အိမ်ခြံမြေ ပွဲစားတွေ အကွက်ရွှေ့သမျှ ခံနေရတဲ့ ရန်ကုန်လူထုရဲ့ နေရေးဒုက္ခ

သျှင်မင်းခ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မှာ အရမ်း ဒုက္ခရောက်ရတာက နေရေးထိုင်ရေးပါပဲ။ စားသောက်ရေးကို အဆင်ပြေအောင် ရှာဖွေနိုင်ပေမယ့် ကျောတခင်းစာ နေရာအတွက်ကတော့ အင်မတန် ခက်ခဲပါတယ်။

ပွဲစားတွေ ဈေးကစားပြီးရင်း … ကစားရင်း၊ အရင်က သူ့တန်ဖိုး တလ တသိန်းလောက်ပဲ ရှိတဲ့ အိမ်ခန်းတခန်းဟာ ခြောက်လ သုံးခါ (နောက် တနှစ်ခွဲ) လောက်ဆို အနည်းဆုံး နှစ်သိန်းခွဲလောက် အသာလေး ဖြစ်သွားပါပြီ။

Ma Ei

သျှင်မင်းခသည် Sunday အနုပညာ ဂျာနယ်၏ အယ်ဒီတာချုပ် အိဖြူအောင် ဖြစ်ပြီး မဂ္ဂဇင်း၊ ဂျာနယ်များ၌ ကဗျာ၊ ဝတ္ထုတို ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။

ခြောက်လ တကြိမ် ငါးသောင်း တက်မပေးရင် ဆက်မငှားဘူး ဆိုတာမျိုး အိမ်ငှားနေတဲ့ လူတိုင်း ကြုံဖူးကြမှာပါ။ အရင်ကတော့ ကျမ ပွဲစားတွေနဲ့ ပတ်သက်ပြီး အမှုမဲ့ အမှတ်မဲ့ ပါပဲ။ အခု တခါမှာတော့ အံ့သြစရာ ကောင်းလွန်းလို့၊ ကိုယ်တွေ့မို့ အိမ်ငှား သမားတွေဘက်က မခံနိုင်လို့ ရေးမိတာပါ။ ကျမ အလုပ်အတွက် မြေညီထပ်တခန်းကို ငှားထားတာ ခြောက်လ တကြိမ် စာချုပ်မို့ တခါ ချုပ်တိုင်း ငါးသောင်း တက်နေတာနဲ့ ဒီတခေါက်တော့ တခြား အခန်း ရှာမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အိမ်ရှင်ကတော့ ထုံးစံအတိုင်း ငါးသောင်း တက်တော့ အရင် နှစ်သိန်းဆို အခု နှစ်သိန်းခွဲပေါ့။ အလုပ် ဆိုတာကလည်း မကောင်းတလှည့် ကောင်းတလှည့်ဆိုတော့ အလုပ်သမားတွေ ပုံမှန် ဝင်ငွေလေးရဖို့အတွက်ပဲ လုံးပန်းနေရတာလေ။

ဒါဆို နှစ်သိန်းတန် လောက်ပဲ ရှာမယ်ဆိုတော့ … အိမ်ရှင်ကလည်း ရှာပေါ့။ ပွဲစား တယောက်ကို ဖုန်းဆက် ကြည့်လိုက်တယ်။ ကျမ အိမ်ခန်း တခန်းရှာချင်လို့ ဆိုတော့ သူက ဘယ်လမ်း၊ တိုက်နံပါတ် ဘယ်လောက်မှာ ရှိတယ်။ ကြည့်မလားတဲ့။ ကျမက ကြည့်မယ်ဆိုတော့ ရယ်စရာ ကောင်းလောက်အောင် ကျမ လက်ရှိ ငှားထားတဲ့ အခန်းပဲ ဖြစ်နေပါတယ်။

ကိုယ် လက်ရှိ ငှားထားတဲ့ အခန်းကို သူက မသိဘဲ လိုက်ပြမယ်တဲ့။

ကျမက ဒါဆို ဈေးကဘယ်လောက်လဲလို့ မသိချင်ယောင် ဆောင်ပြီး မေးကြည့်တော့ … သုံးသိန်းခွဲတဲ့ … ဘုရားရေ။ ကျမက လျှော့မလားလို့ သွေးတိုးစမ်းတော့ မလျှော့ဘူးတဲ့။ ဖြစ်ရလေ။ အိမ်ရှင်က တိုက်ရိုက်ပြောတဲ့ နှစ်သိန်းခွဲကိုတောင် တဖြည်းဖြည်း များလာလို့ မငှားတော့ဘူး ဆိုတဲ့ အခန်းက ပွဲစား ပါးစပ်ထဲ၊ လက်ထဲမှာ သုံးသိန်းခွဲဆိုတော့ …။

ရန်ကုန်မှာ အိမ်ခန်း ငှားနေရတဲ့ ဘဝတွေ အတွက် ရင်လေးပြီးရင်း ရင်လေးမိပါရဲ့။ အဲဒီလို ဘဝပေါင်းများစွာဟာ … ရတဲ့ လစာနဲ့ နေထိုင်စရိတ် မကာမိတဲ့ ဒဏ်ကို အလူးအလဲ ခံစားနေရတယ်ဆိုတာ …၊ အကူအညီမဲ့ နေကြတယ်ဆိုတာ…။

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မဝင်လို့ ဈေးနှုန်း လျှော့ချရမယ် ဆိုတာထက်၊ ကိုယ့်လူမျိုးတွေ လက်ရှိ ဒုက္ခတွေကို အရင်ဆုံး ဖြေရှင်း ပေးသင့်တယ်လို့ ယူဆပါတယ်။ နယ်က အလုပ်လာလုပ်တဲ့ ကလေးတွေ လစာ တသိန်းဆိုရင် အိမ်ခန်း စုငှား နေပေမယ့် တလ သုံးလေးသောင်းတော့ နေရေးအတွက် အနည်းဆုံး သုံးရတာ။ မိသားစု တစု ဆိုရင်လည်း ရန်ကုန်မှာ အိမ်ခန်း တခန်းဆို တလ တသိန်းခွဲ မပေးဘဲ နေလို့မရတဲ့ အနေအထား ဖြစ်နေပါပြီ။ အိမ်ထောင်ဦးစီး လုပ်သူရဲ့ ဝင်ငွေဟာ
တလ နှစ်သိန်း ရရင်တောင် ကျန်တဲ့ငွေနဲ့ ကလေးတွေ ကျောင်းလခ၊ စားသောက်စရိတ်၊ ကျန်းမာရေး ဘယ်လိုမှ အဆင်ပြေနိုင်တဲ့ အနေအထား မဟုတ်ဘူးဆိုတာ တွေးကြည့်စရာ မလိုတဲ့ အနေအထားပါပဲ။

အလကားနေရင်း ဈေးမရှိတဲ့ မြေကွက်တွေကို ဈေးတွေ မိုးပေါ်ရောက်လာအောင် တလအတွင်း ဆောင်ရွက်နေကြတဲ့ အရည်အချင်းပြည့် “ငါ့ဖို့” သမား ပွဲစားတွေ အကြောင်းလည်း တာဝန်ရှိသူတွေ အနေနဲ့ ကောင်းကောင်းကြီး သိနားလည် ကြမယ်လို့ ထင်ပါတယ်။ အစိုးရရဲ့ ပေါ်လစီ အားနည်းချက်ကို ကောင်းကောင်းကြီး အသုံးချပြီး ဈေးကစားချင်တိုင်း ကစား နေကြတာလို့ မြင်ပါတယ်။

အဲဒီ ဒေသမှာ နေထိုင်ကြတဲ့ လူတွေ၊ စီမံကိန်းမြေ ဖြစ်တော့မယ်ဆိုပြီး နှင်ထုတ်တဲ့ အခါမှာ … တောင်ပြေးမြောက်ပြေး နေစရာ ရှာမရတဲ့ ဒေသခံတွေကိုရော ထည့်စဉ်းစား ကြည့်ဖူးပါသလား။ ဈေးတက်လာမယ် အထင်နဲ့ ရှိစု၊ မဲ့စု ငွေကြေးလေးကို ခြံကွက်ဝယ်လိုက်ပြီး နောက်၊ ချက်ခြင်း ဈေးပြန်ကျသွားလို့ ရှိတာလေး ပြုတ်သွားတဲ့ မိသားစုတွေရဲ့ လောင်းကစား ဆန်ဆန် အရှုံးအမြတ် တွေကိုလည်း တွေ့မြင်ရပါတယ်။

