ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်မှာ ၄ လကျော် ရှိပြီဖြစ်သည်။
နှစ်ဖက်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရေးအတွက် ကိုယ်စားလှယ်များ တွေ့ဆုံမှု ရှိသော်လည်း ပြေလည်ခြင်း မရှိသေးပါ။
တပ်မတော်က AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် သတ်မှတ်ထားပြီး ပိတ်ဆို့ချေမှုန်းရန် AA လှုပ်ရှားနေသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့် အရာရှိများ နှင့်လည်း နှစ်နိုင်ငံအစည်းအဝေးများ လုပ်ကာ ချေမှုန်းရေး ဆောင်ရွက် နေသည်။
၄ လ ကျော်ကြာလာသည့် တိုက်ပွဲကာလအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အရပ်သားသေဆုံးမှုနှင့် ထိခိုက်မှုများ မြှင့်တတ်လာပြီး အရပ်သား တသောင်းကျော် မှာလည်း စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ AA ၏နိုင်ငံရေးခံယူချက်အပေါ် ရပ်တည် ချက်များ၊ ပဋိပက္ခများအပေါ် သဘောထားများနှင့် ပတ်သတ်၍ ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ မတ်လ ၂၁ ရက်က နေပြည်တော်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ဆွေးနွေးတဲ့ အပေါ် ဗိုလ်ချုပ်တို့ဘက်က သုံးသပ်ချက်တွေဘယ်လို ရှိလဲ။ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်မလား။
ဖြေ။ ။ ဒါကတော့ နည်းနည်းခက်မယ် ထင်တယ်။ ပြောထားတဲ့ ဟာနဲ့ လုပ်နေတဲ့ဟာတွေ။ ဥပမာ မီဒီယာမှာ ပြောတာ ရှိတယ်။ အစိုးရ ထုတ်ပြန်ချက်တွေ ဒါပေမယ့် သူ့ရဲ့ မြေပြင်မှာ လုပ်ဆောင်ချက် ရှိတယ်။ ပြီးရင် တခြားသော သံတမန်ရေးအရ လုပ်ဆောင်ချက်တွေရှိတယ်။ ကျနော်တို့က ဖြစ်ရပ်တခုမှာ ပြောတဲ့ အပိုင်းရှိတယ်။ လုပ်ဆောင်တဲ့ အပိုင်းရှိမယ်။ ဘယ်သူက ဘာလုပ်ချင်တယ်ဆိုတာကို ကျနော်တို့က အပြောနဲ့တိုင်းတာလို့ မရဘူး။ သူဘာလုပ်နေသလဲ ကျနော်တို့ ကြည့်ရမယ်။ မြေပြင်ထိုးစစ်မှာ အင်အားကတော့ အကုန်သုံးပြီ။ ရေတပ်တွေလည်း သုံးနေပါပြီ။ တပြိုင်တည်းမှာပဲ အခု ကျနော်တို့ကြားပါတယ်။ အိန္ဒိယနဲ့ဖြစ်ဖြစ် ဘင်္ဂလားနဲ့ဖြစ်ဖြစ် တခြားဘယ်နိုင်ငံတွေနဲ့ ဖြစ်ဖြစ် ရပ်တည်လို့မရအောင် ဘာလုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့။ ပါးစပ်က ပြောနေတာတော့ ငြိမ်းချမ်းရေးပဲပေါ့ဗျာ။ ဒါပေမယ့် သူ့ရဲ့ တကယ်လုပ်ရပ်က ငြိမ်းချမ်းရေးကို သူက ကျောခိုင်းထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒါ့ကြောင့် အခက်အခဲတော့ အများကြီး ရှိနေဦးမယ် ထင်တယ်။
မေး။ ။ ဧပြီ ၉ ရက်က မြန်မာ- ဘင်္ဂလား နှစ်နိုင်ငံနယ်ခြားစောင့်တပ် အရာရှိ အစည်းအဝေး ကျင်းပပြီး AA ကို နှိမ်နင်းမယ်လို့သဘောတူကြတယ်။
ဖြေ။ ။ ဒါမျိုး သဘောတူတာကတော့ အခုက လက်မှတ်ထိုးတာဆိုတော့ တရားဝင်သလို တော့ ဖြစ်တာပေါ့။ အရင်လည်း သူတို့ နှစ်ဦးနှစ်ဖက် နယ်ခြားစောင့်တပ် အချင်းချင်း ကြားမှာ ဒါမျိုး နားလည်မှုတွေ ရခဲ့တယ် ဆိုတာလည်း ကျနော်တို့ကြားမိပါတယ်။ ကျနော်တို့ကတော့ အခြေ အနေမှန်ကို ပကတိအရှိတရားကို မြင်အောင်တော့ သုံးသပ်တာပေါ့။ မြန်မာရော ဘင်္ဂလားရော တဦးနဲ့ တဦးကို ယုံကြည်မှု တော်တော်လေး အားနည်းတယ်။ တဖက်နဲ့တဖက် ကြားမှာ။ ပြီးရင် အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ပုံကိုင်ပုံ သဘောသဘာဝ၊ အင်အားနည်းပြီး သူ့ကို ပြန်လည် ရိုက်ခတ်မှု နည်းတဲ့ အရာတွေဆိုရင် သူတို့က လွယ်လွယ်ကူကူ ကိုင်တွယ်ပြီး အောင်ပွဲ ခံလိမ့် ရှိတယ်။ တကယ်လည်း မှန်မှန်ကန်ကန် ရပ်တည်ပြီး သူ့အတွက် အကျိုးမရှိတဲ့ အလုပ်တွေ တခုခု လုပ်လိုက်လို့ သူ့အတွက်လည်း တန်ပြန်ရိုက်ခတ်မှုရှိနိုင်တဲ့ အလုပ်တွေဆိုရင် များသော အားဖြင့် မူအရပဲပြောပြီးတော့ ဒီတိုင်း နေကြတာ များပါတယ်။ နယ်စပ်တွေမှာ ဒါမျိုး အလေ့အထတွေများတယ်။
နောက်တခုကတော့ မြန်မာနိုင်ငံအစိုးရနဲ့ အိမ်နီးချင်း အမြင်မရှင်းတဲ့ ဟာ မယုံမကြည် အစိုးရနဲ့ ရထားတဲ့ သဘောတူညီမှုဆိုပေမယ့် ကျနော်ကြည့်တယ်။ ဒီမြန်မာ အစိုးရက ဒေသတွင်းမှာ သြဇာ အာဏာရှိတဲ့ အစိုးရ မဟုတ်ဘူး။ ပတ်ဝန်းကျင် နိုင်ငံတွေလည်း သိပ်လေးစားတဲ့ အစိုးရ မဟုတ်ဘူး။ သူ့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာတွေကြောင့် သူ့ရဲ့ သြဇာက အဲ့လောက်ထိ မကြီးမားပါဘူး။ တခါတလေ သူက အိန္ဒိယနဲ့ပူးပေါင်းတယ်လို့ ပြောမယ်။ အိန္ဒိယရဲ့ အကြိုက်ပေါ့ဗျာ။ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဒီမှာ လုပ်ပေးတာပေါ့။ ဟိုဘက်ကတော့ ပြန်ကြည့်တာပေါ့။ သူ့ရဲ့သဘောတူညီချက်အရလာမယ်။ လာပြီးမှ သူတို့တပ်နဲ့ ကျနော်တို့ ရက္ခိုင်တပ်နဲ့က ရန်သူမဟုတ်ဘူး။ သူတို့ရဲ့တပ်သားတွေကလည်း စဉ်းစားဉာဏ် ရှိမှာပဲ။ အသေခံပြီး ကျနော်တို့ကို လာတိုက်လည်း သိပ်မှ မထူးခြားပဲ။ အခိုက်အတန့်ကာလကတော့ ဟန်ရေးပြတာတွေ ရှိတတ်ပါတယ်။ ကျနော်တို့ ထိပ်တိုက်မတွေ့အောင်တော့ ကျနော်တို့ရှောင်ရှား မှာပဲ။
မေး ။ ။ မြန်မာ- ဘင်္ဂလား သဘောတူညီချက်မှာ AA နဲ့ ARSA ကို တွဲပြီး ထုတ်ပြန်ထားတယ်။ AA နဲ့ ARSA ကို ချေမှုန်းမယ် ဆိုပြီးပေါ့။ အစိုးရက AA က ARSA နဲ့ ပတ်သတ်နေတယ်လို့လည်း မကြာခဏ ပြောနေတယ်။ ဗိုလ်ချုပ်အနေနဲ့ ARSA မပတ်သတ်ကြောင်း ခိုင်လုံတဲ့ ငြင်းဆိုချက် တွေများ ရှိပါသလား။
ဖြေ။ ။ အများကြီး ရှိပါတယ်။ ပြန်မေးချင်တာပေါ့။ ကျနော်တို့ ARSA နဲ့ပေါင်းတယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား ဘာများ ရှိပါသလဲပေါ့။ သူ့မှာ သက်သေအထောက်အထား ဘာမှ မရှိဘူး။ စွပ်စွဲချက်ပဲရှိတယ်။ အဲ့တာရဲ့ ရည်ရွယ်ချက်ကလည်း ကျနော်တို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ တည်ရှိမှုကို သူက တရားဝင်မဖြစ်စေချင်ဘူး။ သေးသိမ်စေချင်တယ်။ ပတ်ဝန်းကျင်မှာ ဒါမျိုး သတင်းလွှင့်တာပေါ့။ ဒါ့ကြောင့် သူ့မှာ ဘာအထောက် အထားနဲ့ စွပ်စွဲပါသလဲ။ ဒါတချက်မေးချင်တယ်။
နောက်တခုကတော့ ARSA ဆိုတာ ပေါ်ပေါက်လာပုံ သူ့မှာ သူ့ရဲ့ လူမျိုးရေး၊ ဘာသာရေး ခံစားချက်တွေရှိမယ်။ မကျေနပ်မှုတွေ ရှိမယ်။ သူလည်း လက်နက်ကိုင် တော်လှန်ချင်တာ ရှိမယ်။ ဒါပေမယ့် သူ့လက်ထဲမှာ လက်နက်တွေဘယ်လို ရောက်လာသလဲ။ ကျနော်တို့ အမြဲတမ်း သံသယဖြစ်တာက ARSA ကို မြန်မာ့တပ်မတော်က တပတ်လှည့်နဲ့ လက်နက်တွေ ရရှိအောင် လုပ်ဆောင်ခဲ့သလားလို့ သံသယ အမြဲတမ်း ရှိတယ်။ သူတို့ရဲ့ လူမျိုးရေး၊ ဘာသာရေး မကျေနပ်မှုကြောင့် လက်နက်ကိုင်လာတယ်။ ဒီကိုင်ထားတဲ့ လက်နက်အများစု ARSA အဖွဲ့ကိုင်ဆောင်ထားတဲ့ လက်နက် ၈၀ ရာခိုင်နှုန်းလောက်က MA မြန်မာစက်ရုံက ထုတ်တဲ့ လက်နက်တွေပဲဖြစ်နေတယ်။
