အိန္ဒိယလေတပ်က ရုရှားလုပ် ဆူခွိုင်းအမျိုးအစား Su-30 တိုက်လေယာဉ်များကို ကိုင်တွယ် မောင်းနှင်မည့် ဗီယက်နမ်လေသူရဲများကို လေ့ကျင့်ပေးဖို့ သဘောတူညီလိုက်ကြောင်းThe Hindu Daily သတင်းကဆိုပါတယ်။
ဗီယက်နမ်လေသူရဲများကို အိန္ဒိယနိုင်ငံမှာ ခေါ်ယူလေ့ကျင့်ပေးမှာဖြစ်ပြီး၊ အဲဒီအတွက် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မန်နိုဟာ ပါရီကာနဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ငုယင် ဇွန်လိတို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
“သူတို့ရဲ့ လေယာဉ်မှူးတွေကို ဒီမှာခေါ်ပြီးလေ့ကျင့်မယ်၊ အဲဒီအတွက်အရေအတွက် ဘယ်လောက် ခေါ်မယ်၊ ဘယ်လောက်အတိုင်းအတာလုပ်မယ်ဆိုတာကို ၂ဖက်တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်” လို့ အိန္ဒိယစစ်ဘက်ဆိုင်ရာပြောဆိုချက်ကို ကိုးကားပြီး အိန္ဒိယသတင်းစာကရေးပါတယ်။
အိန္ဒိယနဲ့ ဗီယက်နမ်ဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ၂၀၁၄ ခုနှစ်ကလည်း ဗီယက်နမ်ရေတပ်သားများကို ရုရှားလုပ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီး ခေါ်ယူ သင်တန်းပေးခဲ့တာတွေရှိခဲ့ပါတယ်။
ဗီယက်နမ်အနေနဲ့လည်း အိန္ဒိယဆီကနေ ဆူခွိုင်းအမျိုးအစား Su-30s အမျိုးအစားများ ထိန်းသိမ်း ရေးနဲ့ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကို သင်ယူဖို့ လိုလားနေတယ်လို့ သိပါတယ်။
အိန္ဒိယဟာ ရုရှားဆီကနေ လိုင်စင်ရယူပြီး ဆူခွိုင်းအမျိုးအစား တိုက်လေယာဉ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်နေတာဖြစ်ပြီး၊ လတ်တလောမှာ အိန္ဒိယလေတပ်မှာ အစီးပေါင်း ၂၂၀ခန့် အသုံးပြုနေ ပါတယ်။
Su-30 တိုက်လေယာဉ်တွေဟာ အင်ဂျင်နှစ်လုံးတပ် နှစ်ယောက်စီး ဘက်စုံသုံးတိုက်လေယာဉ်တွေ ဖြစ်ပြီး၊ လေကြောင်းတိုက်ပွဲများတွင်သာမက မြေပြင်တိုက်ပွဲတွေမှာပါ အသုံးပြုနိုင်တာကြောင် ဆီးရီးယား စစ်မြေပြင်မှာ IS တွေကို တိုက်ခိုက်ဖို့ ရုရှားရဲ့ Su-30 တွေကို အများအပြားချထား တာဖြစ်ပါတယ်။
ဗီယက်နမ်လေတပ်မှာ ရုရှားလုပ် ဆူခွိုင်းအမျိုးအစား Su-30s တိုက်လေယာဉ် ၃၅စီး၊ Su- 27 ၁၀စီးကျော်နဲ့ ယာကိုလက်ဗ် အမျိုးအစား နောက်ဆုံးမျိုးဆက် Yak-130 လေ့ကျင့်ရေးလေယာဉ် ၁၄ စီးရှိပါတယ်။
ဆိုဗီယက်ခေတ်ကတည်းက ရုရှားလုပ်လေယာဉ်တွေကို အသုံးပြုလာတဲ့ဗီယက်နမ်ဟာ ပြီးခဲ့တဲ့နှစ် ကတော့ အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေကိုလည်း ဝယ်ယူဖို့ ကြည့်ရှုနေတယ်လို့ Reuters သတင်းက ဆိုပါတယ်။
ဗီယက်နမ်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဖိတ်ကြားပြီး ဆွီဒင်နိုင်ငံလုပ် Saab၊ ဥရောပနိုင်ငံ များပူး ပေါင်းပြီး Airbus အုပ်စုက ထုတ်လုပ်တဲ့ Eurofighter နဲ့ အမေရိကန်ထုတ်လေယာဉ်များကို ကြည့်ရှု့စေခဲ့ပါတယ်။
ဒေသတွင်းလက်ရှိအခြေအနေမှာလည်း ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုနဲ့ ပတ်သက် ပြီး တရုတ်နဲ့ အငြင်းပွားလျှက်ရှိပြီး၊ ပြီးခဲ့တဲ့နိုဝင်ဘာလလယ်တုန်းက အမေရိကန်အခြေစိုက် စစ်ရေး လေ့လာသူတွေက ဗီယက်နမ်ဟာ အငြင်းပွားနေတဲ့ကျွန်းတွေတဝိုက်မှာ လေယာဉ်ပြေးလမ်း တွေချဲ့နေတာ၊ လေယာဉ်ရုံတွေကိုလည်း တည်ဆောက်နေတာကို ဂြိုလ်တုမှရိုက်ထားတဲ့ ဓာတ်ပုံများ ကိုပြသခဲ့ပါတယ်။
လူဦးရေးအများဆုံး တိုင်းပြည်တွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ဟာ စီးပွားရေးအရ လျင်မြန်စွာတိုးတက် နေသလို သမိုင်းကြောင်းအရလည်း နယ်စပ်ပြဿနာနဲပတ်သက်ပြီး ပဋိပက္ခများဖြစ်ပွားခဲ့ဖူးတဲ့ နိုင်ငံများဖြစ်ပါတယ်။