သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်မှ စီးပွားရေးဆိုးကျိုးများကို စိုးရိမ်သောကြောင့် အမေရိကန် ပြည်ထောင်စုတွင် စတော့ဈေးကွက်များ အကြီးအကျယ်ကျဆင်းသည်။ အာရှတွင် အင်္ဂါနေ့ အစောပိုင်းကတွေ့ရသည် ဆုံးရှုံးမှုများ မွန်းလွဲချိန်တွင် ပြန်လည်သက်သာလာသည်။
အလားအလာရှိသည့် စီးပွားကျဆင်းမှုအကြောင်း မေးသည့် ရုပ်သံအင်တာဗျူးတွင် ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်သည့် အမေရိကန်စီးပွားရေးသည် “အပြောင်းအလဲကာလ” သို့ ရောက်နေကြောင်း ထရမ့်ကပြောပြီးနောက် ထိုသို့ဖြစ်လာခြင်းဖြစ်သည်။ ၆ လအတွင်း စီးပွားရေးဖွံ့ဖြိုးမှု အပေါင်းလက္ခဏာ မပြလျှင် စီးပွားကျဆင်းမှုအဖြစ် သတ်မှတ်သည်။
ထိုမှတ်ချက်များကို တနင်္ဂနွေနေ့ ထုတ်လွှင့်ပြီးနောက် ထရမ့်၏ ထိပ်တန်းအရာရှိများနှင့် အကြံပေးများက ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကို နှစ်သိမ့်ရန် ကြိုးစားသည်။
“ထရမ့်ဟာ စတော့ဈေးကွက် သမ္မတဖြစ်တယ်ဆိုတဲ့ အရင်ကယူဆချက်ကို ပြန်လည်သုံးသပ်နေကြတယ်” ဟု Saxo ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ရင်းနှီးမြှုပ်နှံမှု သေနင်္ဂဗျူဟာပညာရှင် ချာရူချာနာနာက BBC သို့ ပြောသည်။
ကြာသပတေးနေ့က ရိုက်ကူးပြီး ရက်သတ္တပတ်ကုန်က ထုတ်လွှင့်သည့် Fox News တွေ့ဆုံ မေးမြန်းခန်းတွင် ထရမ့်သည် စီးပွားရေးနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဝန်ခံသည့် သဘောဖြစ်သည်။
“ဒီလိုကိစ္စတွေကို ကျနော်ကြိုတင်မခန့်မှန်းချင်ဘူး” ဟုသူပြောသည်။ “ကျနော်တို့ လုပ်နေတဲ့ ကိစ္စက အရမ်းကြီးမားတော့ အပြောင်းအလဲကာလဆိုတာရှိတယ်။ ကျနော်တို့က အမေရိကကို ချမ်းသာကြွယ်ဝမှုတွေပြန်ယူဆောင်နေတာ။ ဒါဟာအင်မတန်ကြီးကျယ်တဲ့ ကိစ္စဖြစ်တယ်” ဟု သူပြောသည်။
အင်္ဂါနေ့ တွင် ဂျပန်၏ Nikkei ၂၂၅ သည် ၀ ဒသမ ၆၄ ရာခိုင်နှုန်းကျဆင်းပြီး တောင်ကိုရီးယား၏ Kospi သည် ၁.၂၈ ရာခိုင်နှုန်းကျဆင်းကာ ဟောင်ကောင်၏ Hang Seng က အတက်အကျမရှိ ။
အမေရိက၏ အကြီးမားဆုံး ကုမ္ပဏီများကို စောင့်ကြည့်သည့် S&P 500 သည် တနင်္လာနေ့က နယူးယောက်တွင် ၂.၇ ရာခိုင်နှုန်းကျဆင်းပြီး ဈေးကွက်ပိတ်ပြီး Dow Jones Industrial Average သည် ၂ ရာခိုင်နှုန်း ကျဆင်းသည်။
နည်းပညာလုပ်ငန်းကြီးဖြစ်သော Nasdaq သည် အထူးသဖြင့် အထိနာပြီး ၄ ရာခိုင်နှုန်းကျဆင်းသည်။
Tesla ရှယ်ယာများသည် ၁၅.၄ ရာခိုင်နှုန်းကျဆင်းပြီး ဉာဏ်ရည်တု (AI) ချစ်ပ် လုပ်ငန်းကြီး Nvidia သည် ၅ ရာခိုင်နှုန်းကျော် ကျဆင်းသည်။ Meta, Amazon နှင့် Alphabet အပါအဝင် အခြားအဓိက နည်းပညာရှယ်ယာများ အကြီးအကျယ်ကျဆင်းသည်။
