နိုင်ငံသား မှန်မမှန် သေချာစိစစ်ပြီးမှ ပြန်ခေါ်မည်ဆိုသည့် တရုတ်ပြည်သူ့ လုံခြုံရေးဌာန ဒုဝန်ကြီး၏ သဘောထားကြောင့် လုပ်ငန်းစဉ်များ ကြန့်ကြာနိုင်သဖြင့် ကျားဖြန့်လုပ်ငန်းခွင်များ ဆက်လက် စစ်ဆေးဖော် ထုတ်မှုကို ဆိုင်းငံထားရကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကဆို သည်။
ယမန်နေ့က ထိုင်း- တရုတ်နှင့် မြန်မာစစ်ကောင်စီကိုယ်စားလှယ်တို့ မဲဆောက်မြို့၌ တွေ့ဆုံကာ ပြည်ပနိုင်ငံသားများ အမြန်ဆုံးလွှဲပြောင်းနိုင်ရန် မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ တို့အကြား လွှဲပြောင်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး၊ Task Force ဖွဲ့စည်းပြီး Action Plan ရေးဆွဲကာ ဆောင်ရွက်မည့် အစီအစဉ်၊ တတိယနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တဆင့် အမြန်ဆုံးလွှဲပြောင်းရန် ညှိနှိုင်းဆွေးနွေးကြောင်း စစ်ကောင်စီ သတင်းစာက ဆိုသည်။
လက်ရှိ ရွှေကုက္ကို ကျားဖြန့်ခွင်မှ နေရပ်ပြန်ပို့မည့် နိုင်ငံခြားသား ၂၀၀၀ ခန့်ကို ခေါ်ထုတ်ထားပြီး ထိုင်းနိုင်ငံနှင့် ကြိုတင် ညှိနှိုင်းမှုအရ တကြိမ်လျှင် ဦးရေ ၅၀၀ ထိ လွှဲပြောင်းပို့ဆောင်ရန် စီစဉ်ထားသော်လည်း ကြန့်ကြာမှုများရှိနေသဖြင့် တလအတွင်း ကျားဖြန့်အပြတ်ရှင်းလင်းမည့် မူလရည်မှန်းချက်အစား အချိန်ပိုယူရမည့် အခြေအနေရှိနေသည်ဟု သိရသည်။
ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က “ထိုင်းဗီဇာနဲ့လာတဲ့သူတွေကို ထိုင်းနိုင်ငံဘက်က ပြန်ပြီးသွားခိုင်းမယ် အခု ကယ်ဆယ် ထားတဲ့အထဲမှာ ထိုင်းနိုင်ငံမှာ သံရုံးမရှိတဲ့သူတွေ ပါသလို ကျနော်နိုင်ငံမှာလည်း သူတို့သံရုံးမရှိဘူး၊ ဒါကြောင့်ဘယ်လို ပုံမျိုးနဲ့ ဘယ်လိုရောက်လာလဲဆိုတာ စစ်မေးမြန်းနေတုန်းပဲ၊ ခက်တာက အဲဒီနိုင်ငံသားက အင်္ဂလိပ်စာလည်း မတတ်သလို သူတို့မိခင်ဘာသာစကားနဲ့ ပတ်သက်လို့ ဒီဘက်မှာ ဘာသာပြန်မရှိဘူး၊ ဒီလိုအခက်အခဲတွေရှိတယ်” ဟု ပြောသည်။

ထို့အတွက် စစ်ဆေးခေါ်ထုတ်ထားသည့် ထောင်ချီသော နိုင်ငံခြားသားများအား ကျန်းမာရေးနှင့်အညီထားရန် နေရာ အခက်အခဲများလည်း ရှိနေကြောင်း သူကဆိုသည်။
BGFတို့ အနေဖြင့် ရွှေကုက္ကို၌ ကျားဖြန့်နှိမ်နင်းရေးကို စံပြလုပ်ဆောင်နေပြီး နောက်ထပ် မြဝတီမြို့ ဧရိယာနှင့် မယ်ထော် သလေးဒေသ (KK Park)တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဖိအားပေးခံရသည့် BGF သည် ကျားဖြန့်နှင့် လူမှောင်ခိုပပျောက်မှုနှိမ်နင်းရေး အထူးအဖွဲ့ ဆိုကာ ဖွဲ့စည်းပြီး Plan A ၊ Plan B ၊ Plan C ချမှတ်၍ ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ရွှေကုက္ကိုရှိ လုပ်ငန်းခွင်များ၊ ကုမ္ပဏီများကို အင်အားအများအပြားဖြင့် ပိတ်ဆို့စစ်ဆေးနေကြောင်း လူကုန်ကူးခံရသူများ၊ အိမ်ပြန်ချင်သူများအား အဓိက ကယ်ထုတ် နေပြီး နောက်တဆင့်တွင် လုပ်ငန်းနှင့် ဆက်စပ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီအချိန်ကျရင် ပြည်တွင်း ပြည်ပမီဒီယာတွေခေါ်ပြီး ပွင့်လင်းမြင်သာစွာ ချပြပေးသွားမယ်။ အရေးကြီးတဲ့ ခေါင်းဆောင် တချို့ကို လုံခြုံရေးအရ ထိန်းသိမ်းထားတာလည်း ရှိတယ်။ အဲဒီနေ့ကျရင် ထုတ်ပြသွားမှာဖြစ်ပါတယ်” ဟုဆက်ပြောသည်။
