မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးများ မြင့်မားနေရာ ဝင်ငွေနည်းသည့် သူများသာမက ဝင်ငွေ အသင့်အတင့်ရှိသူ လူလတ် တန်းစား မိသားစုများပင် အိမ်ရာပိုင်ဆိုင်ရေးဆိုသည် အိပ်မက်မျှ ဖြစ်နေရသည်။ ဦးသိန်းစိန်အစိုးရ တက်လာ သောအခါ တန်ဖိုးနည်းအိမ်ယာများ ရောင်းချပေးမှုများ ရှိသော်လည်း အမှန်တကယ် ဝယ်ယူနိုင်သည့် သင့်တင့်မျှသော ဈေးနှုန်း မရှိခြင်း၊ နှစ်ရှည် အရစ်ကျပေးသွင်းမှု စနစ်မရှိခြင်းနှင့် ကြားပွဲစားများသာ အလုပ်ဖြစ်စေသည့် လုပ်ထုံးလုပ်နည်းများကြောင့် ကျယ်ကျယ်ပြန့်ပြန့် အလုပ်မဖြစ်ပေ။ ယခုအခါ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာပိုင်ဆိုင်နိုင်ရန် နှစ်ရှည်ချေး ငွေများ ထုတ်ချေးမည်ဖြစ်ပြီး အိမ်ရာ ဆောက်လုပ်မည့်သူများကိုပါ ငွေချေးမည်ဟု ဆိုလာပါသည်။ အဆိုပါ ချေးငွေစီမံကိန်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဇော်ကို ဧရာဝတီ သတင်းထောက် မေစိုးစံက ဆက်သွယ်မေးမြန်းထားပါသည်။
ဧရာဝတီ။ ။ ဝင်ငွေနည်း လူတန်းစားများ အတွက် အိမ်ဝယ်နိုင်မည့် နှစ်ရှည်ချေးငွေ စီမံကိန်း စတင်လုပ်ကိုင် ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ထားရှိမှုအပေါ် သိချင်ပါတယ်။
ဦးဝင်းဇော်။ ။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ စပြောရမှာက နိုင်ငံတော် သမ္မတကြီးက ပြည်သူလူထု တွေ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အိမ် လေးတလုံးလောက်တော့ ပိုင်ဆိုင်ခွင့်ကို ပေးချင် တယ် လုပ်ပေးချင်တယ် ဆိုတာကစတာ၊အဲဒီကနေ ဒီအိမ်လေးကို ပိုင်ဆိုင်ဖို့အတွက် ဒီငွေတွေကို ချေးပေးနိုင်ဖို့အတွက် ဘယ်လို လုပ်ကိုင်ရင်ကောင်း မလဲဆိုတာကို နိုင်ငံတော်သမ္မတကြီးက ဆောက်လုပ် ရေး ဝန်ကြီးဌာနကို တာဝန်ပေးခဲ့တယ်။
အဲဒီတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့ ဒါနဲ့ပတ်သက်လို့ လုပ်ကိုင်ခဲ့ဖူးတဲ့ စင်ကာပူ နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်နိုင်ငံတွေမှာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ကိုင် နေတာကို သွားရောက် လေ့လာခဲ့ပြီးနောက် သမ္မတ ကြီးဆီကို တင်ရတယ်၊အဒီထဲမှာ လေ့လာလို့ အဓိက တွေ့ရှိချက်ကတော့ ဝင်ငွေနည်းတဲ့ သူတွေကို အိမ်ရာပေးမယ်ဆိုရင် နှစ်ရှည်ရှည်အတိုး နည်း နည်းနဲ့ ငွေချေးပေးနိုင်တဲ့စနစ် တခုရှိရမယ် ဆိုတဲ့ အဖြေတခု ထွက်လာတယ်။
အဲဒီငွေတွေကို ချေးမယ်ဆိုရင်လည်းပဲ ဘဏ် လုပ်ငန်းကတဆင့် ချေးပေးတဲ့လုပ်ငန်းကို လုပ်မှသာ လျှင် ဒီစီမံကိန်း အောင်မြင်နိုင်မှာမို့ ဒီဘဏ်ကို တည်ထောင်ခဲ့တယ်။
ဧရာဝတီ။ ။ အခု ဒီလို နှစ်ရှည်ချေးငွေ ထုတ်ချေးပြီး အိမ်ရာ ဝယ်ယူနိုင်ရန် ဆောင်ရွက်တဲ့ ဒီစီမံကိန်းက ဒီဘဏ်ကစပြီး ပထမဆုံးလုပ်တာ ဖြစ်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဒီလုပ်ငန်းမှာ နိုင်ငံခြားနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဘယ်သူတွေကို ရွေးချယ်ထားပါသလဲ။
ဦးဝင်းဇော်။ ။ နိုင်ငံခြားသားတွေနဲ့ ပူးပေါင်းပြီး လုပ်ရမယ်ဆိုတဲ့ အချိန်မှာ နိုင်ငံခြားက ချေးငွေရဖို့ဆိုတာ အဓိကကျတယ်။ နိုင်ငံခြားချေးငွေ ဆိုတာက နိုင်ငံခြားဘဏ်ကတဆင့် ချေးတဲ့ငွေ Two Step Loan ပေါ့နော်။ တချို့ အစိုးရတွေ အဖွဲ့အစည်း တွေကနေပြီးတော့အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည်ရှည် ချေးပေးတဲ့ငွေ တွေလည်းရှိတယ်။ ဒီငွေတွေကို ချေးပြီး တော့ ဆောင်ရွက်ရမှာ ဖြစ်တာပေါ့။
ဒါပေမယ့် အခု လောလောဆယ် ပြောရမယ်ဆို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတွေကပဲ ဘဏ် ၉ ဘဏ်ကို တရားဝင် ဖွင့်လှစ်ခွင့်ပေးခဲ့တယ်။ ဒီဘဏ် ၉ ဘဏ်က နိုင်ငံတကာက ချေးငွေတွေ ရရှိဖို့ အတွက် ဒီဘဏ် ၉ ဘဏ်ကိုလည်း အားထားပြီးတော့ ဆောင်ရွက်ရင်းနဲ့ အလုပ်လုပ် သွားလို့ရတဲ့ ကဏ္ဍတခုတော့ မြန်မာနိုင်ငံမှာ ပိုပြီးတော့ နီးနီးစပ်စပ် ဖြစ်လာတာပေါ့။
