ထိုင်း- မြန်မာကုန်သွယ်ရေးတွင် လက်ရှိသုံးနေသည့် ဒေါနတောင်လမ်းဟောင်းနှင့် ကော့ကရိတ်မြောက်ပိုင်းကို စစ်တပ်က ထိန်းချုပ်ရန်ကြိုးစားလာရာ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ ၄ ခုမှ ပူးပေါင်းစစ်ကြောင်းများက ဟန့်တား တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး လမ်းအချို့ ယာယီပိတ်ထားကြောင်း သိရသည်။
တိုက်ပွဲများမှာ ကော့ကရိတ်မြောက်ပိုင်း ထီးဖိုးစံရွာတဝိုက်တွင် အပြင်းအထန်ဖြစ်နေပြီး ကော့ကရိတ်၊ ကျုံဒိုးရှိ တပ်ရင်းများ၊ ကရင်နယ်ခြားစောင့်တပ်(BGF )၊ ဗိုလ်ဘိဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် မူလ DKBA တပ်များပါဝင်သည့် စစ်တပ် စစ်ကြောင်း ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ အမှတ် ၁၊ ၃၊ ၇ တို့မှ တပ်များ၊ ကော့ကရိတ်နယ် အခြေစိုက် ဗိုလ်ကျော်သက် ဦးဆောင်သည့် ဗျူဟာ ၃၁မှ တပ်များက ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆို သည်။
ထို့အတွက် အာရှလမ်းသစ်နှင့် လမ်းဟောင်းလမ်းပိုင်းတချို့ကိုပင် စစ်တပ်က ဖြတ်သန်းခွင့်လုံးဝ မပြု တော့ကြောင်း မြဝတီမြို့ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူက ပြောသည်။
၎င်းက “ကျနော် အရေးပေါ်လမ်းကြောင်းရှိလို့ သွားပြောတာ အာရှလမ်းရော၊ လမ်းဟောင်းရော ပေးမသွားဘူး။ ကျနော်တို့က ထိုးကော်ကိုးလမ်းကနေသွားပြီးတော့မှ ထီလုံဘက်ကို ပြန်သွားရတယ်။ ထီးဖိုးစံ လမ်းဘက်က တိုက်ပွဲ တောက်လျောက် ဖြစ်နေတော့ ကျုံဒိုးဘက်ကို သွားမရတော့ဘူး။ ထီးဖိုးစံတို့ မြပတိုင်တို့ဘက်က အခြေအနေကောင်းမှ ကျုံဒိုးဘက် သွားလို့ရတယ်” ဟု ပြောသည်။
KNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် ဧပြီလက သိမ်းယူခဲ့သည့် သင်္ဃန်းညီနောင်ဗျူဟာနှင့် တပ်ရင်းများကို စစ်တပ်က ယခုနှစ်စက်တင်ဘာတွင် ပြန်ရယူကာ အာရှလမ်းမကြီး၏ ကော့ကရိတ်- မြဝတီ လမ်းပိုင်းကို ပြန်ထိန်းချုပ်ခဲ့သည်။
သို့သော် ကော့ကရိတ်- ကျုံဒိုး ကြားရှိ ကော့ကရိတ်တောင်ဘက် နှင့် မြောက်ဘက်တို့ရှိ အာရှလမ်းဘေးအနီးကျေးရွာများ ၊ ကော့ကရိတ်-မြဝတီ ဒေါနတောင်ပေါ် လမ်းဟောင်းတို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေး၍ ယင်းကျေးရွာများနှင့် လမ်းပိုင်းတို့ကို စိုးမိုးထိန်းချုပ်နိုင်ရန် အောက်တိုဘာလကတည်းကြိုးစားနေပြီး ကော့ကရိတ်မြောက်ပိုင်း ဒေါနတောင်လမ်း ဟောင်းဘက်သွားသည့် လမ်းတလျောက် ကျေးရွာများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ကော့ကရိတ်ဒေသခံတဦးက “လက်နက်ကြီးသံတွေက နေ့တိုင်းကြားနေရတယ်၊ စစ်တပ်က တပ်သားသစ်တွေ လမ်း မကျွမ်းလို့ အထိနာပြီး တပ်တချို့ပြန်ဆုတ်ရတာရှိတယ်လို့ သိရတယ် ။ ဒါပေမယ့် DKBA က ဗိုလ်ဘိရဲ့ စစ်ကြောင်းရော၊ BGF က ဗိုလ်မြတ်ခိုင်ဦးဆောင်တဲ့ စစ်ကြောင်းတွေပါ ပါနေတော့ တချို့စစ်ကြောင်းတွေက ဆက်ထိုးနေတယ်” ဟု ပြောသည်။
ထိုသို့ ကော့ကရိတ်မြောက်ပိုင်း၌ တိုက်ပွဲများပြင်းထန်နေသော်လည်း နိုဝင်ဘာ ၁၀ ရက်တွင် အာရှလမ်းမကြီး ပြန်ဖွင့်မည် ဟု ထပ်မံသတင်းထွက်ပေါ်နေကြောင်း ကားသမားများနှင့် ဒေသခံများက ပြောသည်။
စစ်ကော်မရှင်အနေဖြင့် ဒေါနတောင်ပေါ်လမ်းဟောင်းအပါအဝင် ကျုံးဒိုးနှင့် ကော့ကရိတ်ကြားရှိ ကော့ကရိတ် မြောက်ပိုင်း ကျေးရွာများကို အပြည့်အဝထိန်းချုပ်နိုင်မှသာ အာရှလမ်းမကြီးကို လုံခြုံစိတ်ချစွာ ဖွင့်နိုင်မည်ဖြစ်ကြောင်း ကော့ကရိတ် မြို့ခံများက ပြောသည်။
စစ်ရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဗျူဟာအရ အရေးကြီးသော အာရှလမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်ရန် စစ်ကော်မရှင်နှင့် ထိုင်းအစိုးရတို့က လိုလားလျက်ရှိသလို ဒေသခံများနှင့် ကုန်သည်များကလည်း မျှော်လင့်နေကြသည်။
You may also like these stories:
လာမည့်ရက်ပိုင်း အာရှလမ်း ပြန်ဖွင့်မည်ဟုဆို
မြဝတီ အာရှလမ်းမကြီး စစ်တပ် ပြန်ထိန်းချုပ်
အာရှလမ်းစိုးမိုးရေး အင်အားသုံး စစ်ဆင်ရန် ပြင်
အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်
အာရှလမ်းနေရာတချို့ သိမ်းပြီး ပြန်ဖွင့်နိုင်ရေး လုပ်မည်ဟုဆို














