ဖြင့်တို့ခြင်း စတီးဒုတ်ဖြင့် ရိုက်ခြင်း စသည့် နှိပ်စက်မှုမျိုးစုံပြုလုပ်ကြောင်း လွတ်မြောက်လာသူတချို့၏ ပြောဆိုချက်အရ သိရသည်။
ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က “စခေါ်ထုတ်လာကတည်းက တဦးတယောက်စီချင်းကို ဒဏ်ရာတွေ အရင်စစ်တယ်။ မှတ်တမ်းလုပ်တယ်။ သူတို့က ဘယ်ကနေရခဲ့တဲ့ ဒဏ်ရာတွေလဲ၊ ဒီမှာရခဲ့တဲ့ ဒဏ်ရာဆိုရင် တခါတည်း သက်ဆိုင်ရာ အုပ်ချုပ်တဲ့ကုမ္ပဏီ လုပ်ငန်းခေါင်းဆောင်တွေကို လောလောဆယ် ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ သူတို့နိုင်ငံကို ပြန်လွှဲဖို့ ကျတော့ တရားခံပုံစံနဲ့ ပြန်လွှဲရမှာ။ သာမန်အရပ်သားလို နေရပ်ပြန်အနေနဲ့ လွှဲလို့မရဘူး” ဟု ပြောသည်။

ရွှေကုက္ကို လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများ မရှိစေရေး စည်းကမ်းထုတ်ထားသော်လည်း ကရင်နယ်ခြား စောင့်တပ် (BGF)၏ ရှာဖွေစစ်ဆေးမှု အားနည်းခဲ့သည့်အတွက် တရုတ်လုပ်ငန်းရှင်တချို့က ညှဉ်းပန်းနှိပ်စက်၍ အဓမ္မခိုင်းစေမှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ဝန်ခံသည်။
ထို့ပြင် BGF အနေဖြင့် ရွှေကုက္ကိုရှိ လုပ်ငန်းခွင်များနှင့် ကုမ္ပဏီများသို့ လက်ကိုင်များတပ်ဖွဲ့ဝင်များ ဝင်ရောက်ခွင့်မပြုဟု စည်းကမ်းထုတ်ထား၍ လက်ရှိ ညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်သူများမှာ ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ တရုတ်ဂိုဏ်းများ ဘက်ကသာ ကျူးလွန်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလော ကျားဖြန့်ဂိုဏ်း ခေါင်းဆောင်သူ ၆ ဦးကို ဖမ်းဆီးထားပြီး ကျန်သူများကိုပါ ဆက်လက်ဖော်ထုတ်၍ ကျူးလွန်သူများအားလုံး တပါတည်းလွှဲပြောင်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် BGF က ရွှေကုက္ကိုနယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရန်ဖေဖော်ဝါရီ ၁၄ ရက်က စတင်လုပ်ဆောင်နေရာ လက်ရှိအချိန်ထိ လူဦးရေ ၂၀၀၀ ခန့် ခေါ်ထုတ်ထားပြီးဖြစ်ကာ ပြန်လွှဲပို့ရန် ထိုင်းအစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်၍ အချိန်ကာလအတိအကျ မသိရသေးပေ။
နှိပ်စက်ခံ တရုတ်နိုင်ငံသား တဦးက “တချို့ ကျနော်တို့ထက် ဆိုးတာတွေရှိတယ်။ အသက်သေဆုံးတဲ့အထိ ဖြစ်တာ တွေလည်း ရှိတယ်။ အခုကျနော်တို့ကတော့ လုံခြုံသွားပါပြီ။ အိမ်ကို အမြန်ပြန်ချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများသည် ဒေသတွင်းလုံခြုံရေး စိုးရိမ်မှုများ ဖြစ်လာသော ကြောင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုဖြင့် ထိုင်းနိုင်ငံကလည်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် တပ်မှူး ၃ ဦးအား ဖမ်းဝရမ်းထုတ်ရန် ကြိုးစားလာချိန်တွင် BGF ဘက်က ယခုကဲ့သို့ ကျားဖြန့်နှိမ်နင်းရေးကို လုပ်ဆောင်လာခြင်း ဖြစ်သည်။
သို့သော်လည်း ဧရာဝတီ၏ စုံစမ်းချက်အရ လက်ရှိ ရွှေကုက္ကို မြို့သစ်အတွင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတို့ ဟန်မပျက် ဆက်လက် လှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။
You may also like these stories:
ကျားဖြန့်က ကရင်လူမျိုးရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်
ကျားဖြန့်ပပျောက်အောင် လုပ်မည်ဆိုသော်လည်း လုပ်ငန်းများ ဆက်လည်ပတ်နေ
ထိုင်းနဲ့ တရုတ်ဖိအားကြားက မြဝတီ ကျားဖြန့်လုပ်ငန်း
နာမည်ကြီးနေတဲ့ ကျားဖြန့်ကိစ္စနဲ့ BGF အပြော
“ကျောက်ခက်မှာလည်း ကျားဖြန့် နှိမ်နင်းမယ်”














