ရှမ်းပြည်နယ်အတွင်းရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ခရစ်ယာန်ဘာသာရေး ဆရာများကို ဖမ်းဆီး စစ်ဆေး အပြစ်ပေးကာ ဘုရားကျောင်းများကို ဖြိုဖျက်မှုများ ၊ ခရစ်ယာန်ဘာသာဝင်များကို လိုက်လံ စစ်ဆေးမေးမြန်းမှုများ ဖြစ်ပွားနေသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက အစွန်းရောက် ဘာသာရေး ဆရာများကြောင့် ဒေသ မတည်မငြိမ် ဖြစ်နေမှုကို ထိန်းချုပ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဝ ဒေသ ဥပဒေနှင့် မကိုက်ညီဘဲ လှုံဆော် နေသူများကိုသာ စစ်ဆေးနေခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
စက်တင်ဘာလအတွင်းပြုလုပ်ခဲ့သည့် UWSA ဗဟိုကော်မတီအစည်းအဝေးတွင်လည်း စာသင်ကျောင်းများ တွင် ဘာသာရေးနှင့် ဆိုင်သည့် အကြောင်းအရာများ မသင်ကြားရန်၊ ဝ ဒေသွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အရေအတွက် ကောက်ခံရန်နှင့် ၁၉၉၂ ခုနှစ် နောက်ပိုင်း ဝ ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာများ ခွင့်ပြုထားသည်မှအပ ဆောက်ထားသည့် ဘုရားကျောင်းများကို ပယ်ဖျက်ဖြိုဖျက်ရန် ဆုံးဖြတ်ထားကြသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်းက ခရစ်ယာန်ဘုရားကျောင်း အချို့ (ရုပ်သံ – Ye Ming/Facebook)
လူမှုကွန်ရက်နှင့် ခရစ်ယာန် အသိုင်းအဝိုင်းများကြားတွင် UWSA စစ်သားများက ဘုရားကျောင်းများကို ဖျက်ဆီး နေသည့် ရုပ်သံမှတ်တမ်းများ၊ လက်ဝါးကတ်တိုင်များကို တူဖြင့် ထုနှက်ဖြိုချနေသည့် မှတ်တမ်းများ ပြန့်နှံ့ကာ ဝေဖန်မှုများရှိနေသည်။
UWSA ၏ ဘုရားကျောင်းများ ဖြိုချဖျက်ဆီးခြင်းက ခရစ်ယာန်ဘာသာဝင်များကို ဖိနှိပ်ခြင်းအပြင် နိုင်ငံရေးနှင့် ဆက်နွယ်သည်ဟူသည့် ဝေဖန်ချက်များလည်း ရှိနေသည်။
ဝ ဒေသအတွင်း နှစ်ခြင်းခရစ်ယာန်အဖွ့ဲများလည်း သာသနာပြုနေလျှက်ရှိသည်။ ထိုထဲမှ နှစ် ၃၀ ကျော်ကြာ ဝ ဒေသသို့ ဝင်ရောက် သာသနာပြုနေပြီး နိုင်ငံရေး၊ လူမှုရေးပိုင်း ဆိုင်ရာတွင် အားကောင်းသည့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)၊ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဝ ဒေသအတွင်း ဖြစ်ပျက်နေသည်များနှင့် ပတ်သတ်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က ဆက်သွယ်မေးမြန်းထားပါသည်။
