ပြည်ပသို့ သွားရောက်အလုပ်လုပ်မည့်သူများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှု ပိတ်ထားရာမှ မတ်လ ၂၀ ရက်မှစတင်၍ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့ပြင် အလုပ်အကိုင် နိုင်ငံကူးလက်မှတ်(Passport for Job-PJ) နှင့် OWIC ရှိသူများအနေဖြင့် ပြည်ပထွက်ခွာမည် ဆိုပါက နိုင်ငံကူးလက်မှတ်၊ OWIC၊ ခွင့်ပြန်အလုပ်သမားဖြစ်ပါက သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်၊ အလုပ်ရှင် ခွင့်ပြုစာ စသည့် အထောက်အထားများဖြင့် တင်ပြလျှောက်ထားကာ ဝန်ကြီးဌာန၏ခွင့်ပြုချက် ရယူရမည်ဟုလည်း စစ်ကောင်စီက တပါတည်း ထုတ်ပြန်သည်။
ထိုသို့ကန့်သတ်ချက်များအပြင် OWIC ကတ် ပြန်ထုတ်ပေးရာ၌လည်း စစ်မှုထမ်းအကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ထားမှုနှင့် ပတ်သက်၍မူ ရှင်းလင်းစွာမသိရပေ။
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) နှင့် နီးစပ်သူတဦးက “သူတို့ အကြောင်း ကြားထားတဲ့အတိုင်းပဲ။ ဒီကြားထဲ ကြန့်ကြာနေတာတွေအများကြီး ရှေ့ကဟာတွေ အရင်ရှင်းရမှာ။ အေဂျင်စီတွေက တော့ ပို့မယ့်စာရင်းကို ပြန်တင်ရမယ်။ အသက်ကန့်သတ်မှုကတော့ မူလအတိုင်းပဲထင်ပါတယ်။ သိပ်ပြီး ရှင်းရှင်းလင်း လင်းလည်း မသိရဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ပြည်ပထွက် အလုပ်လုပ်မည့်သူများစာရင်း စိစစ်ခြင်း၊ OWIC ကတ် ထုတ်ပေးသည့်စက်များ ပြုပြင်ခြင်း၊ စင်တာများ တနေရာထဲပေါင်းစည်းခြင်း၊ အလုပ်ရှင်/အလုပ်သမား စာချုပ် ချုပ်ဆိုသည့်နေရာများ တစုတစည်းတည်းဖြစ်ရန် ပြင်ဆင်ခြင်းတို့အတွက်ဟုဆိုကာ OWIC ကတ် ထုတ်ပေးခြင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၂၀ ရက်မှစတင်၍ အလုပ်သမားဝန်ကြီးဌာနမှ အတည်ပြုပြီးသည့် အလုပ်ခေါ်စာများကို တင်ပြထားသော ရက်စွဲအလိုက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိပြီးသူများ၊ မိမိအစီစဉ်ဖြင့်(ကျွမ်းကျင်) သွား ရောက်မည့် လုပ်သားများကို စိစစ်ပြီး OWIC ကတ် ပြန်ထုတ်ပေးမည်ဟု အသိပေးထားသည်။
ဝန်ကြီးဌာနမှစိစစ်ပြီး ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့်စာရင်းကို Safe Migration Telegram Channel ၌ မတ်လ ၁၇ ရက်မှစတင်ကာ ကြေညာသွားမည်ဖြစ်ပြီး ပြည်ပသို့ အလုပ်သွားလုပ်မည့် လုပ်သားများအနေဖြင့် OWIC ကတ် ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ် ဝယ်ယူရန်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက “အေဂျင်စီတွေကတော့ တစ်ကနေ ပြန်စပြန်လုပ်ပေါ့။ ဆုံးရှုံးတာတော့ အများကြီးပဲ။ ပက်ပက်စက်စက်ရှုံးတာ။ သိန်းကိုသောင်းနဲ့ချီပြီး ဆုံးရှုံးတာ။ အခု ထက်ပြီးတော့လည်း ထိုင်စောင့်နေ ရတာပေါ့။ ဘာဖြစ်လာမလဲ။ ဘာထွက်လာမလဲဆိုတာကိုပေါ့” ဟု ပြောသည်။
You may also like these stories:
ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ
ရုရှားသို့ လုပ်သားပို့ရန် စစ်ကောင်စီ စီစဉ်
စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်
လုပ်သား ၅ သောင်းကျော် ငွေပြန်ပို့ မပို့ အေဂျင်စီများကို စစ်မည်














