လူဦးရေ ထူထပ်သည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် ခွေးလေခွေးလွင့် ကိစ္စသည် ပြဿနာပေါင်းများစွာအနက် တခုအပါ အဝင် ဖြစ်သည်။ ထိုပြဿနာကို အဓိက ကိုင်တွယ်ဖြေရှင်းနေရသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများ ဌာနအတွက်လည်း ကြီးမားသည့် စိန်ခေါ်မှုတရပ် ဖြစ်နေသည်။
ထို့ကြောင့် လမ်းဘေးခွေး ရှင်းလင်းဖယ်ရှားရေးနှင့် ပတ်သက်၍ YCDC ၏ ဆောင်ရွက်နေမှုများကို အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန လက်ထောက် ညွှန်ကြားရေးမှူ ဒေါက်တာ လွင်မင်းစိုးကို ဧရာဝတီ သတင်းထောက် ဇူးဇူးက တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ရန်ကုန်တိုင်းအတွင်း လမ်းဘေးခွေးကောင်ရေ ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ဌာနအနေနဲ့ ပြုစုထားတဲ့ စာရင်းတော့ မရှိပါဘူး။ ဒါပေမယ့် စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနကနေ တနိုင်ငံလုံးမှာရှိတဲ့ တိရစ္ဆာန်ကောင်ရေ ကောက်ယူတဲ့ အရေအတွက် ကို ၂၀၁၉ ဇန်နဝါရီလက နေပြည်တော်မှာ ထုတ်ပြန်ခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ခွေးကောင်ရေ ၃.၈၈ သန်း ရှိတယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ ပညာရှင်များရဲ့ ယူဆချက် ခန့်မှန်းတွက်ချက်မှုအရ ခွေးကောင်ရေရဲ့ ၇၀ ရာခိုင် နှုန်းက လေလွင့်ခွေးများ ဖြစ်တယ်လို့ သုံးသပ်ခန့်မှန်းကြပါတယ်။ ၃.၈ သန်းရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂.၆၆ သန်းလောက် က လေလွင့်ခွေးများဖြစ်တယ်လို့ သုံးသပ်ရရှိပါတယ်။ အဲဒီတော့ လူနဲ့ခွေးရဲ့ အချိုးပေါ့။ မြန်မာနိုင်ငံလူဦးရေနဲ့ ခွေးကောင် ရေ အချိုးကို ချမယ်ဆိုရင် လူ ၂၂/၂၃ ယောက်မှာ ခွေး တကောင် ဖြစ်နိုင်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေ ၆ သန်း လောက်နဲ့ တွက်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ လေလွင့်ခွေးကောင်ရေ နှစ်သိန်းခြောက်သောင်း (၂၆၀၀၀၀) ကနေ နှစ်သိန်းရှစ် သောင်း (၂၈၀၀၀၀) လောက် ခန့်မှန်းခြေ ရှိနိုင်ပါတယ်။
မေး ။ ။ ခွေးသားပေါက်နှုန်းအရ တနှစ်ကို ခန့်မှန်းခြေ ဘယ်လောက် တိုးပွားလာနိုင်ပါသလဲ။
ဖြေ ။ ။ ခွေးက သူ့ရဲ့သက်တမ်းမှာ ၆ လကနေ ၈ လလောက်ဆို ဒါ မြန်မာခွေးပေါ့နော်။ ဒီမြန်မာ လေလွင့်ခွေးတွေက အရွယ်ရောက်ကြပါတယ်။ သားပေါက်နိုင်တဲ့ မျိုးပွားနိုင်တဲ့ အရွယ်ကို ရောက်ကြပါတယ်။ တခါပေါက်လို့ရှိရင် အကောင်ရေ များများပေါက်တဲ့ တိရစ္ဆာန် ဖြစ်ပါတယ်။ တနှစ်မှာ သားပေါက်တာတွေ သဘာဝကြောင့် သေဆုံးတာတွေ ရှင်းလင်းသုတ် သင်တာတွေကို ကိန်းဂဏန်း တွက်ချက်မယ်ဆိုရင် မူလကောင်ရေရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းလောက်ကို အကောင်ရေ တိုးပွားနေတာ ဖြစ်ပါတယ်။ အစောက ကျနော် ခန့်မှန်းတွက်ချက်ထားတဲ့ ၂၆၀၀၀၀-၂၈၀၀၀၀ လောက်ဆိုရင် အကောင် ရေ လေသောင်း (၄၀၀၀၀) မှ ငါးသောင်း (၅၀၀၀၀) ထိ တနှစ်မှာ တိုးပွားမှု ရှိနေပါတယ်။
