ပြည်ပရောက်အလုပ်သမားများ၏ မိသားစုထံလွှဲငွေ အထောက်အထားတင်ပြရန် ပျက်ကွက်သည့် အလုပ်အကိုင် အေဂျင်စီ ၂၆ ခုကို အောက်တိုဘာ ၁ရက်စ၍ ပြည်ပသို့ လုပ်သားစေလွှတ်ခွင့်နှင့် အလုပ်ခေါ်စာသစ် (Demand Letter) တင်ခွင့်ကိုလည်း ပိတ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် အခြားအေဂျင်စီ ၃၅ခု ကိုလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာမှ ဒီဇင်ဘာအထိ အလုပ်သမား စေလွှတ်ခဲ့သည့် အပေါ် မိသားစုလွှဲပို့ငွေ အထောက်အထား ၄၀ရာခိုင်နူန်း အောက်သာ တင်ပြနိုင်ပြနိုင်သဖြင့် ရှိ၍ Demand Letter အသစ်တင်ပြခွင့် ခေတ္တဆိုင်းငံ့ထားသလို ကျန်အေဂျင်စီ ၁၇၀ ကိုမူ အောက်တိုဘာ ၁ ရက်မှစ၍ ပေးပို့ရ မည်ဟု အကြောင်းကြားထားကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတဦးက “၂၀၂၄ ဇန်နဝါရီကနေ ၄ လပိုင်းအထိ စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေကို အောက်တိုဘာ ၁ရက် ကစပြီး တင်ပြရမယ်။ တရက်ကို အေဂျင်စီပေါင်း ၅၀ စီ ပို့ပေးရမယ်။ A နဲ့စတဲ့ အေဂျင်စီကနေစမယ်။ နေပြည်တော်ကနေလာပြီးတော့ ၈ မိုင်ရုံးမှာ စစ်မယ်။ မပေးနိုင်ရင် ပိတ်မယ်။ အနည်းဆုံး အလုပ်သမားတွေက ၃ လစာ လွှဲထားရမယ်။ မလွှဲထားရင် အေဂျင်စီတွေ က ပိုက်ဆံစိုက်ပြီး လွှဲကြတယ်” ဟု ပြောသည်။
ထိုသို့တင်ပြရာ၌ အေဂျင်စီများအနေဖြင့် အလုပ်သမားများမှ ၃ လစာ မိသားစုထံ ငွေလွှဲပြောင်းပေးထားသည့် အထောက်အထားများအား စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး အနည်းဆုံး ၄၁ ရာခိုင်နှုန်း တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အေဂျင်စီများအနေဖြင့် မိသားစုထံ လွှဲပို့ငွေအထောက်အထား ရာခိုင်နှုန်းမပြည့်ပါက အေဂျင်စီပိတ်သိမ်းခံရမည်ကို စိုးရိမ်သည့်အတွက် အလုပ်သမားအမည်ခံငွေလွှဲကာ စာရင်းတင်ပြမှုများလည်း ရှိနေကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီတခုက “အလုပ်သမားတွေက လွှဲရမှာ။ အဲဒါကို အေဂျင်စီကို စိုက်ခိုင်းတဲ့သဘောမျိုး။ စေလွှတ်တဲ့အေဂျင်စီတွေကို ပြဿနာရှာတဲ့သဘော ခုတ်ရာတခြား ရှရာတခြားပေါ့။ အေဂျင်စီတွေက ဘာအခက်အခဲ တွေရှိလဲဆိုရင် ထိုင်း၊ မလေးရှား၊ ဂျပန်ထိလိုက်သွားပြီးတော့ အလုပ်သမားတွေကို စကားပြောတယ်။ ဒါပေမယ့် အလုပ်သမားတွေက မပို့ကြဘူး” ဟု ပြောသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများမှတဆင့် နိုင်ငံအသီးသီးသို့ သွားရောက်သည့် အလုပ်သမားများအနေဖြင့် ၎င်းတို့ လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းအား ၁ လ တကြိမ် (သို့မဟုတ်) ၃ လလျှင် တကြိမ် တရားဝင်ငွေလွှဲလမ်း ကြောင်းမှ ပေးပို့ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် MoU (နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ) ဖြင့် အလုပ်လုပ်ကိုင်နေသူတဦးက “မိသားစုလွှဲပို့ငွေဆိုတာကို မပို့ချင်ဘူး။ ဘဏ်စနစ်နဲ့သွင်းမယ်ဆိုရင် စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်မယ်။ ဒါ့ပြင် ဗဟိုဘဏ်ပေါက်ဈေးနဲ့ အပြင်ပေါက်ဈေးက ကွာနေတာတော့ အနာမခံနိုင်ဘူး” ဟု ပြောသည်။
ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို ပြည်ပ သို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆိုင်းငံ့ခြင်း၊ အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့ခြင်းနှင့် ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းခြင်း စသည့် အရေးယူမှုများရှိရာ လက်ရှိ လုပ်ငန်းဆောင်ရွက်နေသော အေဂျင်စီ ၅၆၁ အနက် ၁၅၀ ခန့်ကို အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။
အရေးယူခံရသည့် အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီလျှင် စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသည့် အေဂျင်စီတခုက “အေဂျင်စီတွေက နောက်ပိုင်းအလုပ်မလုပ်တော့ဘူး။ ဒီတိုင်းထိုင်နေကြပြီ။ ပို့ဖို့လုပ်ထားတဲ့လူတွေကိုပဲ ပို့တော့တယ်။ အတိုင်းအတာတခုအထိတော့ ရပ်သွားမှာပဲ။ အလုပ်သမားတွေကတော့ ဒီမှာကျပေးပါမယ်ဆိုပြီး လက်မှတ်ထိုးသွားတာ။ ဟိုဘက်ရောက်တော့ သူတို့ပိုက်ဆံကို သွားလုလို့မှမရတာ။ ဗဟိုဘဏ် ဈေးနဲ့ အပြင်ဈေးကွာနေတဲ့ ပြဿနာကို မရှင်းနိုင်ဘူးဖြစ်နေတာ” ဟု ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိသားစုထံ ငွေလွှဲပေးပို့ရန် ပျက်ကွက်ပါက ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်း တိုးမြှင့်ခွင့် မပြုခြင်းတို့အပြင် လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်ခံရမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
You may also like these stories:
ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့်ကတ် လျှောက်ခွင့် သက်တမ်းတိုးမြှင့်
MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်