ပြီးတော့တခါ ဒီနိုင်ငံထဲမှာပဲ ဘဏ်ဖွင့်ခွင့်မရသေးတဲ့ တခြားဘဏ်တွေလည်း ရှိသေးတာပေါ့၊ ကိုရီးယားမှာရှိတဲ့ဘဏ်၊ ဂျပန်မှာရှိတဲ့ တချို့ဘဏ်တွေ အိန္ဒိယမှာရှိတဲ့ တချို့ဘဏ်တွေကိုလည်းပဲ ဘဏ်ဘဏ်ချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ Correspondent Banking ဆိုတာကို ထူထောင်တဲ့ အပိုင်းမှာလည်း တချို့အပိုင်းတွေက လုပ်လို့ရတဲ့ အပိုင်းတွေက လုပ်လို့ရနေပြီ။ ဒါပေမယ့် ငွေချေးတဲ့ ကိစ္စကတော့ ဆက်လက်ဆောင်ရွက်နေတုန်းပဲ။
လက်ရှိမှာ ဘဏ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စင်ကာပူနိုင်ငံက OCBC ၊ UBO နောက်ပြီးတော့ မလေးရှား နိုင်ငံက May Bank ၊ အိန္ဒိယနိုင်ငံက United Bank of India တွေနဲ့ အဆက်အသွယ် ရပြီးပြီ။ ဆက်သွယ်ခဲ့တာကတော့ အားလုံးပေါင်း ၃၃ ဘဏ်၊ ကျန်တာတော့ ဆောင်ရွက်ဆဲပါ။
ဧရာဝတီ။ ။ နိုင်ငံတကာက ရလာတဲ့ ချေးငွေတွေကို ဘယ်လိုအတိုးနှုန်းနဲ့ ပြည်သူတွေကို ထုတ်ချေးမှာလဲ။
ဦးဝင်းဇော်။ ။ သူတို့ဆီက ငွေချေးမယ်ဆိုတာကိုတော့ စကားပြောတဲ့အခါမှာ ဘယ်လို အတိုးနှုန်းနဲ့ ပေးမလဲဆိုတာတော့ မသိဘူး၊ ရလာတဲ့ အတိုးနှုန်းက နည်းလေ ဒီကနေ ပြန်ချေးမယ့် အတိုးက နည်းလေပဲ။ ဒီကနေပြန်ချေးတဲ့ အတိုးနှုန်းမှာ ဘဏ်ကနေ အလုပ်လုပ်ရတဲ့အတွက်ကြောင့် ဘဏ်ရဲ့ အလုပ်လုပ်ခ ယူမယ်။ နောက် ဘဏ်ကနေပြီးတော့ ဒီလို ချေးပေးတဲ့နှစ်အတွင်းမှာ တခြားစွန့်စားရမယ့် အကြောင်းလေးတွေ ပေါ်လာနိုင်တဲ့ အတွက်ကိုပါ အခြေခံပြီးတော့ ဒီဘဏ်အတွက် ကာကွယ်နိုင်အောင် ယူတဲ့ဟာ နည်းနည်းပါးပါးတော့ ရှိမယ်။ အဲဒါကလွဲ ရင် အခုလက်ရှိ ရှိနေတဲ့ နှုန်းထားကို ဘယ်လိုမှ မရောက်တော့ဘူးပေါ့။
ဧရာဝတီ။ ။ ငွေချေးမယ့်သူကို ဘယ်လို ပုံစံမျိုးနဲ့ ဘဏ်က ချေးပြီး ဘယ်လို ပုံစံမျိုးနဲ့ ဘဏ်ကို ပြန်ဆပ်ရမှာလဲ။
ဦးဝင်းဇော်။ ။ ဒီစီမံကိန်းမှာ ချေးတဲ့အပိုင်းက နှစ်ပိုင်းရှိတယ်။ တပိုင်းက တည်ဆောက်တဲ့သူတွေ၊ တပိုင်းက အိမ် ဝယ်မယ့်သူတွေ။ အိမ်ဆောက်တဲ့သူတွေ အနေနဲ့ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တနှစ်ကနေပြီး သုံးနှစ်အထိ ချေးပြီးတော့ တည်ဆောက်တာ ရှိ မယ်။ ဒါမှမဟုတ်ရင် သုံးနှစ်ကနေ ငါးနှစ်အထိ အတိုင်းအတာပေါ် မူတည်ပြီး ချေးပေးတာ ရှိတယ်။ ပြီးတော့မှ တည်ဆောက်ထားတဲ့အိမ်တွေကို ပြန် ဝယ်ဖို့ ချေးတဲ့သူကို ချေးတဲ့အခါကျတော့လည်း သူတို့ရဲ့ ချေးတဲ့တန်ဖိုးပေါ်မှာ ဘဏ်က အများဆုံး နှစ် ၃၀ အထိ ချေးပေးမယ်လို့ ရည်ရွယ်ထားတယ်။ နှစ် ၃၀ ချေးမယ်ဆိုတော့ သူချေးတဲ့ငွေကို သူဘယ် အချိန်အတွင်း ပြန်ဆပ်နိုင်မယ်ဆိုတာက ဝယ်မယ့် သူနဲ့ ဘဏ်နဲ့ ညှိနှိုင်းပြီးတော့ ချေးမယ်။ ဒီလိုပုံစံနဲ့ နှစ်မျိုး ချေးပေးမယ်၊ ဆောက်တဲ့သူကလည်း ဆောက် ရမယ်၊ ဝယ်တဲ့သူကလည်း ဝယ်ရမယ်။ ဝယ်သူရှိပြီး ဆောက်တဲ့သူ မရှိရင်လည်း မဖြစ်နိုင်ဘူးပေါ့။
ဧရာဝတီ။ ။ ဘဏ်အနေနဲ့က ငွေကိုချေးတဲ့အခါမှာ အပေါင်ပစ္စည်း အနေနဲ့ အာမခံပစ္စည်းကို ဘယ်လို သတ်မှတ်ထားပါသလဲ။
ဦးဝင်းဇော်။ ။ အိမ်ဝယ်တဲ့သူ အနေနဲ့ သူ ဝယ်မယ့်အိမ်ကို ရောင်းမယ့်သူဆီက သူသည် ဒီအိမ်ကို ဝယ်ခွင့်ရတယ်၊ သူ့ကို ရောင်းပေးမယ်ဆိုတဲ့ စာရွက်စာတမ်း ရှိရမှာပေါ့။ အဲဒီအခါမှာ ဘဏ်က ဒီအိမ်ကို သူ နာမည်နဲ့ ထုတ်မပေးသေးဘဲနဲ့ အိမ်ကို အာမခံ အနေနဲ့ ဘဏ်ကို ပေးထားရမယ်။ ချေးယူလိုက်တဲ့ငွေ ပြန်ဆပ်လို့ ကျေသွားပြီဆိုရင် ဘဏ်ကနေပြီးတော့ အဲ့ဒီအိမ်ကို သူနာမည်နဲ့ ထုတ်ပေးလို့ ရပါပြီလို့ ရောင်းတဲ့သူကို အကြောင်းကြားပြီးတဲ့အချိန်မှာ သူက ဒီအိမ်ကို ပိုင်သွားမယ်။ တခြား အာမခံပစ္စည်း ထားစရာမရှိဘူး။ ဝယ်မယ့် အိမ်ကိုပဲ သူက အာမခံထားပေးရမယ်။
ဧရာဝတီ။ ။ ဘဏ်ရည်ရွယ်ချက်မှာ ဝင်ငွေနည်း လူတန်းစားဖြစ်ပြီး အိမ်ရာမဝယ်နိုင်တဲ့ သူတွေကို ပေးမယ်ဆိုတာ ပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ရာလိုအပ်နေတဲ့ လူဦးရေက များပြားနေတဲ့တွက်ကြောင့် ဘယ်လိုနည်းနဲ့ ဆောင်ရွက်ပေးမှာလဲ။