မေး ။ ။ ဒီလို တိုးပွားနေတဲ့ လမ်းဘေးခွေးတွေကို ဌာနအနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ရှင်းလင်းဆောင်ရွက်နေပါသလဲ။
ဖြေ ။ ။ ဒီလေလွင့်ခွေးနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ဖို့အတွက် အခု OIE လို့ခေါ်တဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်း မာရေးအဖွဲ့ကြီးက guide line ပေးထားတဲ့ နည်းလမ်းက ၁၁ ခုလောက်ရှိပါတယ်။ အဲဒီထဲမှာမှ ကျနော်တို့ နိုင်ငံနဲ့ ရေမြေအ ခြေအနေနဲ့ လက်ရှိသွားနေတဲ့လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေဖြစ်ပြီး ကိုက်ညီတဲ့ နည်းလမ်းက ၆ နည်းလောက်ရှိပါတယ်။
လက်ရှိ YCDC အနေနဲ့ ဒီ guide line တွေနဲ့အညီ လေလွင့်ခွေးတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ နံပါတ် ၁ ခွေးတွေကို တာဝန်ယူ မွေးမြူတဲ့စနစ်။ အဲဒါ Responsible Dog Ownership လို့ ခေါ်ပါတယ်။ အဲဒါကို ကျနော်တို့က မြှင့်တင်ဆောင် ရွက်တဲ့အခါ ဘာတွေလုပ်ပေးသလဲဆို ခွေးတွေကို အိမ်မွေးတိရစ္ဆာန် မှတ်ပုံတင် ဆောင်ရွက်ပေးပါတယ်။ မှတ်ပုံတင်ပြီးမှ မွေးမြူရမှာ ဖြစ်ပါတယ်။ ဒါတွေကို ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ မြေပြင်မှာလည်း ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးတော့ မှတ်ပုံတင်ပေးလျက် ရှိပါတယ်။ ဒီလုပ်ငန်းတွေ ပိုပြီးတိုးမြှင့်လာဖို့ အိမ်မွေးခွေး ပြပွဲပြိုင်ပွဲတွေကို ကျနော်တို့ ဘက်ကနေ ကျင်းပပေးနေပါတယ်။ ခွေးကို မိမိအိမ်မှာ တာဝန်ယူပြီး မွေးမြူဖို့အတွက် အသိပညာပေးရေး လုပ်ငန်းတွေကို လည်း မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နံပါတ်နှစ်ကတော့ လေလွင့်ခွေးတွေကို သူတို့ရဲ့ မျိုးဆက်ပွား ထိန်းချုပ်နိုင်အောင်လို့ ရရှိတဲ့ ဘဏ္ဍာငွေတွေကို သက်ဆိုင် ရာ ခရိုင်၊ မြို့နယ်တွေမှာ ကွင်းဆင်း ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ နောက်တချက်က ဒီခွေးမှာ အဓိက အန္တရာယ်ဖြစ် တဲ့ ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက်ကို ရရှိတဲ့ ဘဏ္ဍာငွေပေါ်မှာမူတည်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေးကို အခမဲ့ ထိုးနံှဆောင်ရွက်ပေးနေတာ ရှိပါတယ်။
နံပါတ်လေးအနေနဲ့ မြို့နယ် နယ်နမိတ်အတွင်းမှာရှိတဲ့ လေလွင့်ခွေးတွေမှာ အချို့ နေရာတွေမှာ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ဘူး။ ပတ်ဝန်းကျင်မှာ အန္တရာယ်ပြုတယ်။ ကိုက်တယ်။ လိုက်ဆွဲတယ်။ ခြောက်လှန့်နေတယ်။ ဒီလိုမျိုး အခြေအနေရှိနေတဲ့ခွေးကို တတ်နိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး အဲဒီရပ်ကွက် ပြည်သူ တွေနဲ့ ညှိနှိုင်းပြီး ဖမ်းဆီး ဖယ်ရှားတဲ့ လုပ်ငန်း ဆောင်ရွက်ပေးနေပါတယ်။