တချို့တွေကတော့ ဟိုကဒီက ရှာတာတော့ ရှိနိုင်တယ်။ ဒါဟာ သက်သေပါပဲ။ ARSA ကို သူတို့များ ဖန်တီးလိုက်လား။ အဲ့တာကို အကြောင်းပြပြီး အခု သူတို့နယ်စပ်မှာ ဖြစ်သွားတဲ့ ကိစ္စကို ရမယ် ရှာပြီးမှ လုပ်လိုက်တာလားလို့လည်း သံသယ ဖြစ်နိုင်တာပဲ။ ကျနော်ပြောတဲ့ သုံးသပ်ချက်က စွပ်စွဲချက် မဟုတ်ဘူး။ ကျနော့်မှာ အထောက်အထား ရှိတယ်။
ကျနော်တို့ပြလို့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ ARSA နဲ့ ဘယ်နေရာမှာ ပူူးပေါင်းပါသလဲ ဆိုတာ သူတို့ပြောတာ ယူဆချက်ပဲ ဖြစ်တယ်။ ကျနော်တို့ဟာ ARSA ဒီဘက်မှာရှိတယ်။ AA ဒီမှာ ရှိတယ် တိုက်ပွဲမဖြစ်ဘူးပေါ့။ ဒီလောက်ဟာ ခိုင်လုံတဲ့ အကြောင်းတရား မဟုတ်ဘူး။ သူတို့လည်း ဉာဏ်ရှိမှာပဲ။ ကျနော်တို့ကို သူတို့တိုက်လို့ မနိုင် နိုင်ပါဘူူး။ သူတို့သိတယ်။ ကျနော်တို့လည်း သိတယ်။ ဒီလူတွေနဲ့ ရန်ဖြစ်နေရင် ကျနော်တို့လည်း နစ်နာမှာပဲ။ ကြက်ခြံထဲမှာ ထည့်ထားတဲ့ ကြက် နှစ်ကောင် ခွတ်သလို ဖြစ်နေမှာပေါ့။ ဒါ့ကြောင့် ကျနော်တို့က ရခိုင်ပြည်သူလူထုကိုလည်း တချို့နေရာ တွေမှာ ပြောပြတာ ရှိတယ်။ မဖြစ်သင့်တဲ့အချိန်မှာ ရန်မဖြစ်ကြဖို့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ ကျနော်တို့ တပ်တွေကိုလည်း ဒါမျိုးပဲ ထိန်းသိမ်းပါတယ်။ ကျနော်တို့ ARSA နဲ့တော့ ပူးပေါင်း ဆောင်ရွက်မှု မရှိပါဘူး။ ဒါဟာ စွပ်စွဲချက် သက်သက်ပဲဖြစ်ပါတယ်။
မေး။ ။ ဗိုလ်ချုပ်အနေနဲ့ရော ARSA ကို ဘယ်လိုမြင်လဲ။ သူတို့လူမျိုးတွေအတွက် တော်လှန်နေသူ တွေလား။ အကြမ်းဖက်တွေလား။
ဖြေ။ ။ ဒါတော့ သူ့ရဲ့ identity ကို ကျနော်တို့လည်း တတ်နိုင်သလောက်တော့ လေ့လာတယ်။ လေ့လာတယ်ဆိုတာ သိဖို့လိုအပ်တယ်လေ။ သူ့ရဲ့ခေါင်းဆောင်မှုက ဘယ်လိုလဲ။ အထဲမှာ ဘယ်လောက်ထိ နိုင်ငံရေးအရ ခိုင်မာသလဲပေါ့။ ပြီးရင် တချို့ radical အပိုင်းတွေလည်း ရှိနိုင်တယ်။ အဲ့တာကြောင့် သိပ်ဝေခွဲလို့မရတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့လည်း စောင့်ကြည့် ပါတယ်။ သူ့ရဲ့စစ်ရေး အရ အခြေအနေတွေ သူဘယ်လိုဖြစ်လာနိုင်လဲ။ သူ့ရဲ့ potential က ဘယ်လို ရှိလဲ။ သူ့ရဲ့ ခြိမ်းခြောက်မှုက ဘယ်လိုရှိမလဲ။ သူက တကယ်လို့နိုင်ငံရေးအရ ခိုင်ခိုင်မာမာနဲ့ စည်းနဲ့ကမ်းနဲ့ ရပ်တည်တဲ့ အဖွဲ့အစည်းဆိုရင်တော့ သူ့တည်ရှိမှုက ကျနော်တို့ ရခိုင်လူမျိုးတွေ နယ်စပ်မှာ ရှိတဲ့ သူတွေကို ခြိမ်းခြောက်မှုက နည်းနည်း လျော့မယ်။ ဒါမှမဟုတ် သူ့ရဲ့ radical တွေအင်အား အကြီးကြီးနဲ့ဆိုရင်တော့ ကျနော်တို့က သေချာ စောင့်ကြည့်ဖို့ လိုတာပေါ့။
မေး။ ။မြောက်ဦးမှာ ဧပြီ ၉ ရက် ညက တိုက်ခိုက်မှုက ဘယ်လိုဖြစ်တာလဲ။
ဖြေ။ ။ မြောက်ဦးမြို့ရဲ့ အရှေ့ဘက် လေးမြို့မြစ်ရဲ့ တခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ ကြာပါပြီ။ ရက်ပေါင်းတော်တော် ရှိပြီ။ အမြောက်ကြီးစခန်း ၊ သူတို့ကတော့ ရဲတပ်ရင်းလို့ ပြောတယ်။ ဒါပေမယ့် ရဲတပ်ရင်းရဲ့ ခြံဝင်း ဘေးနားက ကုန်းကျောတွေပေါ်မှာ လက်နက်ကြီးတွေ တင်ပြီးတော့မှ ကျနော်တို့ ရှိတဲ့ နေရာတွေကို လှမ်းပစ်နေတာ ရက်ပေါင်း ၂၀ ၊ ၃၀ ရှိပြီ။ ပြီးရင် အဲ့နေရာကပဲ မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်တွေကို လှမ်းပစ်တဲ့ထဲမှာလည်း ပတ်သတ်နေတယ်။ အဲ့တည်းက ကျနော်တို့ အဲ့စခန်းကို စောင့်ကြည့်ပြီး ပြန်ပြီး စစ်ရေးသဘော တရားအရ ရန်သူ့လက်နက်ကြီး ရှိတဲ့ နေရာကို ဝင်တိုက်တဲ့ သဘောပါ။ အဲ့တနေရာရယ် နောက်တခုကတော့ လေးမြို့မြစ်ကမ်းက လေညှင်းတောင်ဆိုတာ ရှိတယ်။ အဲ့နားမှာ တပ်စွဲထားတယ်။ သူတို့ရဲ့ အမြှာက်ကြီးစခန်း ရှိတာပေါ့ ။ အဲ့စခန်း ၂ ခုကို ကျနော်တို့ရဲ့ အထူးတာဝန် တပ်ဖွဲ့တွေ ဝင်တိုက်တာပေါ့။
စစ်ရေးရည်မှန်းချက်ကတော့ ကျနော်တို့ ရန်သူ့လက်နက်ကြီးကို သွားဖျက်ဆီရမှာပဲလေ။ လက်နက်ကြီးတော့ ကျနော်တို့ မှန်းထားသလောက် ရာခိုင်နှုန်းလောက်တော့ မအောင်မြင်ဘူး။ ဒါပေမယ့် သူတို့စခန်းကိုတော့ အထိနာအောင်တော့ လုပ်နိုင်ခဲ့တယ်။ ကျနော်တို့ လက်နက်ခဲယမ်း တွေ သိမ်းနိုင်ခဲ့တယ်။ တကယ်ဖျက်ချင်တာက လက်နက်ကြီးပေါ့။ ဒါပေမယ့် လက်နက်ကြီး ဖျက်ဆီးတာတော့ မအောင်မြင်ခဲ့ဘူး။
သူတို့ အချိန်နည်းနည်း ရသွားတယ်ဆိုတော့ ရွှေ့ဖို့ ပြောင်းဖို့ ရသွားတာပေါ့။ သူတို့ရဲ့ တပ်ကူ တချို့တော့ ကျနော်တို့ ဖြတ်တောက်နိုင်ခဲ့တယ်။ ဒါပေမယ့် တခြား လမ်းကြောင်းကနေ ဝင်လာတဲ့ တပ်ကူတွေ ရောက်လာတော့ ည ၁၀ နာရီလောက်ကနေ ဖြစ်တာ မနက် ၅ နာရီလောက်ကျတော့ သူ့ရဲ့ ဂျက်ဖိုက်တာတွေစရောက် လာပြီ ၃ စီးပေါ့။ တခါလာရင် ၃ စီး စီလာတယ်။ မနက် ၁၀ နာရီလောက်ထိ ကောင်းကင်မှာ တချိန်လုံး ရှိတယ်။ စခန်းကိုလည်း ကျနော်တို့ ဝင်စီးခဲ့တယ်။ စခန်းပေါ်မှာ သူတို့ အပေါ်ကနေ တည့်တည့် ဗုံးတွေ ဘာတွေချတာပေါ့။
မေး ။ ။ မတ်လတုန်းက မြောက်ဦးမြို့တွင်း ပစ်ခတ်မှုမှာ AA က ပစ်လို့ ပစ်ခတ်ရပါတယ်လို့ တပ်မတော်က ပြောတယ်။ AA က မဟုတ်ဘူး ငြင်းတယ်။ တိတိကျကျ သက်သေတွေ ရတာ မတွေ့ရဘူး။ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ခိုင်လုံတဲ့ သက်သေဆိုတာ ဒီလိုမျိုး ပြောလို့ရတယ်။ သူတို့က ကျနော်တို့ကို အိမ်တွေ ဘုရားတွေပေါ်က ပစ်တယ်လို့ ပြောတယ်။ အဲ့လိုဆိုခဲ့ရင် မြောက်ဦးမြို့ တမြို့လုံးကို မေးလို့ ရတယ်။ မြို့သူမြို့သားတွေကို ပြောတဲ့စကားက ရခိုင်လူမျိုးဖြစ်လို့ မယုံဘူးဆိုပါတော့ အဲ့လိုဆိုရင် သူတို့စွပ်စွဲသလို အိမ်ပေါ်က ပစ်တယ်ဆိုရင် ဘယ်အိမ်ပေါ်က ပစ်သလဲ။ အဲ့အိမ်ရှင်ကို သူတို့ ဖမ်းမေးရမယ်။ အဲ့အိမ်ပေါ်က ပစ်တယ်ဆိုရင် အဲ့အိမ်ကို လက်ညိုးထိုး ကြိုက်တဲ့အချိန် ထောင်ချလို့ ရတယ်။
ဘုရားပေါ်က ပစ်တယ်ဆိုရင် ဘယ်ဘုရားပေါ်က ပစ်လဲ။ အဲ့ဘုရားပေါ်မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကိုင်တဲ့ အသုံးပြုတဲ့ ကျည်ဆံခွံ တခွံ ရှာပေးနိုင်သလား ကျနော် မေးချင်တယ်။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ကျနော်တို့ လက်မခံဘူး။ ဥပမာ RPG နဲ့ ပစ်လိုက်တယ် ဆိုရင် သူတို့သုံးတဲ့ RPG မှာ RPG 7 ဆိုရင် သူ့ရဲ့ ဒလက်ရှိတယ်။ သူ့ရဲ့ တံဆိပ်တွေပါတယ်။ အဲ့မှာ ကျနေတာ ကျနော်တို့ အကုန်ပြနိုင်တယ်။ ကျနော်တို့သိမ်းထားတယ်။ 79 ဗုံးသီး ဆိုရင်လည်း 79 ဗုံးသီး အထောက်အထားတွေ ၁၂၀ မမ ဆိုလည်း သူ့ကပစ ရဲ့ အထောက် အထားတွေ Lock နံပါတ်တွေနဲ့ ကျနော်တို့ အသေအချာ အထောက်အထား ပြနိုင်တယ်။
