ကျနော်၏ လတ်တလော ကမ္ဘောဒီးယား ခရီးစဉ်တွင် ကောင်းမွန်သည့် ဘဝတခု တည်ဆောက်ရန် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် လူငယ်တစုနှင့် တွေ့ဆုံခဲ့ ပါသည်။ ၎င်းတို့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသည့် မမျှတသော ဆက်ဆံရေး အခြေအနေများကို စိတ်ပူပန်သော်လည်း သွားရောက်ရန် စိတ်အားထက်သန်နေကြပါသည်။ ကျနော်က ILO အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားများ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်းနှင့် အကျိုးကျေးဇူးများ ပိုမိုခံစားရရစေရန် လုပ်ဆောင်နေကြောင်း ပြောပြခဲ့ပါသည်။ ၎င်းတို့အထဲမှ တယောက်က “ဒါ ကောင်းတာပေါ့။ ကျနော်တို့ ပြည်ပ ရောက်တဲ့အခါ အလောင်းအစား လုပ်ရတဲ့ အခြေအနေ တခု မလိုချင်ပါဘူး။ တရားမျှတတဲ့ ဆက်ဆံရေးသာ လိုချင်ပါတယ်” ဟု ပြောပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ လိုချင်သည်က ၎င်းတို့၏ အနာဂတ်အား အလောင်းအစား ပြုလုပ်ရခြင်းမျိုး မရှိသည့် တရားမျှတသည့် ပြုမူဆက်ဆံရေးသာ ဖြစ်ပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးသာ ဖြစ်သည်။ ထိုအချက်မှာ ILO ၏ တရားမျှတသည့် ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ စီမံချက် အနှစ်သာရလည်း ဖြစ်သည်။ ကျွနု်ပ်တို့ အနေဖြင့် အလုပ်သမားများ၊ အလုပ်ရှင်များနှင့် အစိုးရများပါဝင်သည့် “သုံးဦးစလုံး အနိုင်ရသည့်” ရွှေ့ပြောင်းသွားလာခြင်းကို ဖန်တီးပေးသည့် အခြေအနေများအား မြင်တွေ့ချင်ပါသည်။ အထူးသဖြင့် ဒေသတွင်း၌ ၂၀၁၅ နှောင်းပိုင်း အာဆီယံ စီးပွားရေး အသိုက်အဝန်းဆီသို့ ဦးတည်ရွေ့လျားမှုတွင် ထိုသို့ ပြုလုပ်ရန် အစပျိုး လုပ်ဆောင်သင့်ပါသည်။
သို့သော် လက်ရှိ ဥပဒေအရ အကာအကွယ်ပေးခြင်းနှင့် လုပ်သားရွှေ့ပြောင်းခြင်းဆိုင်ရာ ဥပဒေများ အကောင်အထည် ဖော်ဆောင်မှု၏ ကွာဟမှုများသည် ရွှေ့ပြောင်းအလုပ်သမားများအား အလောင်းအစားသဖွယ် ဖြစ်စေသည်။ ထိုအလောင်းအစားများမှာ ၎င်းတို့ နေအိမ်မှ မထွက်ခွာမီတွင်ပင် စတင်ဖြစ်ပေါ်နေပါသည်။
ရွှေ့ပြောင်းအလုပ်သမား ဖြစ်လာနိုင်သူ အများစုမှာ လူစုဆောင်းခ သို့မဟုတ် ပွဲစားခများပေးရန် ငွေချေးရခြင်း သို့မဟုတ် ၎င်းတို့ပိုင်ဆိုင်မှုများ (ဥပမာ မြေ သို့မဟုတ် အိမ်)အား ပေါင်နှံရခြင်းကြောင့် ၎င်းတို့ မိခင်နိုင်ငံမှ မထွက်ခွာမီတွင် အကြွေးများ တင်ရှိနေသည်။ အလုပ်ကောင်းတခုထံ ဘေးကင်းလုံခြုံစွာ ရောက်ရှိစေရေး အတွက် ၎င်းတို့မှာ စတင် လောင်းကစားမှုအား ပြုလုပ်ကြရပေသည်။
