စင်္ကာပူရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က ငွေကြေးခဝါချမှု စွပ်စွဲချက်များဖြင့် ဖော်ထုတ်ဖမ်းဆီးခဲ့သူများသည် တရားမဝင် အွန်လိုင်း လိမ်လည်မှု လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း The Straits Times သတင်းစာက စက်တင်ဘာ ၃ ရက်တွင် ဖော်ထုတ်ရေးသားခဲ့သည်။
ဩဂုတ် ၁၅ ရက်တွင် စင်္ကာပူရဲတပ်ဖွဲ့၏ တပြိုင်နက်စီးနင်းမှု၌ တရုတ်လူမျိုး ၁၀ ဦးကို ဒေါ်လာ ၁ ဘီလီယံခန့် တန်ဖိုးရှိ ငွေကြေး၊ ဇိမ်ခံကားများ၊ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ၉ ဦးသည် ကမ္ဘောဒီးယားနိုင်ငံသားကတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၎င်းတို့အနေဖြင့် ကမ္ဘောဒီးယားအခြေစိုက် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ရာဇဝတ်မှုများနှင့် ပတ်သက် နေသည့်ကုမ္ပဏီများ အပါအဝင် စုစုပေါင်း ကုမ္ပဏီတရာကျော်နှင့် ဆက်စပ်နေကြောင်းလည်း The Straits Times က ဆိုထားသည်။
ထိုသို့ ကမ္ဘောဒီးယားအခြေစိုက် အွန်လိုင်းလိမ်လည်မှု လောင်းကစားလုပ်ငန်းများအပြင် မြန်မာ၊ ဖိလစ်ပိုင် စသည့် အရှေ့ တောင်အာရှနိုင်ငံများတွင် အခြေစိုက်လှုပ်ရှားနေသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းကွန်ရက်၏ နောက်ကွယ်မှ ကြိုးကိုင် စီမံနေသည့်ခေါင်းဆောင်မှာ ကမ္ဘောဒီးယားနိုင်ငံသားကတ် ကိုင်ဆောင်ထားသူ တရုတ်လူမျိုး ရှီကျီကျန့် She Zhijiang ဖြစ်ကြောင်း The Straits Times က ဖော်ပြထားသည်။
အွန်လိုင်းလောင်းကစားလုပ်ငန်းများအပေါ် တရုတ်အစိုးရကူညီမှုဖြင့် ကမ္ဘောဒီးယားအစိုးရက ဖမ်းဆီးတိုက်ဖျက်ခဲ့ရာ ရှီကျီကျန့်သည် တရားဥပဒေစိုးမိုးမှုအားနည်းသော မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာစစ်တပ်လက်အောက်ခံ ကရင်နယ်ခြား စောင့်တပ် (BGF) ထိန်းချုပ်သည့် ရွှေကုက္ကိုလ်ဒေသတွင် အဆင့်မြင့်အိမ်ရာစီမံကိန်းတခုကို ၂၀၁၈ ခုနှစ်၌ အကောင် အထည်ဖော်ခဲ့သည်။
ရှီကျီကျန့်နှင့် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူတို့ အကျိုးအမြတ်ခွဲဝေခံစားသည့် ရွှေကုက္ကိုလ်စီမံကိန်းသည် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ရာဇဝတ်မှုများဖြင့် နာမည်ဆိုးကျော်ကြားလျက်ရှိသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၏ ဩဂုတ် ၂၉ ရက်က ထုတ်ပြန်သော အစီအရင်ခံစာတွင် ရွှေကုက္ကိုလ်စီမံကိန်း အပါ အဝင် မြန်မာနယ်စပ်တလျှောက် အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် စင်္ကာပူနိုင်ငံသားများ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယနှင့် အာဖရိကနိုင်ငံသား လူငယ်ဦးရေ ၁၂၀,၀၀၀ ခန့် အတင်းအဓမ္မစေခိုင်းခံနေရကြောင်း ဖော်ပြထားသည်။
မြန်မာ၊ ကမ္ဘောဒီးယားတို့ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ ကြိုးကိုင်ခေါင်းဆောင်ဖြစ်သူ ရှီကျီကျန့်ကို ထိုင်းရဲ တပ်ဖွဲ့က ယမန်နှစ်ဩဂုတ်လ၌ ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုခဲ့သည်။
၎င်းအား ဖမ်းဆီးနိုင်ခဲ့သော်လည်း ရွှေကုက္ကိုလ်စီမံကိန်း အပါအဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လည်ပတ်နေပြီး လူကုန်ကူးခံရမှုနှင့် လိမ်လည်မှုလုပ်ငန်းများ၌ အဓမ္မစေခိုင်းခံရမှုများလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။
လက်ရှိတွင် တရုတ်အစိုးရအနေဖြင့် အဆိုပါအွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရန် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့်လျက်ရှိရာ မြန်မာစစ်ကောင်စီကလည်း ယင်းလုပ်ငန်းများ နှင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ၂၄ ဦးအား တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။
စင်္ကာပူအစိုးရအနေဖြင့်လည်း အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ငွေကြေးခဝါချမှုများနှင့် ဆက်စပ်၍ နောက်ထပ် ၈ ဦး အား အလိုရှိစာရင်းကြေညာထားပြီး ဆက်လက်စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေကြောင်း စင်္ကာပူရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
လက်ရှိတွင် ငွေကြေးခဝါချမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသည့် ကမ္ဘောဒီးယားနိုင်ငံသားကတ်ကိုင်ဆောင်သူ ၉ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးအား ငွေကြေးခဝါချမှုအပြင် အခြားသောပုဒ်မများဖြင့်လည်း တရားစွဲထားဆိုထားပြီး စက်တင်ဘာ ၆ ရက်၌ ထပ်မံရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော
ရွှေကုက္ကိုလ်နှင့် တရုတ်မြို့သစ်စီမံကိန်းများ ထိုင်းက လျှပ်စစ်မီးဖြတ်မည်
ရွှေကုက္ကိုလ်ကို တရုတ်အစိုးရက သိမ်းဖို့ ကြိုးစားနေဟု အဖမ်းခံ တရုတ်ပိုင်ရှင် ပြော
ကိုဗစ်ကူးစက်မှု များသဖြင့် ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်းကို Lockdown ချထား