သူတို့ပြောသလိုမျိုး အပြန်အလှန် ပစ်ခတ်တယ်ဆိုရင် ဘယ်အိမ်ကနေ ပစ်ပါသလဲ လို့ ကျနော် မေးချင်တယ်။ အဲ့ ပစ်တဲ့ နေရာမှာများ ကျည်ဆံခွံလေး တတောင့်လောက် ပြခဲ့ရင်တော့ သူတို့ပြောတာ တရားနည်းလမ်း ကျတယ်လို့ ပြောလို့ရတာပေါ့လေ။ အယူအဆတွေနဲ့ မမြင်နိုင်တာတွေကို ဖုံးကွယ်တာ ကျနော်တို့ မလိုချင်ဘူူး။ အထောက်အထားနဲ့ အသေအချာ ပြောတာကို ကျနော်တို့ လက်ခံတယ်။
ပြီးတော့ ကျနော် ဘယ်လောက်ထိ အံ့သြလည်းဆိုရင် သူတို့ရဲစခန်းနံရံတွေမှာ ကျည်ဆံဒဏ်ရာ တွေကို ပြပြီးတော့မှ ဓါတ်ပုံတွေ ထုတ်လာတာ ပြန်ကြားရေးမှာ ကျနော်တို့ တွေ့တယ်။ အဲ့တာဆို ကျည်ဆံအခွံကိုတော့ ကျနော်တို့ ရှာဖို့မလွယ်ဘူး။ ဒါပေမယ့် အဲ့နေရာကို ပစ်ထားတဲ့ ကျည်ဆံ ထိပ်ဖူး ရှိတယ်။ ဒါကို စစ်ဆေးရင်လည်း ရပါတယ်။ ဒါ ကျနော်တို့ကျည်ဆံ မဟုတ်ဘူး။ ကျနော်တို့ ဒီနေ့ထက်ထိ ဘယ်မြို့ကိုမှ ကျနော်တို့ မပစ်သေးဘူး။ တခုတော့ ရှိတယ် ။ သူတို့စစ်ဆင်ရေး ပုံစံနဲ့ ထွက်လာတဲ့ ကားတန်းတွေကိုတော့ ကျနော်တို့ Rocket တွေနဲ့ပစ်တာ ရှိတယ်။ အဲ့တာက မြို့အပြင်မှာ ဖြစ်တယ်။ ကျနော်တို့ ၃ စီးကို ပစ်တယ်။ ကားထဲ ဝင်တယ်။ အဲ့တာကြောင့် မို့ မြို့ထဲ ဝင်ပြီး လက်စားချေတာ ဖြစ်တယ်။
စစ်ရေး အယူအဆအရ ပြောမယ်ဆိုရင် ကျနော်တို့ အနေနဲ့ကျနော်တို့ ရခိုင်မြို့တွင်းမှာ တိုက်ပွဲ ဖော်ရင် ကျနော်တို့အတွက် ဘာမှ အကျိုးမရှိဘူး။ ကျနော်တို့ မြို့ထဲကို ဝင်သိမ်းစရာ အကြောင်းမရှိဘူူး။ ဒါဟာ ရခိုင်တွေ နေတဲ့ နေရာပဲ။ ကျနော်တို့က အဲ့နေရာမှာ ကိုယ့်လူထု ကြားထဲကို ဝင်ပစ်လောက်အောင်ထိ အသိဉာဏ် ကင်းမဲ့ နေတဲ့ လူတွေ မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ပြောသလိုမျိုးလည်း ပစ်ပြီးမှ ပြေးသွားတယ်ပေါ့။ အဲ့တာက ပိုပြီးတော့တောင် ယုတ္တိမရှိဘူး။ အရင်လည်း ကျနော်တို့ကြားဖူးပါတယ်။ မြန်မာ စိတ်ဓါတ် စစ်ဆင်ရေးဌာနရဲ့ ပြောဆိုချက်တွေကိုပေါ့။ မွတ်ဆလင်တွေနဲ့ ပြဿနာ ဖြစ်တဲ့ အချိန်မှာ တရွာလုံးကို မီးရှို့လိုက်ပြီးမှ သူ့အိမ်ကို သူ မီးရှို့ပါတယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ ဖြစ်နိုင်ချေနည်းတဲ့ တဖက်သက် ပြောဆိုချက်တွေနဲ့ အလားသဏ္ဍန်တူတာပေါ့။
မေး။ ။ ၂၀၁၉ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်မှာ AA ကို ပိတ်ဆို့ ချေမှုန်းဖို့ အစိုးရ၊ တပ်မတော်တို့က အိန္ဒိယ နဲ့လည်း ညှိတယ်။ ဘင်္ဂလားနဲ့လည်း ညှိတယ်။ ဗိုလ်ချုပ်တို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအပြည့်ကို ဝင်နေရာယူဖို့ကြိုးစားနေတဲ့ အချိန်မှာ ဒီလိုတွေဖြစ်တော့ စိုးရိမ်မှု ရှိလား။