KBC သည် ၁၈၇၇ ခုနှစ်က စတင်တည်ထောင်ထားပြီး နယ်အသင်းတော်များ အဖွဲ့ ၁၅ ဖွဲ့၊ အသင်းတော်ပေါင်း ၄၂၀ နှင့် အသင်းသူ အသင်းသား စုစုပေါင်း ၄ သိန်းကျော်ဖြင့် ဖွဲ့စည်းထားသည့် ဘာသာရေးအဖွဲ့ တခုဖြစ်သည်။
မေး။ ။ ပန်ဆန်းမှာ ဘာသာရေးဆရာတွေ ခေါ်ပြီး အစစ်ဆေးခံရတာ KBC က အမှုဆောင်တွေရော စစ်ခံရတဲ့ထဲ ပါသလား။ ဘာတွေ ဖြစ်နေလဲဆိုတာ ရှင်းပြပေးပါဦး။
ဖြေ။ ။ ဝဒေသ မှာလား။ ကျနော်တို့ KBC ကတော့ မပါဘူး။ မပါဘူးဆိုတာ ဒီလိုပါ။ တခြား ခရစ်ယာန်အဖွဲ့ တွေက သူတို့က သာသနာပြုတာက နတ်စားတွေကို နည်းနည်းနှိမ်ချင်တဲ့ သဘော ရှိတာကို ဖေ့ဘုတ်ထဲမှာ ထည့်လိုက်တော့ ရိုးရာယဉ်ကျေးမှု အဖွဲ့တွေရယ် ဝ အစိုးရရယ်က ဒါကို သူတို့ မကြိုက်ဘူး။ မကြိုက်တော့ ဘုရားကျောင်းတွေကို စည်းကမ်းသတ်မှတ်လာတယ်။ ဆရာတွေကို ခေါ်ပြီး စစ်ဆေးလာတယ်။ အဲ့တာမျိုးတွေ ရှိလာတယ်။ ကျနော်တို့ KBC ကတော့ အဲ့တာမျိုးတွေ မလုပ်ဘူး။ သူတို့ စစ်ဆေးခဲ့ရင်လည်း ကျနော်တို့က အန္တရာယ် ပြဿနာ မရှိပါဘူး။
မေး။ ။ ပန်ဆန်းမှာ KBC က အမှုတော်ဆောင် နဲ့ အသင်းဝင် ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ အဲ့ဒေသမှာ ကျနော်တို့ဘက်က အမှုဆောင် ဆရာတွေ ၁၀ ယောက်ကျော် ရှိပါတယ်။
ကျနော်တို့ KBC အသင်းဝင်က ဝဒေသက ရွာ ၆ ရွာမှာ ကချင်တွေ ရှိတယ်။ ၆ ရွာက ကချင်သက်သက် ရှိတဲ့ရွာပေါ့ ။ သူတို့က ရှေးနှစ်ပေါင်းများစွာကတည်းက ကွန်မြူနစ် မဝင်ခင်ကတည်းက နေခဲ့တဲ့ ရွာတွေ ။ ဆိုတော့ ကျနော်တို့က ပြဿနာ မရှိဘူး။ အဲ့ရွာက ကချင်တွေကလည်း ပြဿနာ မရှိပါဘူး။ လူဦးရေကတော့ တထောင်ကျော် နှစ်ထောင်နီးပါး ရှိပါတယ်။
မေး။ ။ ခေါ်စစ်တာတွေ ဖြစ်ပြီးနောက် ဝ အုပ်ချုပ်ရေးပိုင်းက စည်းကမ်းထုတ်တာ ဘာသာရေးဆရာတွေက တခြားဒေသက လာသူတွေ မဖြစ်ရဘူးဆိုပြီး ပါတယ်နော်။ အဲ့တာကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ကချင်တွေကတော့ အဲ့ဒေသမှာ နေတာ နှစ်ရာချီရှိပြီးနေတဲ့ ကချင်တွေရှိတယ်။ အဲ့တာကြောင့် ကျနော်တို့က ပြဿနာ မရှိဘူး။ ဝ အစိုးရနဲ့လည်း ကျနော်တို့ ပြေလည်တယ်။ ဝ အစိုးရကလည်း ကျနော်တို့ KBC ကို လက်ခံတယ်။ အခု လက်မခံပဲ ဖြစ်သွားတာကတော့ ကျနော်တို့ နှစ်ခြင်းသာသနာ မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ။ ဟိုတခါ ဘိုကလေးဘက် ဧရာဝတီတိုင်းဘက်မှာ ဖြစ်တဲ့ ( လူငယ်တွေကို အိမ်မပြန်အောင်ခေါ်ထားတာ ဆွဲဆောင်ထားတာ) စင်တာတွေ ဖွင့်ပြီး လုပ်တဲ့ ခရစ်ယာန်အဖွဲ့တွေ ရှိတယ်လေ။ ပုံမှန် မဟုတ်တဲ့ ခရစ်ယာန် လှုပ်ရှားမှုတွေပေါ့။ အဲ့တာကြောင့် အခုလို ဖြစ်တာပါ။