ဦးဝင်းဇော်။ ။ ဘဏ်အနေနဲ့ကတော့ ငွေကို ချေးပေးမယ်ဆိုတဲ့ အတိုင်းအတာတခုကို ပြောပေးနိုင်တယ်။ ဒါပေမယ့် အိမ်ဆောက်တဲ့စနစ်နဲ့ အိမ်ဆောက်တဲ့မူဝါဒကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှာရှိတဲ့ အိုးအိမ်နဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့ စည်ပင်သာယာရေးတို့နဲ့ ဆိုင်တာပေါ့။ အခြားအဖွဲ့အစည်းတွေလည်း ရှိသေး တာပေါ့။ ဒါပေမယ့် အဓိက ဘာလဲဆိုရင် အိမ်လိုနေတယ်ဆိုတဲ့ လူတွေဟာ ဘယ်လိုလူမျိုးတွေက ဘယ်လို အိမ်တွေကို လိုနေသလဲဆိုတာ စစ်တမ်းရှိဖို့ လိုတာပေါ့။ အဲဒီစစ်တမ်းပေါ်မှာ ကြည့်လိုက်လို့ရှိရင် လိုနေတဲ့အိမ် အမျိုးအစားကို ဆောက်လုပ်ပေးမှ ဒီလူတွေက ဝယ်နိုင်မှာပေါ့။
လိုချင်တဲ့သူက ဝင်ငွေနည်းတဲ့သူ ဖြစ်တဲ့တွက် ကြောင့် တန်ဖိုးအရမ်းမြင့်နေတဲ့ အပါ့မန့်တွေ၊ ကွန်ဒိုမီနီယံတွေ ဆောက်နေလို့ သူတို့အိမ် ပိုင်ဆိုင် နိုင်ဖို့ အကြောင်းမရှိဘူး။ အဲဒီတော့ သူတို့ရနိုင်တဲ့ အိမ်အမျိုးအစားမျိုးကို ဆောက်လုပ်ဖို့ လိုပါတယ်။ သူတို့နေနိုင်မယ့် ရပ်ကွက်တွေက ဘယ်လိုနေရာတွေ မှာလဲဆိုတာ သိနိုင်ဖို့လိုပါတယ်။ အဲဒါတွေ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်။
နောက်တပိုင်းက ရှိနေတဲ့ ရပ်ကွက်တွေထဲမှာ လူတွေက ပိုင်ဆိုင်ပြီး နေနေပြီးသား အိမ်တွေရှိသေး တယ်။ ဒီအိမ်တွေကို သူတို့ရဲ့ ဒီသက်တမ်းမှာ ပြင်ဆင်နိုင်ဖို့ ပြန်လည်တည်ဆောက်နိုင်ဖို့ ငွေအနေ အထားမရှိဘူးဆိုရင် ဒါတွေကို ပြန်လည်ပြင်ဆင်ဖို့၊ နှစ်တွေကြာကြာ ခိုင်အောင် တည်ဆောက်ဖို့ကိုလည်း ဘဏ်က ချေးပေးနိုင်ပါတယ်။ အဲဒီတော့ အိမ် လိုအပ်ချက်ဆိုတာက ရှိနေတဲ့အိမ်တွေက ပျက်ဆီး ယိုယွင်းသွားပြီးတော့ ဖျက်လိုက်ပြီးတော့မှ အသစ် တွေမှာ လိုက်နေရမယ်ဆိုတဲ့ စနစ်မျိုးထက်ကို လက်ရှိ ရှိနေတဲ့အိမ်တွေအတွက် သူတို့နေနိုင်အောင် နှစ်အကြာကြီး ခိုင်ခံလာအောင် ဘာတွေလုပ်ပေးရ မလဲဆိုတဲ့အထိ စဉ်းစားပြီးတော့ ချေးပေးဖို့ လို တယ်။
ဒီလိုလုပ်မှသာလျှင် ကိုယ့်အိမ်နဲ့ကိုယ် နေနိုင်ဖို့ ဆိုတဲ့ လမ်းကြောင်းတခုက ဖြစ်လာမယ်။ အိမ်အလုံးရေက တသိန်းလိုတယ်ဆိုပြီး မဝယ်နိုင်တဲ့အိမ်တွေ လိုက်ဆောက်လို့ရှိရင် အိမ်တသိန်းလုံး ရောင်းရနိုင်စရာ အကြောင်းမရှိဘူး။ ဒါတွေက အရောင်းအဝယ် မဖြစ်တော့ဘဲနဲ့ အလားဖြစ်ကုန်မယ့် အပိုင်းအစကို ရောက်လာမှာတောင် စိုးရိမ်ရတယ်။ အဲဒါက အဓိကကျတယ်။