အဲဒီလို ဖမ်းဆီးဖယ်ရှားတာမှာ သိပ်ပြီး ဆိုးသွမ်း အန္တရာယ်ဖြစ်မှု မြင့်မားတဲ့ ခွေးတွေကို ရွေးချယ်ပြီး ကျနော်တို့က ဖမ်းဆီးတယ်။ ပြီးရင် ဌာနရဲ့ လှိုင်သာယာမှာရှိတဲ့ လေလွင့်ခွေး ထိန်းသိမ်းရေး ဂေဟာမှာ သွားရောက်ပြီး ထိန်းသိမ်း ထားပါတယ်။ ဒါကတော့ ပြည်သူကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေ မြင့်မားတဲ့ ခွေးတွေကို ရွေးချယ်ဖမ်းဆီး ဆောင်ရွက်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်နေတဲ့ကြားထဲက အများပြည်သူနဲ့ သဟဇာတ မဖြစ်လို့ ပြဿနာပေါင်း သောင်းခြောက်ထောင် ဌာနကို တင်ပြ တိုင်ကြားတာရှိတယ်။ စာနဲ့ဖုန်းနဲ့သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအားဖြင့်သော်လည်းကောင်း၊ မြို့နယ်ဆိုင်ရာ အဖွဲ့ အစည်းတွေသော်လည်းကောင်း အဆင့်ဆင့် တင်ပြတိုင်ကြားတာတွေလည်း နေ့စဉ်နဲ့အမျှ ရောက်ရှိနေပါတယ်။ ကျနော် တို့က အများပြည်သူ အန္တရာယ်ဖြစ်မှု ပြည်သူ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုအခြေအနေကို ဘယ်လောက် ခြိမ်းခြောက်မှုရှိ လဲ။ ပြည်သူလူထုရဲ့ လိုလားတောင့်တချက်အပေါ် ဆန္ဒအပေါ်မှာမူတည်ပြီး မလွဲမရှောင်သာဘဲနဲ့ အဆိပ်ဆေးနဲ့သုံးပြီး ရှင်း လင်းဆောင်ရွက် နေရတာလည်း ရှိပါတယ်။
ကျနော်တို့ အဲဒီ နည်းလမ်းခြောက်သွယ်နဲ့ လေလွင့်ခွေး ပြဿနာကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နေပါတယ်။
မေး ။ ။ လေလွင့်ခွေး ပြဿနာဆိုတာ အခုမှ ပေါ်လာတာ မဟုတ်ဘူး။ ဟိုး အရင်ကတည်းက ရှိနေခဲ့တာ။ ဒါကို YCDC အနေနဲ့ ရှင်းလင်းဆောင်ရွက်နေပေမယ့် ဘာကြောင့်များ ထင်သာမြင်သာတဲ့ အောင်မြင်မှု မရှိတာလဲ။
ဖြေ ။ ။ ဆောင်ရွက်နေတဲ့ နည်းလမ်းတွေထဲမှာ ထင်သာမြင်သာ မရှိဘူးဆိုတာက ကျနော်တို့ ဆောင်ရွက်နေတယ် အသိပေးသင့်တဲ့ ပေးနိုင်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပြည်သူလူထုကို အသိပေးပါတယ်။ အဓိက လူတွေက မြေ ပြင်ပေါ်မှာ မြင်နေတာက ကျနော်ရှေ့ကပြောတဲ့ နည်းလမ်း ၅ ခုက အကန့်အသတ်နဲ့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အဓိက ဘဏ္ဍာငွေပေါ့နော်။ ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးနိုင်သလောက် ဆောင်ရွက်ပေးနေတာ ဖြစ် ပါတယ်။ အဲဒီတော့ လုပ်ငန်း ဆောင်ရွက်နိုင်မှုသည် coverage ဖြစ်မှုတော့ နည်းတာပေါ့။ ထင်သာမြင်သာ သိပ်မသိသာ ဘူး။ ကျနော်တို့ ရှင်းလင်းဆောင်ရွက်နေရတဲ့ အခြေအနေက (အဆိပ်ချရှင်းလင်း) ထင်သာမြင်သာနဲ့ လူတွေတွေ့တဲ့ အခါ ကျတော့ ဒီနည်းနဲ့ပဲ ဆောင်ရွက်တယ်လို့ သိထားကြတယ်။
