စစ်စရိတ်ထောင်းနေသည့် စစ်ကောင်စီသည် ပြည်ပသို့ တရားဝင်စေလွှတ်ထားသည့် အလုပ်သမား ၅ သောင်းကျော်မှ ပြည်တွင်းနေ မိသားစုထံငွေပြန်ပို့မှု ရှိမရှိအပေါ် ပို့ပေးသည့်အေဂျင်စီများအား ဒီဇင်ဘာ ၁၆ ရက်မှစ၍ စစ်မည်ဟု အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၂၉ ခုသည် ထိုင်း၊ မလေးရှား၊ လာအို၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် အရှေ့အလယ် ပိုင်းနိုင်ငံ တချို့သို့ ယခုနှစ် မေလမှ ဩဂုတ်အထိ ၄ လအတွင်း အလုပ်သမား ၅၆,၈၆၀ ဦး စေလွှတ်ထားပြီး ၎င်းတို့
၃ လစာ ငွေပြန်ပို့ မပို့အထောက်အထားများအား ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို ၁ ရက် ၅၀ ခုစီ ခေါ်ယူစစ်ဆေးသွားမည်ဟု သိရသည်။
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတဦးက “တရက်ကို အေဂျင်စီ ၅၀ စီ တင်ပြရမယ်။ ဒီနှစ် မေလကနေ ဩဂုတ်လအထိ ၄ လအတွင်း ပြရမှာပါ။ အခုက အလုပ်သမားအကုန်လုံး မဟုတ် ရင်တောင် ၅၀ ရာခိုင်နှုန်းအထက်နဲ့ တင်ပြနိုင်မှရမယ်။ မပြနိုင်ရင် စေလွှတ်ခွင့်ပိတ်တော့မှာ” ဟု ပြောသည်။
အဆိုပါ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြမှု စိစစ်ရေးလုပ်ငန်းစဉ်အား လာမည့် ဒီဇင်ဘာ ၁၆ ရက်မှစ၍ ဒီဇင်ဘာ ၂၇ ရက်အထိ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန ရန်ကုန်တိုင်းရုံးသို့ မပျက်မကွက် လာရောက် တင်ပြရန် အေဂျင်စီများကို ညွှန်ကြားထားသည်။
ရန်ကုန်အခြေစိုက် အေဂျင်စီတခုက “အေဂျင်စီတွေကတော့ အကျပ်ရိုက်နေတာတော့ ကြာပါပြီ။ ဒီလိုပဲ သူတို့ ဒုက္ခပေး နေတာပေါ့။ ဒီထဲမှာပဲ လုံးလည်ချာလည်နဲ့။ အလုပ်ရှိတာတောင် လူက မရှိတော့ဘူး။ ရပ်ထားရသလို ဖြစ်နေတာ။ နည်းနည်းပဲ လွှတ်လို့ရသလို ဖြစ်နေတယ်။ ၂၅ ရာခိုင်နှုန်းတွေ ပေးရမယ့်ကိစ္စနဲ့ဆိုတော့ ဘယ်သူမှ မသွားချင်ကြဘူး။ ဒီအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြတာ။ အလုပ်တွေက ဖြည်းဖြည်းချင်း သွားနေရပြီ။ အလုပ်သမားစေလွှတ်တာ တွေက ရပ်ရင်လည်းရပ်သွားနိုင်တယ်” ဟု ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများမှတဆင့် နိုင်ငံအသီးသီးသို့ သွားရောက်သည့် အလုပ်သမားများအနေဖြင့် ၎င်းတို့ လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းအား ၁ လ တကြိမ် (သို့မဟုတ်) ၃ လလျှင် တကြိမ် တရားဝင်ငွေလွှဲလမ်း ကြောင်းမှ ပေးပို့ခြင်းမရှိပါက အရေးယူသွားမည်ဟု စစ်ကောင်စီက မကြာခဏသတိပေးထုတ်ပြန်သည်။

စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေများအပေါ် ထိုသို့ ကြပ်မတ်နေသော်လည်း အလုပ်သမား အများစုမှာမူ ပြည်တွင်းသို့ ငွေပြန်လွှဲရာ၌ စစ်ကောင်စီသတ်မှတ်နှုန်းထားဖြင့် လွှဲမည်ဆိုပါက မိသားစုရရှိမည့် ငွေမှာ များစွာ လျော့နည်းသွားသဖြင့် အခြားနည်းလမ်းများဖြင့်သာ လွှဲကြကြောင်း သိရသည်။
MoU ဖြင့် ဘန်ကောက်အနီးတွင် အလုပ်လုပ်နေသူတဦးက “ကျနော်တို့ အလုပ်သမားတွေအနေနဲ့က အဆင်ပြေသလို လွှဲနေကြတာ။ ကိုယ့်ပိုက်ဆံကိုယ်လွှဲတာ သက်သာတဲ့ဆီကပဲ လွှဲမှာပေါ့။ မထွက်လာခင်ကတော့ ဘယ်လိုပြောပြော ဒီဘက်ရောက်ရင်တော့ အဆင်ပြေရာ လွှဲနေကြတာပါပဲ။ ဘဏ်က ငွေကြေးနှုန်းထားနဲ့ အပြင်နှုန်းထားတူမယ်ဆိုရင် တော့ တမျိုးပေါ့“ ဟု ပြောသည်။
ထိုသို့ မိသားစုလွှဲပို့ငွေအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ဆိုင်းငံ့ခြင်း၊ အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့ခြင်းနှင့် ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းခြင်းစသည့် အရေးယူမှုများ လုပ်ဆောင်လျက်ရှိရာ လက်ရှိ လုပ်ငန်းဆောင်ရွက်နေသော အေဂျင်စီ ၅၆၁ အနက် ၁၅၀ ခန့်ကို အရေး ယူထားပြီးဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများ မိသားစုထံ ငွေလွှဲပေးပို့ရန် ပျက်ကွက်ပါက ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှုကို ကာလ အကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) မထုတ်ပေးခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့် မပြုခြင်းတို့အပြင် လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်ခံရမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မိသားစုလွှဲပို့ငွေစာရင်းမပို့သည့် အေဂျင်စီ ၁၁၈ ခု ရှိပြီး အချိန်မီမပို့ပါက ဒဏ် ကြေးငွေနှင့်အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့်ပိတ်မည်ဖြစ်ကာ အောက်တိုဘာလအတွက်ပါ စာရင်း မပို့ပါက ဒဏ်ကြေးငွေ ၂ ဆပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် အေဂျင်စီများကို သတိပေးထားသည်။
You may also like these stories:
ပြည်ပရောက်အလုပ်သမားများ စစ်မှုထမ်းရန် အေဂျင်စီက ပြန်ခေါ်ပေးရမည်
ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ
အေဂျင်စီ ၂၆ ခု ပြည်ပလုပ်သားစေလွှတ်ခွင့် ပိတ်
MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်