ဧရာဝတီ။ ။ ချေးငွေယူထားတဲ့သူမှာ အခက်အခဲ ဖြစ်ပေါ် လာမယ်ဆိုရင်ရော ဘဏ်အနေနဲ့ ဘယ်လိုလုပ်သွား နိုင်ပါသလဲ။
ဦးဝင်းဇော်။ ။ ပေးဆပ်နိုင်တဲ့ ငွေဆိုတာက တဦးတယောက်တည်း ပေးဆပ်နိုင်တာထက် မိသားစုဝင်ငွေတွေ အပေါ်မှာလည်း အခြေခံပြီး ပေးလို့ရတယ်။ ဥပမာ တယောက်က အသက် ၅၀ မှာ သူက ဝယ်ဖို့လုပ်တယ်။ နောက် ၁၀ နှစ်ပဲ ဆပ်ဖို့ရှိတယ်။ အဲဒီမှာ မဆပ်နိုင်တော့လို့ရှိရင် သူ့မိသားစုအနေနဲ့ ဆပ်ပေးနိုင်တဲ့ အနေအထားမျိုး ရှိတယ်ဆိုရင် ဆက်တိုက် ဆပ်သွားအောင်လည်း ဆောင်ရွက်ပေးသွားလို့ ရတယ်။ နေမကောင်းဖြစ်လို့ သူ့ဆီမှာ ဝင်ငွေမရှိဘူးဆိုရင် အဲဒီငွေကို မိသားစုက သွင်းနိုင်မယ်ဆိုရင် ပေးနိုင်ဖို့ပဲ။ ဆိုတာက တဦးတည်းမှ မဟုတ်ဘူး မိသားစုဝင်ငွေနဲ့လည်း ပေးဆပ်လို့ရတယ်။ မူလကတည်းက မိသားစုဝင်ငွေနဲ့ ပြန်ဆပ်မယ့်အကြောင်း ဖော်ပြထားလို့ရတယ်။
ဧရာဝတီ။ ။ ခုပြောသွားတဲ့အထဲမှာ ဝင်ငွေကို အခြေခံထားမယ်ဆိုတဲ့အတွက် ဘယ်လောက်ကစပြီး အခြေခံ ထားမှာလည်း သိပါရစေ။
ဦးဝင်းဇော်။ ။ ဝင်ငွေကို အခြေခံထားမယ်လို့ ပြောရတာကတော့ တော်တော်ခက်ခဲတယ်။ သူလိုချင်တဲ့ ပစ္စည်းကို သူဝယ်နိုင်ဖို့ သူရနေတဲ့ဝင်ငွေထဲက ဘယ်လောက် ရာခိုင်နှုန်းကို သူက ဘဏ်မှာထားပေးနိုင်သလဲ။ အဲဒီငွေကို နှစ်သုံးဆယ်ပြည့်တဲ့အခါမှာ သူ့မှာ ဘယ်လောက်ရှိသွားမလဲ။ အဲဒါနဲ့တန်တဲ့အိမ်ကို သူဝယ်ရမယ်။ ဆုထားတဲ့ ငွေက သိန်း ၅၀ ကို သိန်း ၁၀ဝ၀ တန် ဝယ်လို့တော့ မဖြစ်ဘူး။ ဘဏ်ကနေ ဝင်ငွေဘယ်လောက်ရှိမှ ချေးမယ်ဆိုတာ မရှိဘူး။ သူဝယ်တဲ့အိမ် သူပြန်ဆပ်နိုင်ဖို့ပဲ အရေးကြီးတယ်။
ဧရာဝတီ။ ။ ဒီချေးငွေကို ချေးယူဖို့အတွက် ဘယ်လို ထောက်ခံချက်တွေ ပြဖို့လိုအပ်ပါသလဲ။
ဦးဝင်းဇော်။ ။ ထောက်ခံချက်ဆိုတာက မိသားစုတစု လူတဦးတယောက်ဟာ သူရနေတဲ့ငွေကို သူ့အနေနဲ့ ဘဏ်မှာ စုဆောင်းနိုင်ပါတယ်ဆိုတဲ့ သက်သေလိုတယ်။ ဒီသက်သေက ဘယ်မှာပဲ ပြလို့ရမှာလဲဆိုရင် ဘဏ်မှာ စုတာကိုပဲ ပြလို့ရမယ်။ မစုရင် ပြလို့မရဘူး။ သူဝယ်ချင်တဲ့ဆန္ဒရှိရင် လစဉ် သူ့ဝင်ငွေထဲက ၂၀ ရာခိုင်နှုန်း စုမယ်၊ ဘဏ်မှာ သူက ၂၀ ရာခိုင်နှုန်း လစဉ်လာစုနေလိုက်ရင် သူ ဝင်ငွေတခု ရှိတယ်ဆိုတာ ပြနိုင်မယ်။