ဘာလို့ မအောင်မြင်ရဘူးလဲဆို အစောကပြောသလို ငွေရေးကြေးရေး အကန့်အသတ်တွေ ရှိတယ်။ နောက်တခု အဓိက အရေးကြီးဆုံး အချက်က ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ဒေသခံ ပြည်သူလူထုတွေက ပူးပေါင်း ဆောင် ရွက်မယ်။ သူတို့ရဲ့ အန္တရာယ်ဖြစ်မှု အခြေအနေပေါ် ကျနော်တို့က သွားရောက် ဆောင်ရွက်ပေးတဲ့အခါ ဥပဒေပါ ပြဋ္ဌာန်း ချက်များနဲ့ ပေးအပ်ထားတဲ့ တာဝန်အရ သွားရောက် ဆောင်ရွက်ပေးရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အပြည့်အဝ ရရင်တော့ ဒီလုပ်ငန်းကို အရှိန်အဟုန်မြှင့်ပြီး မကြာခင်မှာ အောင်မြင်မှာ ဖြစ်ပါတယ်။
ဒါကြီးကလည်း ဝန်ထုပ်ဝန်ပိုးကြီးလို အကြီးကြီးဖြစ်လာတော့မှ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်ရဖို့ အခြေအနေပေါ့နော်။ ဟို ဘက်ခေတ်မှာလည်း ဒီခွေးတွေက ရှိနေတာပဲ။ ရှိနေပေမယ့် ဒီလို တွင်တွင်ကျယ်ကျယ် ပြောကြဆိုကြတာ သိပ်မရှိဘူး။ သူ့ ဟာနဲ့သူ ပြေလည်နေတာပေါ့။ အခုကျမှ ဒါကြီးက ဖြစ်လာတဲ့အခြေအနေမှာ နည်းလမ်းမျိုးစုံနဲ့ ကိုင်တွယ် ဖြေရှင်း လာတယ်။ ဒီထက်ပိုပြီးလည်း လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်တွေ တိုးမြှင့်နိုင်ဖို့ ကျနော်တို့ဘက်ကလည်း ကြိုးစား နေပါတယ်။ ပြည်သူတွေ ကို ကျနော်တို့ ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကို သိသာ မြင်သာထင်သာရှိအောင် သတင်း မီဒီယာတွေမှာ ဒါတွေကို ဖော်ပြတယ်။ ဒါ့အပြင် ပြည်သူတွေကို အသိပညာပေးဖို့တွေလည်း တိုးမြှင့်ဆောင်ရွက် သွားဖို့ ရှိပါတယ်။
မေး ။ ။ ခုနောက်ပိုင်း ဆောင်ရွက်လာတဲ့ လမ်းဘေခွေးတွေကို သင်းကွပ်တဲ့ သားကြောဖြတ်တဲ့ နည်းကရော အလုပ်ဖြစ် နိုင်မလား။ အောင်မြင်နိုင်မလား။
ဖြေ ။ ။ ကျနော်တို့ လေလွင့်ခွေးကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ရှေ့မှာတင်ပြသွားသလို နည်းလမ်းတွေ အများကြီး သုံးရ ပါတယ်။ ရှေ့အစဉ်အဆက်က ရှင်းလင်း သုတ်သင်တဲ့ နည်းလမ်းကို ဆောင်ရွက်ခဲ့တာသည် ဘာလို့ မအောင်မြင်သလဲလို့ မေးရင် ဒီဟာပဲ ပြန်ဖြေရမှာ ဖြစ်ပါတယ်။ ကျနော်တို့သည် နည်းလမ်းတခုတည်းနဲ့ သွားလို့ မရပါဘူး။ နည်းလမ်းပေါင်းစုံ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခွေးလေခွေးလွင့်နဲ့ ပတ်သက်ပြီး အဓိက ရည်မှန်းချက်သည် ပြည်သူ့ ဘေးအန္တရာယ် ကင်းရှင်း ရေးနဲ့ ပြည်သူ့ကျန်းမာရေးကို ဦးတည်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ဖြစ်တယ်။ ဒါပေမယ့် ဆောင်ရွက်တဲ့ အခါမှာ multi sectorial approach က သွားရမှာ ဖြစ်ပါတယ်။ ဥပမာ မျိုးပွားထိန်းချုပ်တာ ဆောင်ရွက် ရမယ်။ ကာကွယ်ဆေးတွေ ထိုးရ မယ်။ ခွေးတွေကို အန္တရာယ်ဖြစ်မှုအပေါ် မူတည်ပြီး ဖမ်းဆီးဖယ်ရှားရမယ်။ ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ကောင်တွေကို အခြေအနေပေါ် မူတည်ပြီး ထိန်းသိမ်းရမယ်။ တာဝန်ယူပြီး ခွေးမွေးမြူတဲ့ စနစ်ကိုလည်း မြှင့်တင်ဆောင်ရွက်ရမှာဖြစ်တယ်။ ဒီကြားထဲမှာမှ ရှင်းလင်းတဲ့ စနစ်ကိုလည်း သုံးစွဲနေရတာ ဖြစ်ပါတယ်။