BGF တို့က စစ်ဆေးပြီးသည့်နေရာများနှင့် မစစ်ဆေးရသေးသောနေရာများ အဝင်အထွက်ကို လုံခြုံရေးတင်းကျပ်စောင့် ကြည့်ကာ လုပ်ငန်းများကိုလည်း ရပ်ဆိုင်းခိုင်းထားသည် ဆိုသော်လည်း တရုတ်ကျားဖြန့်ဂိုဏ်းတချို့ကမူ ရသည့်နည်းဖြင့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြသည်ဟု သိရသည်။
လူ ၁၆၀ခန့် လုပ်ကိုင်နေသည့် ရွှေကုက္ကိုကျားဖြန့်ခွင်မှ အမျိုးသမီးတဦးက “အလုပ်က လုပ်နေတာပဲ။ ညီမတို့ပြောင်းမယ့် ၁၀၀ လောက်ကလွဲပြီး ကျန် ၄၀ ကတော့ အလုပ်တက်ရတယ် ။ ညီမတို့ကို အားချင်းပြောင်းရမယ်ဆိုပြီး သူဌေးက မနေ့က လာပြောလို့ သွားတော့ ဂိတ်က ရဲဘော်တွေက ပေးမသွားတော့ဘူး။ ဂိတ်ကအသေပိတ်ထားတာ၊ အပြင်ကလူတွေနဲ့လည်း ပေး မတွေ့ဘူး” ဟု ပြောသည်။

BGF များ စစ်ဆေးနေသည့်အတွက် ကျားဖြန့်ဂိုဏ်းများအနေဖြင့် တခြားနေရာများသို့ အလုပ်သမားများကို ပြောင်းရွှေ့ရန် ကြိုးစားနေခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၄ ရက်က BGF တို့ စစ်ဆေးသွားသည့် ကုမ္ပဏီတခုမှ မြန်မာနိုင်ငံသားတဦးကလည်း “စစ်ဆေးပြီးသား တော် တော်များများတော့ ရပ်ထားတယ် ။ တချို့လည်း ဆက်လုပ်နေကြတာ ရှိပါတယ်။ ချက်ချင်းတော့ မရပ်သေးဘူး၊ တချို့ဆို ကုမ္ပဏီဝန်းထဲတောင် ဝင်လို့မရဘူး၊ စစ်တဲ့နေ့က ကျနော်အလုပ်လာတယ်၊ နောက်ရက်မနက် ခဏအပြင်ထွက်သွားတာ အထဲကိုပြန်ဝင်လို့ကို မရတော့ဘူး”ဟု ပြောသည်။
အလားတူ မြဝတီမြို့ တောင်ဘက် သောင်ရင်းမြစ်ကမ်းတလျှောက် စည်ရိုးအမြင့်ခတ်ထားသည့် ခြံဝန်းကျယ်ကြီးများ အတွင်း လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းများ ရှိသလို သောင်ရင်းမြစ်ကို အခြေပြုထားသည့် အိုမီဂါကွေ့ဟု တချိန်ကခေါ် သည့် နေရာတွင်တည်ဆောက်ထားသည့် KK Park တို့တွင်လည်း လူအင်အားထောင်ချီသည့် ကျားဖြန့်ဂိုဏ်းအများအပြား ကျန်နေသေးသည်။
မြဝတီမြို့ခံတဦးကမူ “ထိုင်းက ပိတ်ဆို့ထားတဲ့အတွက် အရင်ဆုံးမြို့က အခြေခံလူတန်းစားတွေ ထိခိုက်နစ်နာ တာပေါ့၊ သူတို့ ပိတ်ဆို့ထားပေမယ့် ဆီမှောင်ခိုဈေးတွေ အဆမတန်တက်တာကြည့်ရင် ဒီကျားဖြန့်တွေက ဆက်လုပ်နေတယ်ဆိုတာ သိသာပါတယ်” ဟု ပြောသည်။
ကျားဖြန့်လုပ်ငန်းများ၌ နိုင်ငံခြားသားများ အများစုမှာ လုပ်ခလစာ အပြည့်အဝ မရခြင်း ၊ လုံးဝမရရှိခြင်းများနှင့် ညှဉ်းပန်း နှိပ်စက်မှုများ ခံနေကြရသော်လည်း မြန်မာနိုင်ငံသားများမှာ လုပ်ခလစာ အပြည့်ရကြသည့်အပြင် အခြေခံလစာကို ဘတ် ၁၅၀၀၀ မှစ၍ တလလျှင် ဘတ် ၃၀၀၀၀ လောက်ထိ အဆင့်ဆင့်ရရှိနေကြသောကြောင့် CDM တချို့ ၊ စစ်မှုထမ်း ရှောင်လာသူတချို့နှင့် ပြည်ပနိုင်ငံများသို့ သွားရောက်မလုပ်ကိုင်နိုင်သူ တချို့တို့က ကျားဖြန့်လုပ်ငန်းများ၌ ဝင်ရောက် လုပ်ကိုင်နေကြကြောင်းလည်း သိရသည်။
You may also like these stories:
ညှဉ်းပန်းနှိပ်စက်သည့် ကျားဖြန့်ဂိုဏ်းသား တရုတ်များ တရားခံအဖြစ် လွှဲမည်
ကျားဖြန့်ပပျောက်အောင် လုပ်မည်ဆိုသော်လည်း လုပ်ငန်းများ ဆက်လည်ပတ်နေ
ကျားဖြန့်က ကရင်လူမျိုးရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်