ရွှေ့ပြောင်းအလုပ်သမားများမှာ လက်ခံနိုင်ငံသို့ ရောက်ရှိသွားသောအခါ မှန်ကန်သည့် အထောက်အထား လက်မှတ်များရှိစေကာမူ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ၎င်းတို့အား ခြောက်လှန့် ငွေညှစ် တောင်းယူခံရခြင်းများ မကြာခဏ ခံကြရလေသည်။ ၎င်းတို့မှာ လာဘ်ပေးမှုများ ပြုလုပ်ကြရသည်။ ဆိုလိုသည်မှာ ၎င်းတို့ ရွှေ့ပြောင်းသွားလာခြင်း အဆင်ပြေစေရန်အတွက် တောင်းဆိုသော ငွေပမာဏတခုအား အလောင်းအစားပြု ပေးရခြင်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများသည် တိုင်ကြားမှုများ မပြုလုပ်နိုင်ရန် ပြုလုပ်ခြင်း သို့မဟုတ် ၎င်းတို့ နေထိုင်ရမည့် အချိန်ကာလအား တိုတောင်းစေခြင်း သို့မဟုတ် ကတိပေးထားသည့် အလုပ်အကိုင် အတွက် ငွေပေးထားသော်လည်း သဘောတူညီထားသည့် အလုပ်အကိုင်နှင့် လုပ်ငန်းခွင်အခြေအနေများ မရ ရှိခြင်းတို့အား ရင်ဆိုင်ကြရသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုသို့ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းမှာ အထူးအဆန်း ဖြစ်မနေဘဲ အာဆီယံ ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမား အများအပြားအတွက် အလွန် အန္တရာယ်ရှိနေပေသည်။ ဥပမာတခုပေးရန်မှာ ထိုင်းငါးဖမ်းလုပ်ငန်းကဏ္ဍတွင် ငါးဖမ်းအလုပ်သမား ၆ ဦးမှာ အဓမ္မ အလုပ်ခိုင်းစေခြင်း ခံရသော အခြေအနေတွင် အလုပ်လုပ်ရကြောင်း ILO မှလေ့လာတွေ့ရှိရသည်။ NGO Verité မှ လတ်တလော ထုတ်ပြန်သည့် အစီရင်ခံစာတွင် မလေးရှား လျှပ်စစ်ပစ္စည်း လုပ်ငန်းကဏ္ဍ၌ အဓမ္မအလုပ် ခိုင်းစေခြင်းဆိုင်ရာ ရည်ညွှန်းထားချက်များကို တွေ့ရှိရသည်။
ထိုကြောင့် ရွှေ့ပြောင်းအလုပ်သမားများမှာ ပြည့်ဝသော လုပ်ခလစာ မရရှိခြင်း၊ အမြတ်ထုတ်ခံရခြင်းများနှင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာများအတွက် လုပ်သားစစ်ဆေးခြင်းများ၊ အာမခံနှင့် လူမှုဖူလုံရေး၊ တရားမျှတရေးနှင့် အကူအညီများ ရယူနိုင်ခြင်းများဖြင့် ဂရုစိုက်မှုရှိစေရန် ၎င်းတို့အား လက်ခံသည့်နိုင်ငံတွင် တဖန် အလောင်းအစား ပြုကြရလေသည်။ သို့သော် လက်ရှိစနစ်များမှာ အများအားဖြင့် လုပ်သားစုဆောင်းသူများနှင့် အလုပ်ရှင်များအား အလေးပေးထားသည်။ ထို့အပြင် အများပြည်သူများအကြား ဆွေးနွေးပြောဆိုမှုများတွင် သူစိမ်းများအား ကြောက်ခြင်း၊ စိတ်ကူးသက်သက်အပေါ် အခြေခံသောပြောဆိုခြင်းများနှင့် အမှန်တရားမဟုတ်သည့် အရာများ လွှမ်းမိုးနေမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများအား အကူအညီပေးသင့်သည့် သူများဖြစ်သော ရဲများ၊ အစိုးရ ဝန်ဆောင်မှုများမှာ ၎င်းတို့အား အမြဲတစေ အကူအညီ မပေးချင်ကြပေ။