အခုလို မြေဈေးကွက်တွေ၊ အိမ်ဈေးတွေ၊ အခန်းခတွေ ဖြစ်ချင်တိုင်းတွေ ဖြစ်နေကြတာတွေက အဓိက လက်သည်ဟာ ဘယ်သူတွေဆိုတာ သိရဲ့သားနဲ့ ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်တဲ့ အကြောင်းအရာက ဘာတွေများပါလဲ။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီ ဖော်ဆောင်နေပါတယ် ဆိုတဲ့ ပြည်သူ့ အစိုးရ အဖွဲ့တွေ အားလုံးက ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းသင့်ပါပြီ။

ရှာသမျှ နေစရိတ်ထဲ ရောက်နေရင် … ပြည်သူတွေ စိတ်အေးချမ်း နိုင်ပါ့မလား၊ စာရိတ္တတွေရော ကောင်းနိုင်ပါ့မလား၊ စီးပွားရေးရော ဖွံ့ဖြိုး လာနိုင်ပါ့မလား။

အခုဆို အရပ်ထဲ လှည့်နေတဲ့ ပွဲစားတွေဆီမှာပဲ မဆောက်ရသေးတဲ့ အိမ်တွေ၊ ဆောက်လုပ်ဆဲ အိမ်တွေ၊ ဆောက်ပြီးသား အိမ်တွေကို လက်ဝါးကြီး အုပ်ထားတာ တွေ့ရမှာပါ။ အခန်းတွေကို ငွေစုပြီး အိတ်ထဲ ထည့်ထား၊ တကယ်လိုလို့ ရောင်းချင်၊ ငှားချင်တဲ့လူ ရှိရင် အမြတ်ကြီးစား တင်ရောင်း၊ တင်ငှား။ ပွဲစားခ ကလည်းရ၊ ရင်းနှီးထားတဲ့ ငွေကလည်း အကျိုး အမြတ်ရ။

ငှားနေတဲ့ လူတွေရဲ့ ဘဝက မပြောင်းလဲပေမယ့်၊ ပွဲစားတွေကတော့ နေ့ချင်းညချင်းကို ကြီးပွား တိုးတက်သွားလိုက်တာ။ မုဒိတာ မပွားနိုင်တာ မဟုတ်ပေမယ့် တကယ့် ဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုရဲ့ နေရေးက ပိုပြီး ဂရုဏာ သက်စရာပါပဲ။

အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတွေ အဖြစ် တရားဝင် သတ်မှတ်ထားတဲ့ လုပ်ငန်းကြီးတွေကို တင်းကျပ်တဲ့ အခွန်နှုန်းနဲ့ ဘယ်မြို့နယ်၊ ဘယ်အလွှာ၊ ဘယ်အကျယ်အဝန်း ဆိုရင် ဘယ်ဈေးနှုန်း ဆိုပြီး တိတိကျကျ သတ်မှတ်မယ်၊ အဲဒီ ဈေးနှုန်း အတိုင်း မဖြစ်ရင် ဘယ်လို အရေးယူမယ် စတဲ့ နည်းလမ်းကလည်း ပြည်သူတွေအတွက် အကူအညီဖြစ်စေမှာပါ။

ဒီဈေးကွက်ကို မကျွမ်းကျင်တဲ့အတွက် ပညာရှင်တဦးလို မစဉ်းစား မသုံးသပ်နိုင်ပေမယ့် လက်ရှိတွေ့ကြုံနေတဲ့ အကြောင်းအရာတွေက ကိုယ့်တွေ့မို့ ရေးကြည့်မိတာပါ။

အခုလို ပါးစပ် ပွဲစားကြောင့် ပြည်သူလူထု အများစုက ဒုက္ခရောက်နေတာကို ထိုင်ကြည့် မနေကြဖို့နဲ့ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီလို ဒုက္ခတွေကို စာနာပြီး အမြန်ဆုံး အကောင်အထည်ဖော် ကူညီပေးကြပါလို့ပဲ တောင်းဆိုလိုက် ပါရစေ …။

Did you find apk for android? You can find new Free Android Games and apps.
Loading