ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အောင်ဗောဓိဘုရားဝင်းအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေ ၃၀၀ ကျပ် ယူသည်ဆိုကာ ကလေး ၃ ဦးအား ဂေါပက တဦးမှ ရဲလက်အပ်၍ တရားစွဲဆိုခဲ့သည့်အမှုမှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ကွင်းလုံးကျွတ်လွတ် မြောက်သွားပြီဖြစ်ကြောင်း သိရသည်။
“၁၈ ရက်မှာ ရဲစခန်းကနေပြီးတော့ ဥပဒေအကြံတောင်းတင်တယ်။ မနေ့က အကြံတောင်း ပြန်ကျပါတယ်။ ပုဒ်မ ၃၇၉ နဲ့ စပ်လျဉ်းပြီး ကလေးငယ်တွေကို စွဲချက်တင်ထားတဲ့အမှုဟာ တင်ရန်မသင့်ပါလို့ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ကလေးငယ် တွေရဲ့အမှုဟာ ဥပဒေရုံးမှာတင် ဆုံးဖြတ်သွားပြီး ကွင်းလုံးကျွတ် လွတ်မြောက်သွားပါတယ်ဆိုတဲ့အကြောင်းကို တောင်ဒဂုံ မြို့နယ် ရဲစခန်းမှူးကြီးကနေ ကျနော်တို့ကို အသိပေးအကြောင်းကြားလာတာပါ ” ဟုု အမှုအား လိုက်ပါကူညီဆောင်ရွက် ပေးနေသူ တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဧရာဝတီကို ပြောသည်။
အဆိုပါ ကလေးငယ် ၃ ဦးသည် စက်တင်ဘာ ၁၃ ရက် ညနေတွင် အောင်ဗောဓိဘုရားဝင်းအတွင်း ထားရှိသော အလှူခံပုံး အတွင်းမှ ငွေ ၃၀၀ ကျပ်ကို အမွှေးတိုင်ဖြင့် ကော်ထုတ်ယူနေသည်ကို တွေ့ရှိခဲ့သောကြောင့် ဂေါပကလူကြီးမှ ရဲလက်သို့ အပ်ခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာမိဘများကို ရဲစခန်းမှ ခေါ်ယူသတိပေးပြီး မိဘထံပြန်အပ်ခဲ့သော်လည်း ဂေါပကလူကြီးက မကျေနပ်သဖြင့် ၎င်းကိုယ်တိုင် တရားလိုပြုလုပ်ကာ ပုဒ်မ ၃၇၉(ခိုးမှု)ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ကလေး ၃ ဦးကို ပြန်လည်ခေါ်ယူကာ ရဲစခန်း တွင် ချုပ်ထားပြီးနောက် သန်လျင်လူငယ်သင်တန်းကျောင်း ပို့ဆောင်ခဲ့ရာ စာမေးပွဲဖြေဆိုရန်ရှိသဖြင့် ခွင့်ယူထားခြင်းဖြစ် သည်။
ကလေးငယ် ၃ ဦးအား ပုဒ်မ ၃၇၉ ဖြင့် မတရားစွပ်စွဲထားမှုများ ဖယ်ရှားပေးရေးနှင့် တရားစွဲဆိုခဲ့သည့် ဂေါပလူကြီး နှုတ် ထွက်ပေးရေးအတွက်ကို ရပ်ကွက်နေပြည်သူများက နှစ်ကြိမ်တိတိ ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့ကြောင်း သိရသည်။