ကရင်ပြည်နယ် မြဝတီမြို့မှ နာမည်ဆိုးဖြင့် ကျော်ကြားနေသော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တို့ကို နှိမ်နင်းရန် တရုတ်နှင့်ထိုင်းတို့က စီမံချက်ချလုပ်ဆောင်နေရာ ထိုင်းဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်မှုကြောင့် ကျားဖြန့်လုပ်ငန်းများထက် ပြည်သူလူထု အခက်အခဲများ ပိုမိုကြုံနေရသည်။
တဖက်တွင်လည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ BGF ခေါင်းဆောင်တချို့ကို အဓိက ထိုင်းနိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ရန်ထိ ကြိုးပမ်းမှုများရှိနေသည်။
ကရင်မြေပေါ်တွင် ကျားဖြန့်များ ရှိနေခြင်း က ကရင်လူထု၏ပုံရိပ်ထိခိုက်စေနိုင်မှုများအပါအဝင် ကျားဖြန့်နှိမ်နင်းရေး အပေါ် သုံးသပ်ချက် အစရှိသည်တို့အား ကရင်လက်နက်ကိုင်အဖွဲ့တချို့၊ ကရင်အရပ်ဘက်အဖွဲ့၊ လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့တချို့မှ တာဝန်ရှိသူများအား ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။
ပဒိုစောသမိန်ထွန်း
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်း ကော်မတီဝင်

ကရင်ပုံရိပ်ကတော့ မကောင်းဘူး၊ ခင်ညွန့်တို့ လက်ထက်ကတော့ လောင်းကစားပေါ့၊ အခုလို ငွေကြေးလိမ်လည်တာ မရှိဘူး။ ၂၀၁၅ နောက်ပိုင်းမှ ဒီကျားဖြန့်တွေ ပေါ်လာတာ။ လူကုန်ကူးတာတွေရော ရှုပ်ပွေလိမ်နေတာ။ ပြောရမယ်ဆို တရုတ်ရုပ်ရှင်မင်းသား အဖမ်းခံရပြီး ကျားဖြန့်ဆီရောက်သွားတယ်ဆိုတာ ကျနော် တော်တော်လေး သံသယရှိ တယ်။ လုပ်ကြံကြီးလား မသိဘူး၊ သတင်းတွေရအောင် လုပ်ပြီး ဖွပြီးမှ သူတို့က နိုင်ငံရေးကိုပဲ ကစားမှာလား။ ဒါတွေက တရုတ်တွေ အများဆုံးလုပ်ခဲ့တာပဲလေ သူတို့ရှင်းလေ။ ထိုင်းဘက်ကလည်း ရှိမှာပဲ။ ရှင်းရှင်းပြောရရင်။ တရုတ်ကို သံသယ ရှိတယ်။
မင်းအောင်လှိုင်က တိုင်းပြည်ကို အကြီးအကျယ် မတရားအုပ်ချုပ်နေတဲ့ အချိန်ကျမှ ဒီကျားဖြန့်က ပေါ်လာတယ်ဆို တော့ ဒါနိုင်ငံကြီးတွေကို ပရိယာယ်တွေပဲလေ။ အဓိကတိုက်ရမယ့်ဟာကို မျက်ခြေမပြတ်အောင် လုပ်ဖို့ထက် ဒီကျားဖြန့်မှာပဲ အာရုံပြုနေရတယ်။
အခုမီးတွေဆီတွေဖြတ်တော့ အခြေခံလူတန်းစားတွေ ထိခိုက်နေတာပေါ့။ ကျနော်တို့ဆီကိုပဲ လာဖိလို့ ကရင်ခေါင်းပေါ် ပဲ ပုံချလို့ မရဘူးလေ။ သူတို့လုပ်တဲ့ အလုပ်ကို သူတို့ ရှင်းပေါ့။ ရှင်းရင် ပြီးသွားမှာပဲလေ။ သူတို့လုပ်တဲ့အလုပ်က ကရင်ကို ရှင်းခိုင်းလို့ မရဘူးလေ။ အခုက လူထုနာနေတာ။
မင်းအောင်လှိုင်ကိုနိုင်အောင် မတိုက်နိုင်သရွှေ့ စစ်အာဏာရှင်ကို ပြုတ်အောင်မတိုက်နိုင်သရွှေ့ ဒီကျားဖြန့်က ရှိနေဦး မှာပဲ။ ကျနော်တို့ ကရင်တွေထဲမှာလည်း သွေးကွဲဦးမှာပဲ။ ဒါကြောင့်မို့ မင်းအောင်လှိုင်ကို အပြတ်တိုက်၊ ဒီကောင်ကို တိုက်လို့ရှိရင် ကရင်ချင်းလည်း စိတ်ဝမ်း မကွဲနိုင်ဘူး။ ကရင်ပြည်နယ်မှာလည်း ဒီဟာတွေ သန့်စင်သွားမယ်။
စောအဲလ်ဘတ်
ကရင် လူ့အခွင့်အရေးအဖွဲ့မှ ညွှန်ကြားရေးမှူး

ဒီမီးဖြတ်ဆီဖြတ်တာတို့က လောလောဆယ် ဒုက္ခရောက်တာက အခြေခံလူထုပေါ့၊ ပိုပြီးထိခိုက်တယ် ရေမရတာတို့ အဲဒီလိုမျိုးတွေ ဒုက္ခတွေ ဖြစ်တယ်။ အဖွဲ့အစည်းအမြင်နဲ့ မဟုတ်ဘဲ ကျနော်တယောက်ထဲ အမြင်မှာတော့ ဒီကျားဖြန့် ကိစ္စကို နှိမ်းနင်းနိုင်ဖို့အတွက်က ပိုပိုပြီးတော့ လုပ်ဆောင်ဖို့တော့ လိုအပ်တယ်။ တချိန်တည်းမှာပဲ လက်ရှိ ပြည်သူ လူထုကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ပြီး ဘယ်လို ပြန်ပံ့ပိုးပေးသွားမလဲဆိုတဲ့ အနေအထားမျိုး ကိုလည်း ထည့်တွက်ပြီးစဉ်းစားဖို့ လိုအပ်တယ်။ ရာဇဝတ်မှုကျူးလွန်တာက ပြည်သူလူထုတွေ မဟုတ်ဘူး၊ လူတစု တဖွဲ့က ကျူးလွန်တာ ဖြစ်တယ်။ အဲဒီလူတစုတဖွဲ့ကို နှိမ်နင်းဖို့အတွက်က လူထုတွေမှာ ခံစားနေရတဲ့ အနေအထား ကတော့ မဖြစ်သင့်တဲ့ အခြေအနေမျိုးလို့ ဆိုရမယ်။
နန့်မေသင်ဇာ
Gender-Based Violence Coordination Group

ကျားဖြန့်ကို ခွဲပြီးတော့ ကြည့်ရင်တော့ ပိုကောင်းမယ် Online Scammer ကို ကျားဖြန့်လို့ ပြောတာဆို တော့ Online Scammer က ကရင်ပြည်နယ်နဲ့ အများကြီးတော့ မသက်ဆိုင်ဘူး။ Online Scammer သည် မြဝတီမှာ အခြေစိုက်မှ မဟုတ်ဘူး ကြိုက်တဲ့နေရာ ကြိုက်တဲ့ပုံစံနဲ့ လုပ်လို့ရတယ်။ အဓိက ကရင်လက်နက်ကိုင် အစုအဖွဲ့တွေ ထားပါတော့ BGF ပေါ့။ BGF သည် ဒီကျားဖြန့်ရဲ့ အဓိက Main Player မဟုတ်ဘူးလို့ ကျမမြင်တယ်။ ကျားဖြန့်ကို အဓိက အုပ်စိုး တဲ့သူတွေက နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေက လုပ်တာဆိုတော့ ကရင်ပြည်နယ်မှာ ကာစီနိုရုံတွေရှိတာက လွန်ခဲ့တဲ့ နှစ်အကြာကြီးကတည်းက ရှိနေခဲ့ကြတာ။ အဲဒီယန္တရားတခုလုံးကို ဒီဘက်က အဖွဲ့ အစည်းတွေက လည်ပတ်နေတာပါ ဆိုတာမျိုး ကျမ မမြင်ဘူး၊ အဲဒီယန္တရားကို လည်ပတ်နေတာက သပ်သပ် ဖြစ်တယ်။
ဒါပေမယ့် ကရင်ပြည်နယ်မှာ အဆာက်အဦတွေ လူတွေရှိနေတဲ့အတွက် ကရင်ပြည်နယ်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အဲဒီအဆောက်အဦးတွေ ခိုင်မာဖို့ လုံခြုံရေးအဆင့်ပဲ ရှိတာ။ အဲဒီအဆင့် ထက်မပိုဘူး။ ကျားဖြန့်က ကရင်ပြည်နယ်မှာ ရှိနေပြီးတော့ ဒီလိမ်လည်မှုတွေဟာ ကရင်ပြည်နယ်က ဖြစ်နေပါတယ်လို့ ခေါင်းစဉ်ကို ဘယ်လိုမှ တပ်လို့မရဘူး။ ဒီကျားဖြန့်နှိမ်နင်းရေးမှာ အဓိက ထိခိုက်နေတာကတော့ အခြေခံလူတန်းစားပဲ။ သူတို့ အာဏာပိုင်တွေ တလွဲလုပ်တိုင်း လုပ်တိုင်း အဓိက ပြဿနာအကျိုးဆက်ကို ခံစားရမှာက အခြေခံလူတန်းစားပဲ။ အများကြီး ထိခိုက်နိုင် တယ်။
စောအဲလ်ဘတ်ချို
ကရင့်အရေး တက်ကြွလှုပ်ရှားသူ