“ထရမ့်က အခွန်နဲ့ပတ်သက်ပြီး ဘာဆက်လုပ်မယ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်တွေကို ဆက်ခန့်မှန်းနေစေပေမယ့် ပြဿနာက သူဟာ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း သူဘာလုပ်မယ်ဆိုတာကို ခန့်မှန်းခိုင်းနေတယ်။ ရှယ်ယာဈေးကျတာဟာ ဆိုးရွားတဲ့ ဈေးကွက်အခြေအနေကို ထင်ဟပ်တယ်” ဟု KCM Trade မှ ဈေးကွက်သုတေသနအရာရှိချုပ် တင်ဝေါတာရာ ပြောသည်။
“စီးပွားကျမယ်ဆိုတာ ပြောရတာ စောသေးပေမယ့် အဲဒီလိုဖြစ်မယ့်အလားအလာက ကုန်သည်တွေကို ခံစစ်ပြင်စေရလောက်အောင် လုံလောက်တယ်” ဟု သူပြောသည်။
တနင်္လာနေ့ အရောင်းအဝယ်ပိတ်ချိန်တွင် အိမ်ဖြူတော်အရာရှိတဦးက “စတော့ဈေးကွက်က သားရိုင်းစိတ်နဲ့ စီးပွားရေးခေါင်းဆောင်တွေဆီက အမှန်တကယ် တွေ့နေရတာတွေကြား အကြီးအကျယ် ကွဲလွဲနေတာကို ကျနော်တို့ တွေ့နေရတာ” ဟု သတင်းထောက်များကို ပြောသည်။
“တာလတ်နဲ့ တာရှည်မှာ စီးပွားရေးဘာဖြစ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စီးပွားရေးခေါင်းဆောင်တွေက ဈေးကွက်ရဲ့ အထင်အမြင်တွေထက် ပိုမို အဓိပ္ပါယ်ပြည့်ဝတယ်” ဟုလည်း ပြောသည်။
ထိုနေ့နှောင်းပိုင်းက သီးခြားပြောရာတွင် အိမ်ဖြူတော် ပြောခွင့်ရသူ ကုရှ်ဒေစီက “စီးပွားရေးခေါင်းဆောင်တွေ”က အခွန်အပါအဝင် ထရမ့်ရဲ့ အစီအစဉ်ကို ရင်းနှီးမြှုပ်နှံမှု “ထရီလီယံများစွာနဲ့ တုန့်ပြန်တယ်” ဟု ပြောသည်။
လွန်ခဲ့သောအပတ်တွင် အမေရိက အဓိကဈေးကွက်များသည် အခွန်လျှော့ပေါ့မှုနှင့် ပိုမိုပေါ့ပါးသည့် လုပ်ထုံးလုပ်နည်းများကို မျှော်လင့်ပြီး ရင်းနှီးမြှုပ်နှံသူများက ကနဦး ကြိဆိုခဲ့ကြသည့် လွန်ခဲ့သော နိုဝင်ဘာလ ထရမ့်ရွေးကောက်ပွဲ မနိုင်မီ အခြေအနေသို့ ပြန်လည်ကျဆင်းသည်။
နိုင်ငံသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို အခွန်ကောက်မည့် ထရမ့်၏ အခွန်များသည် ဈေးနှုန်းများမြင့်တက်ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေး၏ တိုးတက်မှုကို ထိခိုက်စေမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်ကြသည်။
“ထရမ့်ချမှတ်မယ့် အခွန်နှုန်းထားက ငွေကြေးဖေါင်းပွမှုကို တနေရာရာမှာ ဖြစ်စေမယ်ဆိုတာ သံသယ မရှိဘူး” ဟု Killik & Co, မှ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာ ရာချယ်ဝင်းတားက BBC Radio 4 ၏ Today အစီအစဉ်သို့ပြောသည်။
တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့သည် မူးယစ်ဆေးနှင့် ရွှေ့ပြောင်းအခြေချသူများ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း ရပ်တန့်အောင် လုံလောက်စွာ မလုပ်ဟု စွပ်စွဲပြီး သမ္မတက အခွန်အစီအစဉ်များ ချမှတ်သည်။ ထိုစွပ်စွဲချက်များကို ထို ၃ နိုင်ငံငြင်းသည်။
ရင်းနှီးမြှုပ်နှံသူများသည် လုပ်ထုံးလုပ်နည်းလျှော့ချရန်နှင့် အခွန်လျှော့မည့် ထရမ့်၏ အစီအစဉ်ကို ကနဦးတွင် အကောင်းမြင်သော်လည်း ကုန်သွယ်ရေးစစ်ပွဲ၏ အလားအလာကို လျော့တွက်သည်ဟု စီးပွားရေးပညာရှင် အယ်အာရီယန်ပြောသည်။
လွန်ခဲ့သောအပတ်က စတင်သည့် စတော့ဈေး ကျဆင်းမှုများသည် ထိုခန့်မှန်းချက်များကို ပြန်လည်ချိန်ညှိနေကြောင်း ပြသသည်ဟု သူပြောသည်။
“ဈေးကွက်က မျှော်လင့်ထားတာ လုံးဝ ပြောင်းလဲသွားတယ်” ဟု သူပြောပြီး စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများသည် စီးပွားရေးတိုးတက်မှုကို ထိခိုက်စေမည့် မရေရာမှုကြောင့် အသုံးစရိတ် စတင်ထိန်းချုပ်သည့် လက္ခဏာများကို ရင်းနှီးမြှုပ်နှံသူများ တုံ့ပြန်ခြင်းဖြစ်ကြောင်း သူပြောသည်။
သို့သော် သမ္မတထရမ့်၏ စီးပွားရေး အကြံပေးတဦးဖြစ်သူ ကီဗင်ဟက်ဆက်က ထိုသို့ ဆိုးရွားသော ခန့်မှန်းမှုများကို ဆန့်ကျင်သည်။
အမေရိကန်စီးပွားရေးအပေါ် အကောင်းမြင်ရန် အကြောင်းရင်း အများအပြားရှိပြီး ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်အပေါ် ချမှတ်သည့် အခွန်များသည် ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်များကို အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် ယူဆောင်နေပြီဖြစ်ကြောင်း CNBC နှင့် တွေ့ဆုံမေးမြန်းစဉ် ဟက်ဆက် ပြောသည်။
“စီးပွားရေး ရှေ့ဆက်ဖို့နဲ့ပတ်သက်ပြီး အရှိန်အဟုန် ကြီးထွားလာစရာ အကြောင်းရင်းအများအပြားရှိတယ်” ဟု သူပြောသည်။
ယခု ၃ လပတ်တွင် အချက်အလက် လွဲချော်မှုအချို့ ရှိနိုင်ကြောင်း သူဝန်ခံပြီး ထိုကိစ္စသည် ထရမ့်၏အခွန် ချမှတ်သည့် အချိန်ရွေးချယ်မှုနှင့် “ဘိုင်ဒင်၏ အမွေကြောင့်” ဟု သူပြောသည်။
ကိုးကား။ ။ BBC သတင်း Stocks fall in US and Asia over Trump tariffs concerns
You may also like these stories:
ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)
လက်ယာစွန်းများကို အီလွန်မတ်စ် ဝန်းရံမှုကြောင့် Tesla ကား သပိတ်မှောက်ခံနေရ
လှုပ်လှုပ်ရှားရှား ကမ္ဘာ့အခင်းအကျင်းသစ်နှင့် မြန်မာ့နိုင်ငံရေး
အီလွန်မတ်စ် ပုတ်ခတ်ပြီးနောက် အမေရိကန် တရားသူကြီးများ ခြိမ်းခြောက်ခံလာရ
ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ














