ယနေ့ မတ် ၂၂ နေ့သည် ကိုလိုနီခေတ် မြန်မာစာပေကို မြှင့်တင်ခဲ့သူ ဆရာကြီး ဦးဖေမောင်တင် ကွယ်လွန်သည့် ၄၆နှစ် မြောက်ဖြစ်သည်။
ဦးဖေမောင်တင်သည် အသက် ၂၄နှစ် အရွယ်တွင် ရန်ကုန်ကောလိပ်၌ ပထမဆုံး ခန့်အပ်ခြင်းခံရသည့် မြန်မာလူမျိုး ပါဠိပါမောက္ခဖြစ်သည်။
ထို့နောက် အောက်စဖို့ဒ်တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး သူ၏ပါဠိဘာသာမှ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုသော ဝိသုဒ္ဓိမဂ်ကျမ်းမှာ ကမ္ဘာ့ ဗုဒ္ဓဘာသာ ပညာရှင်များကြား ချီးကျူးဂုဏ်ပြုခြင်း ခဲ့ရသည်။
ဦးဖေမောင်တင်သည် အင်္ဂလန်မှ ပြန်လာပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် တန်ဖိုးထားခြင်းမခံရသော မြန်မာဘာသာ စာပေထွန်းကားအောင် မြန်မာစာဌာနကိုတည်ထောင်ခြင်း၊ ကျောင်းသုံးမြန်မာစာအုပ် များ ပြုစုခြင်း၊ ပြင်ပ မြန်မာပညာရှင် များကိုနေရာပေးခြင်း၊ မြန်မာစာဂုဏ်ထူးတန်း၊ မဟာတန်းများ ဖွင့်လှစ်ခဲ့ခြင်း၊ ရှေးဟောင်း စာပေများကိုဖော်ထုတ်ခြင်း၊ ကျောက်စာများကို စနစ်တကျလေ့လာနိုင် အောင်ကြိုးပမ်းခြင်း များကို ဆောင်ရွက်ခဲ့ရုံသာမက အထက်တန်းကျောင်း များတွင်လည်း မြန်မာ စာပေ ထွန်းကားအောင် ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် မြန်မာစာနှင့်မကင်းသူတိုင်းသည် ဦးဖေမောင်တင်၏ကျေးဇူးနှင့် မကင်းဟု ဆိုစမှတ်ပြုခဲ့ ကြသည်။
ဦးဖေမောင်တင်သည် တက္ကသိုလ်မှ တပည့်များကို ခေတ်စမ်းစာပေ မျိုးစေ့ချပေးခဲ့ရုံမက ပထမဆုံး မြန်မာလူမျိုး တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်း ခန့်အပ်ခံရသည်။
၁၉၃၆ ကျောင်းသားသပိတ် ဖြစ်သောအခါ ကျောင်းသားများ သည် ကျောင်းကိုဆူခြင်းမဟုတ် အစိုးရ ကိုဆူခြင်းဖြစ်သဖြင့် အရေးမယူနိုင်ဟုဆိုကာ ကျောင်းသားများဘက်မှ ရပ်တည်ခဲ့သည်။
ထို့ကြောင့် ထိုစဉ်က ကျောင်းသား မောင်အောင်ဆန်းသည် နောင် လူထုခေါင်းဆောင်ဖြစ်လာချိန်တွင် ဦးဖေမောင်တင်၏ ကျေးဇူးကိုအောက်မေ့သတိတရရှိခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်တွင်လည်း ဦးဖေမောင်တင်သည် စာပေ သမိုင်း ယဉ်ကျေးမှု အဖွဲ့အစည်းများတွင် ဦးဆောင် ပါဝင်ခဲ့ပြီး မြန်မာသမိုင်း၊စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဆိုင်ရာ ကျမ်း၊ စာတမ်း၊ ဆောင်းပါး အများအပြား ရေးသားပြုစုခြင်းဖြင့် မြန်မာစာပေဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့သည်။
ဆရာကြီးသည် ၁၉၇၃ ခုနှစ်၊ အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်သည်။