အိမ်တလုံးကိုဝယ်ရင် ကြိုတင်ပေးငွေရှိတယ်။ ၂၀ ရာခိုင်နှုန်းတို့ ၁၀ ရာခိုင်နှုန်းတို့ ရှိတယ်။ ဒါကို ပေးသွင်းလိုက်ပြီး ထပ်လိုနေတဲ့ငွေကို ဒီဘဏ်က ယူပြီးတော့ ပေးလိုက်၊ ဘဏ်က ငွေကိုချေးပေးမယ်။ သူက ဒီဘဏ်မှာ ငွေလာစုနေရုံပဲ။ ထည့်ထားတဲ့ စုငွေအတွက်လည်း ဘဏ်က အတိုးနှုန်းပေးဦးမှာ။
ဧရာဝတီ။ ။ ဒီချေးငွေပုံစံတွေမှာ သက်တမ်း ဘယ်လိုထားရှိ ပါသလဲ။
ဦးဝင်းဇော်။ ။ ချေးပေးမယ့် ကာလက နှစ် ၃၀ အများဆုံးလို့ တွက်တယ်။ ဥပမာ အနှစ် ၃၀ သက်မှတ်ပေမယ့် အသက် ၅၀ ရှိတဲ့ လူတယောက်က ဒီငွေကို ချေးတော့မယ်ဆိုရင် သူ အလုပ်လုပ်တဲ့ သက်တမ်းက ၁၀ နှစ်ပဲရှိတော့တယ်။ ၁၀ နှစ်မှာ ချေနိုင်တဲ့ အနေအထားရှိဖို့ လိုတယ်။ အသက် ၃၀ ရှိတဲ့ သူတယောက်က ဒီအိမ်ကို ဝယ်မယ်ဆိုရင် နောက်ထပ် နှစ် ၃၀ လုပ်စရာရှိတယ်။ သူ နှစ် ၃၀ ပေးချေခွင့် ရှိတယ်။ ပြန်လည်ပေးဆပ်ရမယ့် သက်တမ်းက ရောက်ရှိနေတဲ့ အသက်နဲ့ ကုန်ဆုံးသွားမယ့် အသက် ၆၀ အထိ ကြားကနှစ်နဲ့ ဆပ်ရမှာ။ မိသားစုကပါ ပေးချေသွားမယ်ဆိုရင်တော့ ပေးချေတဲ့ သက်တမ်းက တိုသွားနိုင်တာပေါ့။
ဧရာဝတီ။ ။ ချေးငွေမပြီးသေးခင် ဒီအိမ်မှာ နေထိုင်ခွင့် ရှိပါသလား။ နောက် ချေးငွေ ပြန်ပေးဆပ်မှု မပြီးမြောက်ခင် လက်လွဲရောင်းချခွင့် ရှိပါသလား။
ဦးဝင်းဇော်။ ။ အိမ်ဝယ်ယူဖို့အတွက် ချေးငွေ စထုတ်ချေးပြီးတာနဲ့ အဲဒီအိမ်မှာနေလို့ ရပါတယ်။ ဒါပေမယ့် လက်လွဲ ရောင်းချလို့တော့ မရပါဘူး။ အပြီးငွေချေပြီးမှ ရပါမယ်။ နေထိုင်ခွင့်ပဲပေးမှာပါ။ ပိုင်ဆိုင်ခွင့် မပေးသေးပါဘူး။ ငွေဆက်ပြီး မသွင်းနိုင်ရင် အိမ်ပေါ်က ဆင်းပေးရပါမယ်။
ဧရာဝတီ။ ။ ဒီလိုငွေချေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ဗဟိုဘဏ် အနေနဲ့လည်း ဘယ်လို ခွင့်ပြုပေးထားလဲ။ လက်ရှိဘဏ်မှာ မတည်ငွေဘယ်လောက် ရှိပါသလဲ။
