တရုတ်တရားရုံးက မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်လိမ်လည်မှု ဂိုဏ်းအဖွဲ့ဝင် ၂၃ ဦးကို ရာဇဝတ်မှုအမျိုးမျိုးဖြင့် စတင်စီရင်နေပြီဖြစ်ကြောင်း သိရသည်။
ထိုထဲမှ မြီမိသားစုဂိုဏ်းနှင့် သက်ဆိုင်သူများအား ဖုန်းခေါ်လိမ်လည်မှု၊ လူသတ်မှု၊ ရည်ရွယ်ချက်ဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်မှု၊ မတရားချုပ်နှောင်မှု၊ ခြိမ်းခြောက်ညှင်းပန်းမှု၊ လောင်းကစားကျင်းပမှု၊ လိင်လုပ်ငန်းစီစဉ်မှုနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု အပါအဝင် ရာဇဝတ်မှု ၁၁ မျိုးဖြင့် စွဲချက်တင်ခံထားရကြောင်း ဘေဂျင်းမှ လာသော သတင်းများအရ သိရသည်။
တရုတ်နိုင်ငံအရှေ့ပိုင်း ကျော့ကျန်းပြည်နယ် ဝမ်ကျိုးမြို့ရှိ အစိုးရရှေ့နေများက မြီမိသားစုသည် “သူတို့၏ ဩဇာနှင့် လက်နက်ကိုင်အဖွဲ့များကို အသုံးချကာ စက်မှုဇုန် ခြံဝင်းများ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ ငွေကြေးပံ့ပိုးသူများနှင့် ပူးပေါင်း၍ ရာဇဝတ်မှုများ ပြုလုပ်ခဲ့ကြောင်း” အထောက်အထားများ တင်ပြခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများကြောင့် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘီလျံဂဏန်းရှိ ငွေပမာဏများ ဆုံးရှုံးခဲ့ကြောင်းလည်း ဖော်ပြသည်။
ဂိုဏ်း၏ လုပ်ငန်းဆောင်ရွက်မှုများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်သည့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် အခြေချခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စင်ပြိုင်ကိုးကန့် လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခံရအပြီး မြန်မာစစ်ကောင်စီက ဖမ်းဆီးကာ တရုတ်လက်သို့ လွှဲပြောင်းခံခဲ့ရသည်။
မြီရာဇဝတ်ဂိုဏ်းကို မြီရှောက်ချန်း (ခ) မြင်ရှော်ချန်း (Ming Xuechang) ဦးဆောင်ခဲ့သည်။ မြီရှောက်ချန်း မှာ တရုတ်-မြန်မာလူမျိုးဖြစ်ပြီး မြန်မာနိုင်ငံ ကိုးကန့်အုပ်ချုပ်ရေးကော်မတီ ဦးစီးအဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်သည်။ ထိုသူသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ရဲများက ဖမ်းဆီးချုပ်နှောင်ရာမှ ကိုယ်တိုင်သတ်သေခဲ့သည်။

ဝမ်ကျိုး တရားရုံးက မြီမိသားစုနှင့်ပတ်သက်သည့်အမှုကို သောကြာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ကြားနာပြီးနောက် ဆုံးဖြတ်ချက်ကို နောက်ထပ် ကြေညာမည်ဟု ပြောကြားခဲ့သည်။
ကိုးကန့်၏ အချမ်းသာဆုံးနှင့် သြဇာအကြီးဆုံး မိသားစုကြီး လေးစုဖြစ်သော ပယ်၊ လျို၊ ဝေနှင့် မြီ မိသားစု ဦးဆောင်သူ အားလုံး အခုချိန်တွင် တရုတ်အချုပ်ထဲတွင် ရောက်နေပြီဖြစ်သည်။ ၎င်းတို့သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး လောက်ကိုင် မကျမီက ဝန်ထမ်း ၁၀၀,၀၀၀ ခန့်ဖြင့် ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး တနှစ်ကို ယွမ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ) အထိ ဝင်ငွေရခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တဲရင်က ဇန်နဝါရီလ အစောပိုင်းက ပြောဖူးသည်။
ယခုကဲ့သို့ ဖမ်းထားသော ကိုးကန့်ကျားဖြန့်ဂိုဏ်းဝင်များကို တရုတ်က တရားရုံးတင်ခြင်းသည် ထိုင်း-မြန်မာနယ်စပ် ကရင်နယ်ခြားစောင့်တပ်နှင့် အခြား ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ မြဝတီမြို့နယ်တွင်းရှိ ကျားဖြန့်ဂိုဏ်းများကို ထိုင်းနိုင်ငံနှင့် ပူးတွဲနှိမ်နင်းနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ မြန်မာနယ်စပ် နေရာ ၅ ခုအား ထိုင်းအစိုးရက လျှပ်စစ်မီး၊ လောင်စာနှင့် အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်မှုကို တရုတ်နိုင်ငံက ဆက်လက် ဖြတ်တောက်ထားရန် တိုက်တွန်းကြောင်း ထိုင်းသတင်းဌာန Thai PBS က ဖော်ပြသည်။
You may also like these stories:
မြန်မာနယ်စပ် ပိတ်ဆို့မှုများ ဆက်ထိန်းထားရန် ထိုင်းကို တရုတ် တိုက်တွန်း
ကျားဖြန့်က ကရင်လူမျိုးရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်
ထိုင်းနဲ့ တရုတ်ဖိအားကြားက မြဝတီ ကျားဖြန့်လုပ်ငန်း
ကရင့်တော်လှန်ရေးသမားမှ ရာဇဝတ်ဂိုဏ်းချုပ်ဖြစ်လာသော စောချစ်သူ
ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)