ဖြေ။ ။ စိုးရိမ်မှုက အဲ့လောက်ထိ မဟုတ်ပါဘူး။ ကျနော်တို့ ၂၀၁၀ လောက်ကတည်းက အခြေအနေတွေကို သုံးသပ်ပြီးမှ ကျနော်တို့လူတွေတပ်တွေ မရောက်ခင်ကတည်းက အဲ့ဘက်မှာ လူထုအနေနဲ့ ဆက်ဆံမယ့် ကိစ္စတွေရော ပြီးရင် နယ်စပ်မှာ ရှောင်လွဲလို့ မရတဲ့ လူတွေရှိတယ်။ သူတို့နဲ့ဘယ်လို ထိတွေ့ဆက်ဆံမလဲပေါ့။ အခြေအနေတွေ တင်းမာမှုတွေ ဖြစ်လာရင် ဘယ်ပုံစံနဲ့ ဝင်ညှိနှိုင်းမလဲဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီးတော့မှ ချဉ်းကပ်မှုတွေ သေချာ လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း အခုဝင် အခုထိုင်ဆိုတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ပြဿနာတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ ကျနော်တို့ လုပ်ခဲ့ပါတယ်။ အစိုးရ အနေနဲ့ကတော့ သူတို့လုပ်သင့် တာကို သူတို့လုပ်နေတာပဲ။ အဓိက ကတော့ ကျနော်တို့လည်း ကျနော်တို့ ရှင်သန်ရေး အတွက် လုပ်သင့် လုပ်ထိုက်တာကိုတော့ လုပ်ရမှာပါပဲ။
မေး။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဗိုလ်ချုပ်တို့တပ်စခန်းတွေ တည်ဆောက်တာ၊ တပ်မဟာတွေ တပ်ရင်းတွေဖွဲ့စည်းတာ ဘယ်အခြေအနေ ရှိပြီလဲ။
ဖြေ။ ။ ကျနော်တို့တော့ တော်တော်လေး အင်အားကြီး သွားပါပြီ။ အရမ်းကြီး တော့ မဟုတ်ဘူးပေါ့လေ။ ဒီဟာကတော့ ကျနော်တို့မပြောဘူး။ အိမ်စာကို တဖက်လူကို လုပ်ခိုင်းတာ။ သူတို့ အရည်အချင်းရှှိရင် သူတို့ခန့်မှန်းပေါ့။ ကျနော်တု့ိ အခုလို ရပ်တည်နေတယ် ဆိုတာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်တာပဲ။ သူတို့ ခွင့်ပြုလို့နေတာ မဟုတ်ဘူး။ သူတို့ သဘောတူသည် ဖြစ်စေ မတူသည် ဖြစ်စေ ကျနော်တို့ရဲ့ ရည်မှန်းချက်အတိုင်း မဖြစ်ဖြစ်အောင် လုပ်သွားမှာပဲ။ ကျန်တာတော့ သူတို့ အရည်အချင်းနဲ့ဖော်ထုတ်ပါစေပေါ့။ တပ်စခန်းကတော့ ကျနော်တို့ မဆောက်ပါဘူး။
မဆောက်ဘူးဆိုတာ သူ့ရဲ့နည်းဗျူဟာ ရှိတယ်။ မြန်မာစစ်တပ်အနေနဲ့ သူ့ရဲ့ နှစ်ပေါင်း ၁၀ အတွေ့အကြုံကို သူ့မှာ စာအုပ်တွေထွက်ထားတာ ရှိတယ်။ သူ့ရဲ့စစ်တက္ကသိုလ်မှာ သူတို့ ပြုစုထားတဲ့ စာတမ်းတွေရှိတယ်။ အဲ့တာတွေမှာ သူ့ရဲ့စစ်သဘောတရားတွေ ဘယ်လို ကိုင်တွယ်တယ်။ ဘယ်လိုတိုက်ခိုက်တယ်။ ထုတ်ပြန်ထားတာ ရှိသလို မထုတ်ပြန်ထားတဲ့ Classified လုပ်ထားတဲ့ စာတမ်းတွေရှိတယ်။ ကျနော်တို့ လက်လှမ်းမီသလောက် လေ့လာတယ်။
တပြိုင်တည်းမှာပဲ အရင်တုန်းက ဗမာ့တပ်မတော်ထဲမှာ ရခိုင်လူမျိုး အရာရှိတွေရှိတယ်။ သူတို့ ကရင်ပြည်တိုက်ပွဲတွေ ဗကပ တိုက်ပွဲတွေမှာ စာအုပ်က ထွက်လာတာ တမျိုးပေါ့ဗျာ။ ဒါပေမယ့် တကယ့်စခန်းမှာ ဖြစ်နေတဲ့ mentality ၊ အထက်အောက် ဆက်ဆံရေးအခြေအနေတွေကအစ ကျနော်တို့ သေချာ လေ့လာပါတယ်။ အဲ့တာကြောင့် ကျနော်တု့ိလည်း သူ့ရဲ့ အားသာချက်ကို ကိုယ့်အပေါ်မှာ တတ်နိုင်သလောက် မရောက်နိုင်ဖို့နဲ့ ကိုယ့်အားသာချက်အတွက် နည်းလမ်းပေါ့ဗျာ။ ဒါက နည်းဗျူဟာပိုင်းပဲ။ ဒါ့ကြောင့် ကျနော်တို့က တပ်ဖွဲ့စည်းပုံတွေနဲ့ ကျနော်တို့ရဲ့ အနေအထားတွေကို တတ်နိုင်သမျှ သိုသိုသိပ်သိပ် ထားပါတယ်။ ကျနော်တို့က တော်တော်များများတော့ ရခိုင်ပြည်ရဲ့ နေရာများများမှာ လှုပ်ရှားပါတယ်။
မေး။ ။ နယ်စပ်တွေမှာ လှုပ်ရှားကြတဲ့ တော်လှန်ရေးအဖွ့ဲအစည်းတွေက တဖက်နိုင်ငံနဲ့လည်း အပြန်အလှန် မှီခိုရတာတွေရှိတယ်။ AA အနေနဲ့ အိန္ဒိယနယ်စပ်မှာဆို အာသံရိုင်ဖယ်၊ ဘင်္ဂလားဘက်မှာဆို ဘင်္ဂလားနယ်ခြားစောင့်တပ် သူတို့နဲ့ဆက်ဆံရေး ဘယ်လိုရှိလဲ။ အနာဂတ် ဆက်ဆံရေးအတွက် ဘယ်လို မျှော်မှန်းထားသလဲ။