မေး။ ။ ပုံမှန်မဟုတ်တဲ့ ခရစ်ယာန်လှုပ်ရှားမှုဆိုတာကိုကျတော့ ဆရာတို့ ခရစ်ယာန်အဖွဲ့တွေ အနေနဲ့ ဘယ်လို မြင်ပါသလဲ။ ဘယ်လို ခေါ်ဝေါ်သလဲ။
ဖြေ။ ။ ကျနော်တု့ိ သမ္မာကျမ်းစာကို ဘာသာဖွင့်ဆိုတဲ့အခါမှာ သူတို့က လွဲမှားစွာ ဖွင့်ဆိုတာပေါ့ဗျာ။ သူတို့က လူငယ်တွေ အကြိုက်ကို လိုက်ပြီးမှ သူတို့နဲ့ နီးကပ်အောင် သူတို့နဲ့ မခွာနိုင်အောင် အဲ့တာမျိုးတွေ စိတ်ပညာပိုင်း ဆိုင်ရာတွေလည်း ပါမယ်ထင်တယ်။ ပုံမှန်စိတ်ထားမျိုးနဲ့ဆိုရင် ကိုယ့်မိဘ ကိုယ့်အိမ်ကို မပြန်ချင်ပဲ မရှိစေရဘူးလေ။ အဲ့လိုမျိုး ဖြစ်သွားတာက သာမာန်ထက် ပိုသွားတယ်။ သာမာန်မဟုတ်ဘူး။ လွန်သွားတာပေါ့။ ကျနော်တို့ ခရစ်ယာန်မှာသာမာန်ပဲ ရှိတယ်လေ။ သာမာန်ထက် လွန်ကဲတာတို့ အောက်ကျတာတို့ မရှိဘူး။ အဲ့တာမျိုး အယူအဆတွေ ကွဲသွားတာ။
မေး။ ။ သာမာန်ထက် လွန်ကဲတဲ့ အယူအဆတွေရှိတာက ဘယ်လို ခရစ်ယာန်မျိုးလဲ ။
ဖြေ။ ။ သူတို့ကို ခရစ်ယာန်အစစ်လို့ ပြောလို့ မရဘူး။ သူတို့ဟာ စနစ်တကျ တည်ထောင်ထားတဲ့ ခရစ်ယာန် အသင်းတော် တွေကို တိုက်ခိုက်တဲ့ အသင်းသူအသင်းသားတွေကို သူတို့ဘက် ပါအောင် လုပ်တဲ့ အဖွဲ့တွေပဲ ဖြစ်တယ်။ သူတို့က ကျနော်တို့ ခရစ်ယာန်တွေကို တိုက်ခိုက်တဲ့ အဖွဲ့တွေပဲ။
အဲ့တာတွေ အများကြီး ပေါ်နေတယ်။ အများကြီး ရှိနေတယ်။ ဥပမာ အယူလွဲမှားပြီး ရောဂါဖြစ်ရင် ဆေးမစားတာတို့ ဆေးရုံ မတတ်တာတို့ အမျိုးမျိုးပဲ။ လူတွေ နားမလည်တဲ့ စကားတွေ ပြောပြီးတော့ တတ်သလို လူးလိမ့်ပြီး ဆုတောင်းတာတို့ ရူးသွပ်သလိုလို ကိုးကွယ်တာတို့ ရှိကြတယ်။ အဲ့တာတွေက ကျနော်တို့ ခရစ်ယာန် ယုံကြည်ခြင်းနဲ့ ဆန့်ကျင်တဲ့ မိစ္ဆာဒိဌိပုံစံမျိုးတွေပါ။
မေး။ ။ ဝ ဒေသမှာ ဘာသာရေးဆရာတွေ ခေါ်စစ်ခံရတဲ့ သတင်းကြောင့် ခရစ်ယာန်တွေ ဖိနှိပ်ခံနေရတယ်လို့ ဝေဖန်မှုတွေ ရှိနေတယ်။ အခု ဆရာပြောဆိုချက်အရ ဆိုရင် ဝေဖန်မှုတွေက မဟုတ်ဘူးပေါ့။
