တောင်ကိုရီးယား Samsung ကုမ္ပဏီက နောက်ဆုံးပေါ် Galaxy S25 စမတ်ဖုန်းတွေကို ထုတ်ပြ မိတ်ဆက်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ Samsung Galaxy Unpacked 2025 winter event မှာ ထုတ်ပြသွားတာပါ။
အဆိုပါဖုန်းတွေမှာ Qualcomm ရဲ့ Chips တွေကို သုံးပေးထားတဲ့ အပြင် Google ရဲ့ Gemini AI ကိုလည်း ထည့်သွင်း ပေးထားကြောင်း သိရပါတယ်။
Galaxy S25 series ရဲ့ဈေးနှုန်းတွေကိုတော့ အရင်နှစ် မော်ဒယ်တွေလိုပဲ ၇၉၉ ဒေါ်လာ နဲ့ ၁,၂၉၉ ဒေါ်လာ ကြားမှာ သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။
Samsung က ပိုပြီးပါးလွှာတဲ့ Galaxy S25 Edge ကိုလည်း ပွဲအပြီးမှာ အစမ်းပြသ မိတ်ဆက်သွားခဲ့ပြီး Apple ရဲ့ ပိုပါးတဲ့ ဖုန်းတွေ မထွက်ခင် ဒီနှစ် အလယ်လောက်မှာ စတင် ရောင်းချသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း ဦးနေပြီလို့ ဆိုပါတယ်။
Default AI engine အဖြစ် Google ရဲ့ Gemini AI နဲ့ အသံ ထောက်ပံ့မှု အတွက် Samsung ရဲ့ကိုယ်ပိုင် Bixby ကို အဆင့်မြှင့်ပြီး ထည့်ပေး ထားကြောင်းလည်း သိရပါတယ်။
Gemini AI နဲ့ Bixby တို့ဟာ လိုအပ်ချက်တွေကို အပြန်အလှန် ဖြည့်ဆည်းပေးမှာ ဖြစ်ပြီး Bixby က Samsung ရဲ့ အဓိက အခန်း ကဏ္ဍမှာ ပါဝင်တယ် လို့လည်း Park Ji-sun က ပြောပါတယ်။
Galaxy S25 ဖုန်းတွေဟာ တဦးချင်းစီ အတွက် ပိုမိုကောင်းမွန်တဲ့ AI အတွေ့အကြုံကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။
ဥပမာ အနေနဲ့ Now Brief လို့ အမည်ပေးထားတဲ့ ဝန်ဆောင်မှုဟာ လုံခြံမှုရှိရှိ သိမ်းဆည်းထားတဲ့ ပုဂ္ဂိုလ်ရေး အချက် အလက် တွေကို အခြေခံပြီး အသုံးပြုသူတွေထံ အကြံပြုချက်တွေ ပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပြက္ခဒိန်၊ သတင်း၊ အခန်း အပူချိန်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ပမာဏ စတဲ့ အသုံးပြုသူ အတွက် လိုအပ်နိုင်တာ တွေကို ဖော်ပြပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Samsung ဟာ သူတို့ရဲ့ ကိုယ်ပိုင် Exynos Chips တွေအစား Qualcomm ရဲ့ Snapdragon 8 Elite chip တွေကို S25 series တခုလုံးမှာ အသုံးပြု ထားတယ်လို့ ဆိုပါတယ်။
ကိုယ်ပိုင် Exynos Chips တွေကို ဘာကြောင့် အသုံးမပြုလဲ ဆိုတာ Samsung က မဖြေကြားခဲ့ပေမယ့် နီးစပ်သူတွေရဲ့ အဆိုအရ ဒီနှစ်ထဲမှာပဲ ကြော်ငြာသွားမယ့် Foldable ဖုန်းတွေမှာ Exynos Chips တွေကို အသုံးပြုသွားဖို့ ရှိနေတယ် လို့လည်း သိရပါတယ်။
Ref : Reuters














