ချင်းမိုင်က သက်ဆင် မိသားစုရဲ့ ဇာတိမြေ၊ ယင့်လခ်ကလည်း ချင်းမိုင်တက္ကသိုလ်မှာ ကျောင်းပြီးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဘဝမှာ ဘန်ကောက်မှာ အကျပ်အတည်းတွေ့တိုင်း ယင့်လခ်က ချင်းမိုင်မှာ လာနေတယ်။ တီဗွီမှာ ကြည့်ရင် သူ့ကို ပန်းစည်းကမ်းတဲ့လူတွေလည်း အားကြီးပဲ။
ချင်းမိုင်မှာ ကျနော် ရောက်နေတာ ၅ နှစ်၊ ၆ နှစ်ရှိနေပြီ။ ကျနော့် မိတ်ဆွေ ထိုင်းဇနီးမောင်နှံရှိတယ်။ ယောကျၤားက စစ်သား၊ မိန်းမကတော့ တခြား ချင်းမိုင်သားတွေလိုပဲ သက်ဆင်တို့ မိသားစုကို အကြီးအကျယ် ထောက်ခံသူပေါ့။ ဝန်ကြီးချုပ်ကို ဖွဲ့စည်းပုံ ခုံရုံးက ဖြုတ်လိုက်တဲ့ ညက လင်မယား နှစ်ယောက်စလုံး မျက်နှာ မသာမယာ မှိုင်နေကြတယ်။ ရှပ်နီတွေထောက်ခံတဲ့ တီဗွီလိုင်းကို ဖွင့်ထားတယ်။ ကျနော်က ထိုင်းစကား အတိအကျ နားမလည်ပေမယ့် သူတို့ ခံစားချက်ကိုတော့ နားလည်ပေးနိုင်ပါတယ်။ ဘာဖြစ်ဖြစ် သူတို့ မဲပေးထားတဲ့ အစိုးရ၊ သူတို့ မဲပေးထားတဲ့ ဝန်ကြီးချုပ်မဟုတ်လား။ ၉၀ ရွေးကောက်ပွဲတုန်းက ပြည်သူတွေက ကိုယ်မဲပေးတဲ့ ပါတီ အစိုးရ ဖြစ်မလာတော့ ခံစားရသလိုပဲပေါ့။ သူတို့မှာ မဲပေးရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ အပေါ်က နိုင်ငံရေး ကိစ္စဆိုတာ ရှုပ်ထွေးတယ်၊ ပြည်သူတွေဆိုတာက ဘဝပေးအသိနဲ့ ဆုံးဖြတ်ကြတာချည်းပဲ။
တခါတလေ သူတို့ နိုင်ငံရေးကိစ္စတွေကို နားထောင်နေတဲ့ ကျနော့်ကိုလည်း မေးတယ်။ အနီနဲ့ အဝါ ဘယ်သူ့ကို ထောက်ခံသလဲလို့ မေးတယ်။ ဧည့်သည်အနေနဲ့ ဖြေရ အင်မတန် ကျပ်တဲ့ ကိစ္စပါ၊စိတ်ထဲ ရှိတဲ့ အတိုင်းပဲ ဖြေတယ်။ အနီရယ် အဝါရယ် မဟုတ်ဘူး၊ ထိုင်းပြည်သူတွေ အချင်းချင်း စိတ်ဝမ်းကွဲနေတာကို ကျနော် စိတ်မချမ်းသာဘူးလို့ ဖြေတယ်။ သူတို့လင်မယား စိတ်တိုင်းကျမကျတော့ ကျနော်လည်း မသိဘူးလေ၊ သံတမန်လို ဖြေခဲ့တာလည်း မဟုတ်ပါဘူး။ သူတို့လင်မယားနဲ့ ကျနော်က ထိုင်းနဲ့ မြန်မာ ကန်တဲ့ ဘောလုံးပွဲလည်း အတူတူကြည့်တာပဲ၊ ကိုယ့်အသင်းကိုယ် အားပေးတာပဲ။ ဒါပေမယ့် ဒိုင်က မတရားတဲ့အခါ၊ ပွဲပြီးတဲ့ အခါမှာတော့ နာတဲ့ဘက်၊ ရှုံးတဲ့ဘက်ကို ဖေးဖေးမမ ပြောကြတယ်။ အများအားဖြင့် မြန်မာအသင်းက ရှုံးနေကျဆိုတော့ သူတို့ လင်မယားပဲ ကျနော့်ကို ချောတာ များပါတယ်၊ ထားတော့။