ထိုအခြေအနေများမှာ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အဆင့်တိုင်းတွင် ၎င်းတို့အနာဂတ်အတွက် အလောင်းအစား ပြုလုပ်နေရသကဲ့သို့ ဖြစ်နေပေသည်။ သို့သော် သင့်တင့်ကောင်းမွန်သည့် အလုပ်အကိုင် ရှာဖွေရာတွင် မည်သူပင်ဖြစ်စေ အလောင်းအစားတစ်ခုအနေဖြင့် မဖြစ်သင့်ပေ။ ILO မှ ရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေအား ကြိုးစားပြောင်းလဲရာတွင် မိခင်နိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံများရှိ အစိုးရ၊ အလုပ်သမားများနှင့် အလုပ်ရှင်အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်နေပါသည်။ သို့သော် ကျွနု်ပ်တို့မှာ ထိုသူများကသာ လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ရွှေ့ပြောင်းအလုပ်သမားအတွက် ပြောင်းလဲမှုများကို လူတိုင်း ပြုလုပ်နိုင်ပေသည်။
ကျွနု်ပ်တို့၏ အပြုအမူ သဘောထားများနှင့် ပြောဆိုမှုများအား စတင်ပြောင်း လဲခြင်းဖြင့် လုပ်ဆောင်နိုင်သည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ ပါဝင်ပံ့ပိုးမှုများကိုသာ ဂရုပြုသင့်ပြီး အဆိုးမြင်သည့် စိတ်ကူးပြောဆိုခြင်းများနှင့် ကောလဟာလများအား အာရုံမစိုက်သင့်ပေ။ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခြင်းအားဖြင့် ဤဒေသအတွင်း စီးပွားရေး ကြီးမားစွာ မြှင့်တင်ပေးနေပြီး အရှေ့အာရှနှင့် ပစိဖိတ်သို့ ရွှေ့ပြောင်းအလုပ်သမားများ၏ လွှဲပို့ငွေများမှာ အမေရိကန်ဒေါ်လာ ၉၀ ဘီလံယံကျော်အထိ ရှိပေသည်။
ထို့ကြောင့် ယခုရွှေ့ပြောင်းအလုပ်သမားများနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရွှေ့ပြောင်းအလုပ်သမားများအား ပုံစံခွက် စရိုက် လက္ခဏာများအဖြစ် သတ်မှတ်ထားသည့် တခါသုံးပစ္စည်းကဲ့သို့ အသုံးပြုနိုင်ခြင်း၊ ခံစားမှုကင်းမဲ့သည့် အသုံးချခံ အရင်းအမြစ်များအဖြစ် သဘောထားခြင်း စသောအရာများထက် ပိုမိုကောင်းမွန်သော ဘဝတခုအတွက် အလုပ်ကြိုးစား လုပ်နေသူများအဖြစ် ကျော်လွန်ပြီး ကြည့်ရှုကြပါစို့။ သင်တို့ကိုယ်တိုင် ရွှေ့ပြောင်းအလုပ်သမားများ၏ နေရာတွင် ကြိုးစားဝင်ရောက်ခံစားကြည့်ပြီး အိမ်များ၊ စက်ရုံများ၊ လှေများ၊ လုပ်ငန်းခွင်များ သို့မဟုတ် အများပြည်သူသွားလာသည့် လမ်းများစသည့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဖြစ်စေ မတရားမှုများ၊ အမြတ်ထုတ်မှုများနှင့် အကြမ်းဖက်ခြင်းများဖြစ်ပေါ်နေပါက ပြောကြားပေးပါ။ အလုပ်ရှင်များ၊ အစိုးရများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အတူတကွ အလုပ်လုပ်ဆောင်ခြင်းဖြင့် အားလုံးအတွက် အလောင်းအစား မပြုလုပ်ဘဲ ရွှေ့ပြောင်းအလုပ်သမားများအတွက် သင့်တင့်မျှတသော အလုပ်အကိုင်များ ရရှိလာနိုင်စေပါသည်။
(စာရေးသူသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်း ILO ၏ ဒုတိယ ညွှန်ကြားရေးမှုချုပ်၊ အာရှ ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး ဖြစ်သည်။)