ဖြေ။ ။ ကျနော်တို့ ဝဒေသမှာ ကျနော်တို့ KBC က ဝ အစိုးရရဲ့ သဘောတူညီချက်နဲ့ အဲ့ဒေသမှာ ဘုရားရှိခိုးတာ သာသနာပြုတာ စာသင်ကျောင်းမှာ ကူညီတာတို့က နှစ်ပေါင်း ၃၀ ကျော် ရှိပါပြီ။ ကျနော်တို့ ဘာမှ ပြဿနာ မဖြစ်ဘူး။ အခု ဖြစ်တာက ကျနော်တို့ နှစ်ခြင်းမဟုတ်တဲ့ ခရစ်ယာန် မဟုတ်တဲ့ မိစ္ဆာဒိဌိပုံစံမျိုး သာသနာပြု ပုံစံမျိုးနဲ့ သူများရဲ့ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ကိုလည်း တန်ဖိုးမထားတဲ့ သာသနာပြုတွေကြောင့် အဲ့လို ဖြစ်သွားတာ။ အမှန်ဆို ကျနော်တို့ သာသနာပြုတယ် ဆိုတာက မူလရှိတဲ့ လူမျိုးရဲ့ ယဉ်ကျေးမှု ၊ ဓလေ့ ထုံးတမ်းတွေကိုလည်း တန်ဖိုးထားပေးရမယ်။ သူတို့က တန်ဖိုးမထားပဲ စော်ကားတော့ ဟိုက မခံနိုင်လို့ လုပ်လိုက်တာ။
မေး။ ။ ဘုရားကျောင်းတွေ ချိတ်ပိတ်တယ်ဆိုတာကရော သာသနာပြု အကုန်လုံးရဲ့ ကျောင်းတွေလား။ ဒါမှမဟုတ် ပြဿနာ ဖြစ်တဲ့ ဘာသာရေးဆရာတွေရဲ့ ကျောင်းတွေပဲလား။
ဖြေ။ ။ အခု ကျနော်သိရသလောက်ကတော့ ဘုရားကျောင်းတွေကို ပိတ်တာက အားလုံး ပိတ်တယ်။ ဒါပေမယ့် သူတို့ စီစစ်ပြီးရင် ပြန်ဖွင့် ပေးပါလိမ့်မယ်။
မေး။ ။ ဒါဆို ခရစ်ယာန်အစစ်နဲ့ အတုအယောင်ကို ခွဲခြား ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ ကျနော်တို့ ခရစ်ယာန်အစစ်က ဟောပြောတာတွေ ဆွဲဆောင်တာတွေ မရှိဘူး။ ခရစ်ယာန်အစစ်ဆိုတာက မိမိရဲ့ တသက်သာမှာ သူတပါးကို အကျိုးပြုမယ်။ သူတပါးကို ကူညီမယ်။ သူတပါးကို အနစ်နာခံမယ်။ စေတနာနဲ့ ကူညီမယ်။ အမြဲတမ်း သူတပါးအတွက် အနစ်နာခံပြီး ခရစ်တော်ကဲ့သို့ အသေခံတဲ့ တသက်သာ ကသာ ခရစ်ယာန်အစစ်။
အများကြီး ဟောပြီး ကိုယ်ရည်သွေးတာ ထင်ပေါ်ကျော်ကြားချင်တာ အမျိုးမျိုးလှည့်စားပြီးမှ မိမိက ဘုရားရဲ့ လက်အောက်က လက်ထောက်လို ဟောပြောတာမျိုး ဆွဲဆောင်တာမျိုး သူများရှိပြီးသား အသင်းတော်တွေကို တိုက်ခိုက်ပြီးမှ လုပ်တာက ခရစ်ယာန် အတုတွေပါ။
ဒါက အရေးကြီးပါတယ်။ ကျနော်တို့ KBC နဲ့ ဝ အစိုးရနဲ့ကတော့ ဘာမှ ပြဿနာ မရှိဘူး။ သူတို့နဲ့ ကျနော်တို့က မိတ်ဆွေကောင်းပဲ။ အရင်တုန်းက သူတို့ ခေါင်းဆောင်တွေ ကိုယ်တိုင် ဖိတ်ကြားလု့ိ ကျနော်တို့ KBC က သာသနာ ပြုနေတာ အနှစ် ၃၀ တောင် ရှိနေပြီ။ သူတို့နဲ့ ကျနော်တို့က မိတ်ဆွေကောင်းအနေနဲ့ ဆက်ဆံလာခဲ့တာ။ အခုဒီလို ဖြစ်တာလည်း ကျနော်တို့အတွက်ကတော့ ဘာမှ အန္တရာယ် မရှိပါဘူး။