ညတုန်းက သူတို့ ဆိုင်ကို ရောက်သွားပြန်တယ်။ ဆိုင်ရှင်အမျိုးသမီးက စစ်တပ်က လောလောဆယ် အာဏာကို ထိန်းထားတာ (အာဏာသိမ်းတယ်လို့ မသုံးပါ) တာကို မကျေနပ်တဲ့အကြောင်းပြောတယ်။ မခံ မရပ်နိုင် ဖြစ်နေတယ်။ အခု တနိုင်ငံလုံးက ဘူတာရုံတွေ၊ ကားဂိတ်တွေမှာ ရှပ်နီက အဆင်သင့်ပဲတဲ့၊ တခုခုဆိုရင် ဘန်ကောက်ကို တက်ဖို့ ပြင်ထားတယ်လို့ ပြောတယ်။ ကျနော် စိုးရိမ်သွားတယ်။
ဘန်ကောက်မှာ စစ်သားတွေ၊ တင့်ကားတွေနဲ့ အလှဓာတ်ပုံတွေ ဘယ်လို ရိုက်ရိုက် ကျနော့် စိတ်ထဲမှာ ထိုင်းမှာ မုန်တိုင်းအကြို ငြိမ်သက်နေခြင်းမျိုးပါပဲ။ လူတွေရဲ့ ခံစားချက်တွေက အထွတ်အထိပ် ရောက်နေတယ်။ အတော်လေး အန္တရာယ်များတဲ့ အခြေအနေပါပဲ။ လက်နက်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ မိတယ်လို့လည်း သတင်းတွေ ဖတ်ရတယ်။ အနီတွေက စစ်တပ်ကို မယုံကြည်ဘူး။ မယုံစရာ အကြောင်းတွေလည်း ရှိခဲ့တယ်။ နိုင်ငံရေးသမားတွေကလည်း ညှိလို့ မရဘူး ဖြစ်နေတယ်၊ နိုင်ငံရေးသမားတွေ အချင်းချင်း အကျေအလည် ဆွေးနွေးဖို့ စစ်တပ်က ကြားက စီစဉ်ပေးနေရတယ်။ အခုအထိက စစ်တပ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတယ်လို့ပဲ မြင်ပါတယ်၊ နောက်ပိုင်းတော့ စောင့်ကြည့်ရမယ်။
ထိုင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်၊ စစ်တပ် အာဏာသိမ်းတာ မဟုတ်ပါဘူး ဆိုတော့ ကျနော် ပထမဆုံး ပြေးမြင်တာက အီဂျစ် နိုင်ငံပါပဲ။ အီဂျစ်မှာလည်း နိုင်ငံရေးသမားတွေ အချင်းချင်း ညှိမရတဲ့အခါ စစ်တပ်က ရာဇသံပေးတယ်၊ အမှတ်မမှားရင် ၄၈ နာရီအတွင်း ရအောင် ညှိကြဆိုတာမျိုး။ အချိန်က အတော်တိုပါတယ်၊ နောက်ဆုံးတော့ စစ်တပ်က အာဏာထိန်းလိုက်တယ် (အာဏာသိမ်းတာ မဟုတ်ပါဘူး။) အာဏာသိမ်းတယ်လို့ ပြောလို့ မဖြစ်ဘူးလေ။ အီဂျစ်စစ်တပ်က ကမ္ဘာမှာ အမေရိကန်ရဲ့ အထောက်အပံ့အများဆုံး ယူထားတဲ့ စစ်တပ်လေ။ ဘာပဲ ပြောပြော စစ်တပ်က ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတ မော်စီကို ဖြုတ်ပြီး တိုင်းပြည် အာဏာအရပ်ရပ်ကို ထိန်းချုပ်ခဲ့တာပါပဲ။