ဦးဝင်းဇော်။ ။ ဗဟိုဘဏ်က ဒီလိုငွေချေးဖို့အတွက်ကို လိုင်စင်ပေးထားတယ်။ ဒီလိုင်စင်ကို ဒီဘဏ်တခုတည်းကပဲ ရထားတယ်။ လောလောဆယ်မှာ မတည်ငွေ ကျပ် သန်းပေါင်း ၅၉ ဘီလီယံရှိတယ်။ ချေးသူများရင် များသလောက် ချေးသွားမှာပဲ။ လည်ပတ်နိုင်သလောက် ချေးသွားမယ်။ ဘဏ်အနေနဲ့က နိုင်ငံခြားဘဏ်တွေက ချေးလို့ရရင် ချေးမှာပဲ။ ပြည်တွင်းငွေလေးနဲ့တင် မဟုတ်ဘူး။
ဧရာဝတီ။ ။ ဒီစီမံကိန်းကို ဘယ်တော့လောက်များ အကောင်ထည်ဖော်သွားဖို့ ရှိပါသလဲ။
ဦးဝင်းဇော်။ ။ အကောင်အထည်ကတော့ ဖော်နေပါပြီ။ ဝင်ငွေ အရမ်းနည်းတဲ့သူတွေကို မချေးနိုင်သေးဘူး။ ဘာကြောင့်လဲဆိုရင် ဒီဝင်ငွေအရမ်းနည်းတဲ့ သူတွေကို ချေးဖို့အတွက် ငွေကမရသေးလို့။ ရတာနဲ့ ချေးမှာ။ အခုတော့ ပုံမှန် ၁၃ ကျပ်နှုန်းအတိုးနဲ့ ဝယ်ချင်တဲ့သူရှိရင် ချေးပေးနေပြီ။ အခုက ရွှေလင်ဗန်းတို့၊ မန္တလေးက မြရည်နန္ဒာတို့ကို ချေးနေပြီ။
အတိုးနှုန်း အနိမ့်ဆုံးနဲ့ ချေးပေးဖို့က ဆောင်ရွက်နေပါတယ်။ ချေးတဲ့သူတွေ အများကြီးတော့ မရှိသေးဘူး၊ လာချေးရင်တော့ ဝင်ငွေအခြေအနေကို ဘဏ်က ပြန်ကြည့်ရဦးမယ်။ ဝင်ငွေနည်းသူတွေကို ချေးဖို့အတွက် နိုင်ငံခြားနဲ့ စကားပြောနေတယ်။ ၂၀၁၅-၁၆ ခုနှစ်မှာ ဖြစ်လာတော့မှာပါ။ ဒီငွေက ဝင်ငွေနည်းတဲ့ ပြည်သူ အားလုံးနဲ့ဆိုင်တယ်၊ မည်သူမဆို ချေးနိုင်ပါတယ်။
ဧရာဝတီ။ ။ ဒီဘဏ်ကို ဘယ်အချိန်က စဖွင့်ခဲ့ပါသလဲ။ လက်ရှိဘဏ်ခွဲပေါင်း ဘယ်လောက်ရှိပါသလဲ။ ဆက်ဖွင့်မယ့် ဘဏ်တွေကိုလည်း သိပါရစေ။
ဦးဝင်းဇော်။ ။ ဒီဘဏ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စဖွင့်ခဲ့တယ်။ ဖွင့်လှစ်ပြီးတဲ့ဘဏ်ခွဲတွေက ရန်ကုန်မှာ ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပြည်သူ့ဥယျာဉ်နဲ့ နေပြည်တော်မှာတခု၊ မန္တလေးမှာ တခုရှိတယ်။ နောက်ပိုင်းမှာလည်း ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မှာ စလုပ်နေပြီ။ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးမှာဖွင့်မယ်။ အိမ်ရောင်းအိမ်ဝယ်တွေ ဒီဘဏ်တွေက ငွေလာချေးရုံပဲ။