ဖြေ။ ။ အကူအညီကတော့ ကျနော်တို့ လိုချင်တာပေါ့ဗျာ။ ကိုယ့်ထက် အင်အားကြီးတဲ့ အစိုးရစစ်တပ်တခုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျနော်တို့ကတော့ မိတ်ဆွေဆိုတာ များများ ရှာနိုင်လေ ကောင်းလေပေါ့။ ဒါ့ကြောင့် ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်ရှိဖို့တော့ ကြိုးစား တယ်။ သူတို့ဆိုရင်လည်း သူတို့က အစိုးရဝန်ထမ်းပဲလေ။ အစိုးရ မူဝါဒ ပြောင်းရင်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ကိုယ်ဘယ်လောက် အရည်အချင်းရှိလဲ ဆိုတာပေါ်ပဲ မူတည်မယ် ထင်တယ်။ အရမ်းကောင်းတယ်လို့တော့ ပြောလို့မရဘူး။ နံပါတ် ၁ က ကိုယ့်ရဲ့ အနေအထား မှန်မှန်ကန်ကန် ရပ်တည်ဖို့ လိုတယ်။ လက်နက်ကိုင်အဖွဲ့အစည်းဆိုပြီး စည်းမဲ့ ကမ်းမဲ့နဲ့ အဲ့ နယ်စပ်နားမှာ လျှောက်လုပ်နေရင် ကိုယ့်ကို အထင်သေးလာမှာပဲ။
ကျနော်တို့ ရောက်ကာစက အထင်သေးတဲ့ ပုံစံတွေရှိပါတယ်။ နောက်ပိုင်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ စည်းနဲ့ကမ်းနဲ့ နေထိုင်မှု ၊ သူ့ရဲ့ဒေသခံပြည်သူလူထုတွေဆီက သတင်းရတယ်။ နောက်ပိုင်းကျတော့ မြန်မာ့တပ်မတော်နဲ့ ကျနော်တို့တိုက်ပွဲတွေဖြစ်လာတော့ သူ့ရဲ့ ရဟတ်ယာဉ်တွေနဲ့ပစ်နေတာတွေ အမြှောက်ကြီးတွေနဲ့ ပစ်နေတာတွေကို ကျနော်တို့ရဲ့ ခံနိုင်ရည်မှာ ကြည့်ပြီး ကျနော်တို့စွမ်းရည်တွေကို ကြည့်ပြီး စစ်သား အချင်းချင်းဆိုတော့ ပါးစပ်က မပြောရင်တောင် လေးစားမှုလေးတော့ ရတယ် ထင်တာပဲ။ ဒီကောင်တွေ ပျောက်မသွားဘူးပေါ့။ အဲ့လို အနေအထားတွေ ထင်ပါတယ်။ ပြီးရင် ကျနော်တု့ိလည်း စည်းနဲ့ကမ်းနဲ့ ရပ်တည်နေတဲ့ အချိန်မှာလည်း အပြန်အလှန် လေးစားမှုကတော့ အနည်းငယ်တော့ ရှိပါတယ်။ အရမ်းကြီး ပူးပေါင်းဆောင်ရွက်တယ်လို့တော့ မဟုတ်ပါဘူး။ အဲ့လိုမျိုး ပူးပေါင်းဆောင်ရွက်တယ်ဆို ကိစ္စက ပြီးသွားပြီလေ။
မေး။ ။ AA အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ဆင်ရေးတွေ မစတင်ခင် နှစ်တွေက ရခိုင်ပြည်နယ်တွင်းက အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေနဲ့ညှိနှိုင်းတာမျိုး AA အကြောင်း ရှင်းပြတာမျိုး ရှိသလား။
ဖြေ။ ။ တိုက်ရိုက်အနေနဲ့တော့ မရှိပါဘူး။ သူတို့ဘက်ကတော့ ဆက်သွယ်ဖို့ ကြိုးစားတာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က အရမ်းသတိထားတယ်။ ဒါကို ပုံမှားရိုက်ခံရမှာ စိုးရိမ်တယ်။ နိုင်ငံရေးဆိုတာ ဒီလိုပဲလေ မလိုတဲ့ဘက်ကတော့။ အခုတောင် အထောက်အထား ဘာမှ မရှိရင်တောင် စွပ်စွဲနေတဲ့ အခြေအနေမှာ ဒါမျိုး ကျနော်တို့ ထိုင်ပြီး တစုံတရာ ပြောလိုက်တဲ့ဟာက ပတ်ဝန်းကျင်မှာလည်း အထင်လွဲမှားမှု ဖြစ်စေသလို ကျနော်တု့ိ လူထုထဲမှာလည်း အထင်လွဲမှားမှုတွေ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကျနော်တို့ တိုက်ရိုက်အနေနဲ့ ဘယ်တော့မှ စကားလက်ခံလို့ပြောဆိုတာ အခုချိန်ထိ မရှိသေးဘူး။ တချို့ နိုင်ငံတကာ အဖွဲ့တွေက ကျနော်တို့ကို Dialogue လုပ်ပါ ဆိုပြီး ပြောဆိုတာ ရှိတယ်။ ဥပမာ Humanitarian Dialogue ပေါ့ ။ HD လို အဖွဲ့မျိုးဆို ပြောလာတာ ရှိတယ်။ ဒါဆို ကျနော်တို့က တဆင့်စကား ပြန်ပါးပေးတယ်။ မင်းတို့ရဲ့ ဒုက္ခရောက်နေတဲ့ အနေအထားကို ကျနော်တို့ နားလည်တယ်။ လူသားတိုင်းဟာ ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံခံရမယ်။ ကျနော်တို့ ရခိုင်တွေက Arakan Army ရဲ့ မူပေါ့ဗျာ။