အခုတော့ စစ်ဦးစီးချုပ် စီစီ ကိုယ်တိုင် တပ်က ထွက်ပြီး သမတ ရွေးကောက်ပွဲ ဝင်တော့မယ်။ ဘာသာရေး အစွန်းရောက်တဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကို နှိပ်ကွပ်ထားပြီး ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူပဲ နိုင်မယ်လို့ ခန့်မှန်းနေကြတယ်။ စိတ်ဝမ်းကွဲမှုက ပြင်းထန်ပြီး လုံခြုံရေး ပြဿနာက ထိပ်တန်း ရောက်နေတော့ စစ်တပ်နောက်ခံနဲ့ တက်လာတဲ့ ဗိုလ်ချုပ်ဟောင်း စီစီက ကယ်တင်ရှင်လိုလို ဖြစ်နေတယ်။ တကယ် ဟုတ်မဟုတ်ကတော့ ရွေးကောက်ပွဲပြီးလို့ တိုင်းပြည်ကို လက်တွေ့အုပ်ချုပ်တော့မှ သိရမှာပဲ။
ဘာအကြောင်းကြောင့်ဖြစ်ဖြစ် စစ်ဦးစီးချုပ်က သမ္မတ လုပ်တဲ့ အစဉ်အလာမျိုးကတော့ မကြိုဆိုအပ်တဲ့ ကိစ္စပါပဲ။ အီဂျစ်အတွက်ဆိုရင် ဗိုလ်ချုပ်ဘဝက လာတဲ့ သမတ မူဘာရတ်ခေတ်ကို စိတ်ပျက်လို့ လူထုအင်အားနဲ့ ဖြုတ်ချခဲ့ပြီးမှ နောက်ထပ် ဗိုလ်ချုပ်တယောက်ကို မင်းလောင်းမြှောက်ကြတော့မှာဆိုတော့ ထေ့ငေါ့ချင်စရာတောင် ကောင်းသေး။
ထိုင်းမှာတော့ ဒီလို ရာဇသံမျိုး မလာသေးတော့ ထိုင်းစစ်တပ်ကို အပြစ်တင်လို့ မရသေးပါဘူး။ ထိုင်းစစ်တပ်က အာဏာသိမ်းတာ ခဏခဏပေမယ့် သိမ်းပြီးရင် အရပ်သား အစိုးရ လက်ထဲ အာဏာပြန်အပ်တယ်ဆိုတော့ နိုင်ငံတကာမှာလည်း ပုံရိပ်မဆိုးလှပါဘူး။
ဒါပေမယ့် ကျနော့် မိတ်ဆွေဆိုင်ရှင် အမျိုးသမီးကို ကျနော် ပြောလိုက်တယ်။ ကြောက်ဖို့ ပြောတာ မဟုတ်ဘူး။ မြန်မာပြည်မှာလည်း ဒေါ်အောင်စုကြည်ကို တနိုင်ငံလုံးက ထောက်ခံတယ်၊ ဒေါ်အောင်ဆန်းစုကြည် နောက်က လိုက်မယ့် လူတွေ အများကြီးပဲ။ ဒါပေမယ့် စစ်တပ်က တကယ် ကြမ်းရင် တိုင်းပြည်နာမယ်၊ ပိုဆိုးမယ်။ အီဂျစ်မှာလည်း ဒီလိုပဲ။ အကောင်းဆုံးကတော့ နိုင်ငံရေးသမားတွေ အချင်းချင်း တတ်နိုင်သလောက် ညှိကြပေတော့။ နိုင်ငံရေးသမား အချင်းချင်း မပြေလည်လေ စစ်တပ်က သြဇာတက်လေလေပဲ။ မယုံမရှိနဲ့ ကျနော်တို့က နှစ် ၆၀ လောက် ခံခဲ့ရတာလို့ ပြောလိုက်တယ်၊ နောက်ဆုံးပြောလိုက်တဲ့ “နှစ်ခြောက်ဆယ်” ဆိိုတာကို သူက ထိုင်းဘာသာနဲ့ သံယောင်လိုက်ပြီး ရေရွတ်နေတယ်။ “ဟုပ်-စစ်-ပီး”။
