ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော အလုပ်သမား ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က “မနေ့ညမှာတော့ သက်ဆိုင်ရာ စက်ရုံတွေက သမဂ္ဂခေါင်းဆောင်တွေ အားလုံးလွတ်လာတယ်ဆိုတာကို ကျမတို့ သိထားရတယ်။ ဘာကြောင့် ပြန်လွတ် လာတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူး။ မနေ့က ပြန်လွတ်တာကလည်း နောက်ကျတယ်ဆိုတော့ သူတို့ လွတ်မြောက်လာပြီဆိုတဲ့ အခြေအနေပဲ ရှိသေးတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း၌ စစ်ကောင်စီသည် လုပ်ခလစာတိုးပေးရန် တောင်းဆိုခဲ့သော ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့် (Hosheng) စက်ရုံနှင့် လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံတို့မှ အလုပ်သမားခေါင်းဆောင် များ အပါအဝင် အလုပ်သမား ၁၀ ဦးကို ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဇွန်လ ၁၄ ရက်မှ ၁၇ ရက်ထိ သုံးရက်အတွင်း Action Labor Rights အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၂ ဦး၊ အားပေးကူညီသူ ၁ ဦးနှင့် အထည်ချုပ်စက်ရုံ ၂ ရုံမှ အလုပ်သမား ၇ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထား သော်လည်း အလုပ်သမား ၂ ဦးကို ထပ်မံဖမ်းဆီးမှုရှိခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ အလုပ်သမားအားလုံး ပြန်လည်လွတ် မြောက်လာပြီဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။
မမိုးစန္ဒာမြင့်က “ဒီအလုပ်သမားတွေက မပြောင်းလဲတဲ့လုပ်လခစာကို ပြောင်းလဲလာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် စုပေါင်းတောင်းဆိုမှုလုပ်ပြီး အလုပ်သမားအခွင့်အရေးကို တောင်းဆိုခဲ့ခြင်းသာ ဖြစ်တယ်။ ဒါက နိုင်ငံရေးလုပ်တာ မဟုတ်ဘူး” ဟု ဆိုသည်။
H&M အပါအဝင် နိုင်ငံတကာ အဝတ်အထည်အမှတ်တံဆိပ်များက မြန်မာ့အထည်ချုပ်လုပ်ငန်းများကို အမှာအော်ဒါများ ရပ်ဆိုင်းတော့မည်ဟု ထုတ်ပြန်ကြေညာချက်များ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးထားသည့် အလုပ်သမားများအား စစ်ကောင်စီက အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးလာခြင်းလည်း ဖြစ်သည်။