ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် လျှပ်စစ်မီးနှင့်ရေ ပြတ်တောက်နေသည်မှာ ၃ လ ကျော်ရှိလာပြီဖြစ်သည့်အတွက် ဒေသခံများ နေထိုင်စားသောက်ရေး၌ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်တွင် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ ၂၇၄ က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များသည် မင်းတပ်မြို့နှင့် ကျောက်ထုမြို့ကြားရှိ လျှပ်စစ်မီးတိုင်များအား ထိမှန်သဖြင့် ယင်းအချိန်ကတည်းက မြို့ပေါ်ရပ်ကွက်များ၌ မီးပြတ်တောက်သွားခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
ယင်းပြင် မြို့ပေါ်ရေဖြန့်ဝေမှုမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းတပ်မြို့အနောက်ဘက် ၉ မိုင် စမ်းရေအိုင်နှင့် ၁၄ မိုင် စမ်းရေအိုင်တို့မှ သွယ်တန်းထားသည့် ရေပိုက်လိုင်းများ ပျက်စီးသွားသည့်အတွက် ရေဖြန့်ဝေရေးမှာလည်း ပြတ် တောက်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ခံ တဦးက ပြောသည်။
၎င်းက “လျှပ်စစ်မီးက ကျေးရွာတွေကို စစ်ကောင်စီ ရမ်းသန်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ဓာတ်အားသွယ် တန်းတဲ့ တာဝါတိုင်ကြီးတွေ ပျက်စီးသွားတယ်။ သူတို့ အင်အားနည်းတော့ သွားပြီး မပြင်ရဲဘူး။ ဒီအတိုင်းထားတယ်။ ရေက လည်း မြို့ အနောက်ဘက်ခြမ်း စမ်းရေအိုင်ကနေ သွယ်တန်းတဲ့ ပိုက်လိုင်းတွေက မိုးကြီးလို့ ပိုက်လိုင်းတွေ ပျက်စီးကုန် တယ်။ အဲဒါကိုလည်း စစ်ကောင်စီက သွားမပြင်ရဲဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လျှပ်စစ်မီးနှင့် ရေ ပြတ်တောက်နေမှုကြောင့် မင်းတပ်မြို့ခံများအနေဖြင့် လက်ရှိအချိန်တွင် ဓာတ်ဆီသုံး မီးစက်များ နှင့် ဆိုလာပြားများ ဝယ်ယူကာ မီးအသုံးပြုနေကြရသလို၊ သောက်သုံးရေကိုလည်း မြို့ပေါ် ရပ်ကွက်ရှိ ကန်ရေနှင့် မိုးရေကို အား ထားပြီး အသုံးပြုနေရကြောင်း မင်းတပ်မြို့ခံ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “မိုးရာသီဆိုတော့ အခုအချိန် စိုစွတ်နေတော့ ထမင်းချက်ဖို့ ထင်းက ရှာမရ၊ မီးသွေးဝယ်ဖို့ကလည်း မတတ်နိုင်၊ မီး သွေးဝယ်ဖို့ တတ်နိုင်သူတွေကလည်း မီးသွေးလိုသလောက် ဝယ်မရဘူး။ စစ်ကောင်စီက မီးသွေးကားတွေကို တားဆီး တာ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်။ ရဲတွေဆိုရင် မြို့ထဲမှာ သစ်ပင်ခြောက်တွေမြင်ရင် လုံခြုံရေးအပြည့်နဲ့ ခုတ်လှဲပြီး စခန်း ထဲကို သယ်ယူနေတာတွေရှိတယ်။ ရေကတော့ မိုးရွာလို့ တော်သေးတာပေါ့။ မိုးကုန်ရင်တော့ ရေမရ၊ မီးမရနဲ့ အကုန် ဒုက္ခ ရောက်မယ့် သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောအခြေအနေတွင် မင်းတပ်မြို့ပေါ်၌ လျှပ်စစ်မီးပြတ်တောက်နေသဖြင့် မီးသွေး ၁၀ ပိဿာပါ ၁ အိတ် အား ၅၀၀၀ ကျပ်မှ ယခု ၁၅၀၀၀ ကျပ်၊ ဓာတ်ဆီ ၁ လီတာလျှင် ယခင် ကျပ် ၃၅၀၀ မှ ယခု ၄၅၀၀၊ ၅၀၀၀ အထိ ဈေးတက်ကာ လျှပ်စစ်မီးမရသည့်အတွက် မြို့ခံများအနေဖြင့်လည်း မိမိတို့ လက်ကိုင်ဖုန်းများအား ၁ နာရီလျှင် ၁၀၀၀ ကျပ်ပေး၍ အား သွင်းနေရကြောင်း မြို့ခံများက ဆိုသည်။
လက်ရှိအခြေအနေတွင် မင်းတပ်မြို့ပေါ်၌ ဆိုလာ၊ ဘတ်ထရီအိုးနှင့် မီးသွေးများ ရောင်းအားကောင်းနေသော်လည်း စစ် ကောင်စီက လမ်းကြောင်းများ ပိတ်ဆို့ထားသည့် လွတ်လပ်လွတ်လပ်သယ်ယူခွင့်မရဘဲ မြို့ပေါ်သို့ ကုန်ပစ္စည်းများအား မှောင်ခိုသွင်းနေရသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ် ခံနေရကြောင်း မြို့ခံများက ပြောသည်။
မင်းတပ်မြို့ခံတဦးက “CDF တပ်ဖွဲ့က စစ်ကောင်စီထုတ်ကုန် အရက်ဘီယာတွေကို တင်သွင်းရောင်းချခွင့် ပိတ်ထားတော့ စစ်ကောင်စီကလည်း လူထုကို ဒုက္ခရောက်အောင် ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့နေတာ။ ဒါပေမယ့် သူတို့ အင်အား မရှိ တော့ အရင်လို လမ်းကြောင်းတလျှောက် စစ်ဆေးရေးဂိတ်တွေ အများကြီးတော့ မရှိတော့ဘူး။ မြို့ဝင်မြို့ ထွက်ဂိတ်တွေ လောက် ကျနေတယ်။ အခု အဲဒီဂိတ်တွေက တားဆီးတာ၊ ဖမ်းဆီးတာတွေ လုပ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်းဒေသ ကာကွယ်ရေးတပ် (CDF) ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ကာ CDF တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်တချို့ကလွဲ၍ နယ်ဘက်ကျေးရွာအားလုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီဟုဆိုကာ၊ လက်ရှိအချိန်၌ မြို့ပေါ် ရပ်ကွက်များတွင်ပါလှုပ်ရှား၍ မြို့ပေါ်၌အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာ နေရာများသို့ မကြာခဏ ဝင်ရောက် တိုက်ခိုက်လျက်ရှိသည်။
You may also like these stories:
ထန်တလန် စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်သေဆုံးမှုများ
အိန္ဒိယနယ်စပ်ရောက် ရုန်းကန်နေရသည့် အမေ့ခံ CDM ဝန်ထမ်းများ
တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်