တပ်မတော်ဟာ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေပြည်တော်၊ တပ်မတော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တောင်းဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အာဏာမသိမ်းခင် ၄ ရက်အလိုမှာ ပြောလိုက်တဲ့ လူမိုက်ဆန်ဆန် ဒီစကားဟာ မြန်မာနိုင်ငံတဝန်း ပြုလုပ်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကန့်ကွက်ပွဲတွေ၊ တပ်မတော် ထောက်ခံပွဲတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ ပြည်သူတွေအတွက် အာဏာသိမ်းများ သိမ်းမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက် စေခဲ့ပါတယ်။ အစိုးရအနေနဲ့ ဒီမဲမသမာမှုကိစ္စကို မရှင်းပေးဘူးဆိုရင် ဘယ်လိုဆက်လုပ်မလဲဆိုတာ သူတို့မှာ အဖြေရှိပြီးကြောင်းကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့ပါသေးတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအတိုင်း နစ်နာသူတွေက ကန့်ကွက်လွှာတင်ဖို့၊ ရွေးကောက်ပွဲ ခုံအဖွဲ့က ဥပဒေနဲ့အညီ ကြားနာဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း၊ မဲဆန္ဒရှင်လူထု သဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျှော့ အပေးအယူနဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမှ ဥပဒေကျော်လွန်ကာ တမျိုးတဖုံ ပြောင်းလဲရနိုင်တဲ့ ကိစ္စမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
ဒီလိုနှစ်ဘက် အခြေအနေ တင်းမာမှုတွေဖြစ်နေချိန်မှာ သမ္မတက သဘောမတူရင် အာဏာသိမ်းလို့ မရဘူး၊ အာဏာသိမ်းရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပျက်မှာမို့ အာဏာမသိမ်းဘူးဆိုတဲ့ သုံးသပ်မှုတွေ၊ ဖေဖော်ဝါရီလ ၁ ရက် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးတွေအတွက် လွှတ်တော်တွေတက်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် တခြားသော ပါတီကိုယ်စားလှယ်တွေလည်း နေပြည်တော်ကို ရောက်ရှိနေတာမို့ အာဏာမသိမ်းလောက်ဘူးလို့ ယူဆခဲ့ကြပေမယ့် သတင်းစာ ရှင်းလင်းပွဲအပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာတော့ စစ်တပ်ဟာ တကယ်ပဲ အာဏာသိမ်းခဲ့ပါတယ်။
အဲဒီလို အာဏာသိမ်းခဲ့ပေမယ့်လည်း စစ်တပ်ဟာ တနှစ်ပြည့်ခါနီးအချိန် အခုအထိ တိုင်းပြည်ကို မထိန်းချုပ်နိင်သေးတာ တကမ္ဘာလုံး အသိပဲဖြစ်ပါတယ်။ မင်းအောင်လှိုင်ကအစ ဇော်မင်းထွန်းအဆုံး သူတို့ အနေနဲ့ ဆန္ဒပြပွဲတွေလောက်ပဲ မျှော်လင့်ထားတယ်၊ PDF လက်နက်ကိုင်အဖွဲ့တွေ အရှိန်မြှင့် ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားတာ မရှိဘူးလို့ အတိအလင်း ဝန်ခံထားခဲ့ပါတယ်။
You may also like these stories:
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
ဗိုလ်ကတော်တွေလည်း စစ်ကောင်စီ စစ်သင်တန်းတက်ခိုင်း
တပ်မ (၇၇) မှ စွန့်ခွာသူ တဦးနှင့် တွေ့ဆုံခြင်း
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”