ကျနော်တို့ဟာ ဘာသာရေးကို အခြေခံပြီး ဖွဲ့စည်းပြီး အလုပ်လုပ်နေတာ မဟုတ်ဘူး။ အဖိနှိပ်ခံလူတန်းစားတွေကို ကျနော်တို့ နားလည်တယ်။ ဒါ့ကြောင့် မင်းတို့ ငါတို့ကို ပြဿနာ မလုပ်ပါနဲ့။ အဲ့လို သတင်းစကား ကိုတော့ တဆင့်ခံ လာပြောတဲ့ လူတွေကို ပေးတာရှိတယ်။ သူတို့ ဆီကိုလည်း ဒီသတင်းစကား တွေရောက်မယ်လို့ ကျနော်တို့ နားလည်ပါတယ်။ နောက်ပိုင်းဆိုလည်း ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်မှာ ကျနော်တို့တပ်တွေ ရောက်နေပါပြီ တော်တော်များများ။ သူတို့ တောထဲဝင် လုပ်စားသမားတွေလာတယ်ဆိုရင် ကျနော်တို့က သူတို့ကို ပြောပြတာ ရှိတယ်။ သူတို့ရဲ့ လူထုပေါ့။ ကလေးတွေရော လူကြီးတွေရော ရောက်တယ်။ အဲ့လိုဆိုရင် မင်းတို့ မစိုးရိမ်နဲ့။ သူတို့အရမ်း ကြောက်တယ်လေ။ ရခိုင်စစ်သားတွေ လက်နက် အပြည့်အစုံနဲ့ တွေ့တော့ ၁၀၀ ၊ ၂၀၀ မဟုတ်ဘူး။ နေရာတိုင်း ဘယ်နေရာ ဝင်ဝင် တွေ့တော့ ကျနော်တို့ကောင်းကောင်းမွန်မွန် ပြောပြတယ်။ မင်းတို့ မစိုးရိမ်နဲ့ ငါတို့က စည်းကမ်းရှိတယ်။ အဖိနှိပ်ခံလူတွေကို ငါတို့မနှိပ်စက်ဘူး ဆိုပြီး ကျနော်တို့ သေချာ ပြောပြတယ်။
မေး။ ။ပဋိပက္ခတွေတောက်လျှောက်ဖြစ်နေတဲ့ ရခိုင်ဒေသမှာ ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ် ဘာသာဝင် တွေ ဒီလူ့အဖွဲ့အစည်း နှစ်ခုကြား အနာဂတ် ဆက်ဆံရေးအတွက် ဗိုလ်ချုပ်တို့ စဉ်းစား ထားတာ ရှိပါသလား။
ဖြေ။ ။ ဟုတ်တယ်။ ကျနော်တို့ တချိန်ချိန်မှာ ဒီထက် ပိုပြီးတော့မှ ထိန်းချုပ်ခဲ့မယ် ဆိုရင် ဒီပြဿနာ ဖြေရှင်းဖို့က ကျနော်တို့လက်ထဲကို ရောက်လာမှာပဲ။ အဲ့အချိန်မှာ ဖြေရှင်းဖို့အတွက် ပြေပြေလည်လည်ဖြစ်ဖို့အတွက် ကျနော်တို့စဉ်းစားကြတာ ရှိပါတယ်။ အခုချိန်မှာတော့ ပြောဖို့စောပါတယ်။ ကျနော်တို့က သူတို့ကို ဘယ်လို သဘောထားတယ်ဆိုတာ အရေးကြီး သလို သူတို့ကလည်း ကျနော်တို့အပေါ်မှာ ဘယ်လို သဘောထားတယ်ဆိုတာကလည်း ကျနော်တို့ သိဖို့လိုတယ်။ဒါဟာ မျှမျှတတ ဖြစ်ရမယ်။ သူတို့က ကျနော်တို့ကို တကယ် ရိုးရိုးသားသားနဲ့ မိတ်ဆွေလို သဘောထားတယ်ဆိုရင် ရိုးသားတယ် အစွန်းမရောက်ဘူးဆိုရင် ရှေ့ဆက်ဖို့အတွက် အလားအလာက အဲ့လောက် မရှုပ်ထွေးဘူး။ အဲ့ထဲမှာ Radical အပိုင်းတွေက အရမ်းအားကောင်း နေမယ်၊ နယ်နိမိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ လူမှုရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာ အရမ်း ပြင်းထန်တယ် ဆိုရင်တော့ ကျနော်တို့ရဲ့ အမျိုးသား လုံခြုံရေးအတွက်တော့ ကြိုတင်စဉ်းစား ထားတာ တွေတော့ ရှိကြတာပေါ့။ သို့သော်လည်း ဘယ်လူသားမဆို ကိုယ့်ကို ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရင်တော့ ဒါ သူတို့ရသင့်တဲ့ ဆက်ဆံရေးတခုပါ။ အဲ့လို ကျနော်တို့ စဉ်းစား ထားပါတယ်။