ထိုင်း၊ အီဂျစ်၊ မြန်မာလိုပဲ နိုင်ငံရေးမှာ စစ်တပ် သြဇာလွှမ်းမိုးတဲ့ နောက်တနိုင်ငံကတော့ အင်ဒိုနီးရှားပေါ့၊ အင်ဒိုနီးရှားက ပညာရှင်တယောက်ရေးတဲ့ စာတမ်း ငယ်တခု ဖတ်ခဲ့ရတယ်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအကြောင်း ရေးထားတာပါ။ အင်ဒိုနီးရှားမှာ အခုအထိ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက ပထမအဆင့်ပဲ ပြီးတယ်၊ ဒုတိယအဆင့် ကျန်သေးတယ်လို့ သုံးသပ်ထားတယ်။ ပထမအဆင့်ဆိုတာက စစ်တပ်ကို နိုင်ငံရေးကနေ ပ ထုတ်လိုက်တာကို ပြောတာပါ။ ဒုတိယ အဆင့်ဆိုတာက ဒီမိုကရေစီ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း အရပ်ဘက်က စစ်ဘက်ကို သြဇာ လွှမ်းမိုးတဲ့ ကိစ္စကို ဆိုလိုတာပါ။
ဒုတိယအဆင့် မအောင်မြင်ရတဲ့ အချက်သုံးချက်ကို သုံးသပ်ပြထားပါတယ်။ ပထမတချက်က အရပ်ဘက်က နိုင်ငံရေးသမားတွေ ညံ့တဲ့ ပြဿနာပါ။ ဒီလို ရေးထားပါတယ်။
… အင်ဒိုနီးရှား၏ ပြိုင်ဆိုင်မှုပြင်းထန်သည့် နိုင်ငံရေးစနစ်၊ နိုင်ငံရေးပါတီကြီးများ၏ သူနိုင်ငါနိုင် အပြိုင်ကျဲသည့် စရိုက်ကြောင့်လည်း စစ်တပ်အတွက် နိုင်ငံရေးသြဇာနှင့် နိုင်ငံရေးနေရာ (space) ကို ဖန်တီးပေးသကဲ့သို့ ရှိသည်။ ဥပမာ အနေဖြင့် နိုင်ငံရေးပါတီများ သို့မဟုတ် အရပ်သားခေါင်းဆောင်များ အချင်းချင်းအကြားတွင် ယှဉ်ပြိုင်ကြသည့် အခါတိုင်းတွင် စစ်တပ်၏ ထောက်ခံမှုကို ရရှိရန် အပြိုင်အဆိုင် ကြိုးစားကြလေ့ရှိသည်။ သို့နှင့် အရပ်ဘက် နိုင်ငံရေးအုပ်စုများသည့် စစ်တပ်အကျိုးစီးပွားကို ထိခိုက်စေမည့် စစ်တပ်က မကြိုက်သည့် ပေါ်လစီများကို စတင်အဆိုပြုမည့်အရေးကို လက်ရှောင်ကုန်ကြသည်။ …
အင်ဒိုနီးရှား အတွေ့အကြုံက ထိုင်းအတွက်ရော၊ မြန်မာပြည်အတွက်ရော၊ ဒီမိုကရေစီ အနာဂတ်အတွက် စဉ်းစားစရာကိစ္စလို့ ထင်ပါတယ်။ ကျနော့် မိတ်ဆွေ ဆိုင်ရှင် အမျိုးသမီးကိုတော့ ရှည်ရှည်ဝေးဝေး မပြောခဲ့ပါဘူး။ ဒါပေမယ့် သူ့ရှေ့မှာ ချထားတဲ့ စားစရာ သစ်သီး ပန်းကန်ကို ကျနော်ဆွဲယူလိုက်ပြီး ” ဒီလိုမျိုး အမဆီက ကျနော် အကုန် ယူလိုက်ရင် အမ ကျေနပ်ပါ့မလား’ လို့ မေးလိုက်တယ်။ သူက ကြောင်ကြည့်နေတယ်။ “ကျနော် ပြောတာ ယုံပါ။ ကျနော်တို့ နှစ် ၆၀ ခံခဲ့ရတာ” လို့ ထပ်ပြောလိုက်တယ်။ “ဒါဆိုရင် အခုရော” တဲ့ သူက မေးတယ်။ “အခုထိလည်း ခံနေရတုန်းပဲ” လို့ ဖြေလိုက်တယ်။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)