ဘယ်လောက်ထိ ပုံရိပ်ထိခိုက်လဲဆိုရင် ကရင်တွေက လက်နက်ကိုင်ပြီးတော့မှ ကိုယ့်ကရင်လွတ်မြောက်ရေးအတွက် လုပ်နေတာ မဟုတ်တော့ဘဲနဲ့ အကျိုးစီးပွားအဲဒီလိုမျိုးဖြစ်သွားတော့ တော်လှန်ရေး ပန်းတိုင်ကိုလည်း မရောက်ဘူး။ နောက်တခုက ကရင်လူထုတွေရဲ့ တော်လှန်ရေးပေါ် အမြင်တွေ ပိုပြီး ရှုပ်ထွေးစေပါတယ်။ အခု ဆိုရင် ကရင်တွေက တော်လှန်ရေးမှာ သက်တမ်းအရှည်ဆုံးဆိုပေမယ့် ဘာကြောင့် ကရင်တွေက အခုထိပန်းတိုင် မရောက်သေးသလဲ ဆိုတော့ ဒီပုံရိပ်တွေကြောင့်ပေါ့။ ကရင်အချင်းချင်းတောင်မှ မယုံတော့တဲ့ အဆင့်ပြန် ဖြစ်သွားတယ်။ တခြားလူမျိုးစု တွေတော့ ပြောမနေတော့ဘူးပေါ့။ အဲဒီလောက်ထိကို ဖြစ်သွားတဲ့ အခြေအနေတွေပေါ့။
DKBA တို့ BGF တို့က တော်လှန်ရေးလုပ်နေတဲ့အဖွဲ့အစည်းတွေ မဟုတ်တော့ဘဲ ကိုယ်ကျိုးရှာတော့ ကရင်လူထု တွေအနေနဲ့ တော်လှန်ရေးမှာပါဝင်ဖို့ အရမ်းကို စိတ်ဆန္ဒတွေ မပြင်းပြတော့ဘူး။ နောက်တခုက နိုင်ငံတကာ အမြင် ဆိုရင်တော့ ဒီလူမျိုးဟာ ယုံကြည်ရတဲ့လူမျိုး ထိုက်တန်တဲ့လူမျိုးတခုလို မြင်တဲ့အမြင်တွေပြောင်းသွားနိုင်တယ်။ တော်လှန်ရေးလုပ်တဲ့အခါမှာဆိုရင် ကိုယ့်ကိုတခြားက ယုံကြည်မှလျှင် ကိုယ်လုပ်တဲ့အလုပ်က အောင်မြင်မှာလေ။ အခုက ဒီကျားဖြန့်ကိစ္စကြောင့် အယုံကြည်မဲ့သွားတာမျိုး ဖြစ်သွားစေတယ်။
အခုလို ကျားဖြန့်နှိမ်နင်ရေးတွေ ပေါ်လာတာလည်း ကောင်းပါတယ်။ ပျက်သွားတဲ့ ကရင့်ပုံရိပ်ကိုလည်း ရှင်းရှင်းလင်း လင်း ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ကရင်ပြည်နယ်မှာ ဒီလို ကျားဖြန့်လုပ်ငန်းရှိတာမျိုး ကျနော်တို့ မလိုချင်ဘူး။ ကရင်လူမျိုးရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ အဓိက လုပ်တာကတော့ တရုတ်တွေလို့ပဲ ကျနော်တို့ သိတယ်။ ဒါပေမယ့် ကရင်နယ်မြေ ကရင်ဒေသဖြစ်နေတော့ ကရင်အတွက် ပုံရိပ် အများကြီး ထိခိုက်တယ်။ အဲဒီအပေါ်မှာ ထိုင်းရော တရုတ် ရော၊ ကေအဲန်ယူရော ကိုင်တွယ်ဖြေရှင်းရင်ကောင်းမယ်လို့ မြင်တယ်။
ဒီဟာကြီး လူထုကိုလည်း တော်တော်လေး စိတ်ဒုက္ခပေးတယ်။ ချွေးနည်းစာနဲ့ ရှာတဲ့ငွေတွေလည်း အလိမ်ခံရတာ ဆို တော့လေ ဒီလိုအခင်းအကျင်းလည်း မဖြစ်စေချင်ဘူး။ နောက်တခုက မြဝတီလိုမျိုး နေရာကျတော့ ဘယ်လိုပြောမလဲ ကရင်တွေ သူတို့ ထုံးတန်းအစဉ်အလာနဲ့ နေထိုင်တဲ့ပုံစံကို လုံးဝရိုက်ချိုးပစ်တာပေါ့။ ဥပမာ မကောင်းတဲ့ဟာတွေကို အရမ်းလုပ်တယ် လူကုန်ကူးတာတို့ ပြည့်တန်ဆာလုပ်ငန်းတို့ပေါ့။ ကျနော်ထင်တာကတော့ အခုလိုမျိုး ကိုင်တွယ် ဖြေရှင်းလာတာ ကောင်းတယ်လို့ မြင်တယ်။
You may also like these stories:
BGF ရတက်ပွေမယ့် ကျားဖြန့်ဖမ်းပွဲ
ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူနှင့် မြဝတီတောင်ပိုင်းသို့ ရွှေ့လာ
ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ
“ကျောက်ခက်မှာလည်း ကျားဖြန့် နှိမ်နင်းမယ်”