ဒီထက်ပိုပြီး ပြောရမယ်ဆိုရင် လေလွင့်ခွေးတွေသည် လူ့ပတ်ဝန်းကျင်မှာ ဘာဖြစ်လို့ ရှိနေလဲဆိုတော့ သူတို့ရဲ့ အစားအစာ လွယ်ကူစွာ ရရှိနိုင်လို့ ဖြစ်ပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုရင် လုံခြုံမှုမရှိတဲ့ အမှိုက်ပုံတွေ အမှိုက်ပုံးတွေ။ နောက် လမ်းဘေးဆိုင်တွေက အစားအသောက် ရောင်းချတဲ့ဆိုင်တွေက စွန့်ပစ်တဲ့ စားကြွင်းစားကျန်တွေ ဖြစ်ပါတယ်။ စည်းကမ်းမဲ့ စွန့် ပစ်မယ်ဆိုရင် လမ်းဘေးခွေးတွေသည် ဒါကို စားသောက်ပြီးတော့ ရှင်သန်ပေါက်ဖွားမယ်။ အဲဒီနေရာမှာလာစုတာ။ နောက် တချက်က သူ့ရဲ့လုံခြုံတဲ့ နေထိုင်မှုစနစ်ကို ရနိုင်တယ်ယူဆလို့ နေထိုင်တာ ဖြစ်ပါတယ်။ အဲဒီတော့ environmental control ပေါ့။ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။
နောက်တခုက အခုဆို လမ်းဘေးမှာ ပေါ်ပြူလာဖြစ်လာတဲ့ တခုပါ။ လမ်းဘေးမှာ တိရစ္ဆာန်တွေကို စည်းမဲ့ကမ်းမဲ့ အစာ တွေ လိုက်ကျွေးတဲ့ကိစ္စ။ အဲဒါတွေကို ကျနော်တို့က ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာဆိုရင် environmental control ကို အဓိကထားပြီး ဆောင်ရွက်ပါတယ်။ environmental control မှာ အစာကို အလွယ်တကူ မရနိုင်အောင် ထိန်း ချုပ်ထားမယ်ဆိုရင် လေလွင့်ခွေးတွေသည် ရှင်သန်ပေါက်ဖွားမှုနှုန်း လျော့ကျလာမယ်။ ဒီနေရာမှာ မှီတင်းနေ ထိုင်မှုနှုန်း လျော့ကျလာမယ်။ ဧရိယာတခုနဲ့ ကြည့်မယ်ဆိုရင် ဒီဧရိယာမှာ လေလွင့်ခွေးသည် အစာမရရင် စွန့်လွှတ်သွားမှာ။ ဒါက ကျ နော်တို့ ဆောင်ရွက်ရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု ရအောင်လည်း public awareness နဲ့ education လုပ်ရမှာ ဖြစ်ပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်မှသာလျှင် လေလွင့်ခွေးကို မှန်ကန်တဲ့ complete coverage ရအောင် စီမံခန့်ခွဲလို့ ရမှာပါ။
မေး ။ ။ ဟုတ်ကဲ့။ လမ်းဘေးမှာ တိရစ္ဆာန်တွေကို စည်းမဲ့ကမ်းမဲ့ အစာတွေ လိုက်ကျွေးတဲ့ကိစ္စ ဆရာ ပြောသွားတယ်ပေါ့ နော်။ ဒါကိုရော ဌာနအနေနဲ့ ဘယ်လို ကိုင်တွယ် ဆောင်ရွက်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ တိရစ္ဆာန်များကို အများပြည် သူဆိုင်ရာ နေရာမှာ အစာကျွေးလို့ မရပါဘူး။ အစာကျွေးမယ်ဆိုရင် အရေးယူနိုင်မယ့် ပုဒ်မတွေရှိပါတယ်။ ပြစ်ဒဏ်တွေ လည်း ရှိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီဥပဒေ ပြဋ္ဌာန်းထားပြီးတဲ့နောက်မှာ ဒီလို တိရစ္ဆာန်တွေကို စည်းကမ်းမဲ့ အစာကျွေးတဲ့ကိစ္စကို မလုပ်ဖို့ ပြည်သူတွေကို ပညာပေးပါမယ်။ အသိပေးပါမယ်။ အသိပေးပြီးတဲ့နောက်မှာ သတိပေးတဲ့ အဆင့် ရောက်လာပါမယ်။ သတိပေးပြီးတဲ့ အဆင့်ပြီးရင် အရေးယူတဲ့အဆင့် ရောက်လာပါမယ်။ ဒါကို ဖြည်းဖြည်းချင်း ဆက်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ အမြန်ဆုံးတော့ ဆက်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ မျိုပွားနှုန်း ထိန်းချုပ်တဲ့ (birth control) လုပ်ငန်းစဉ်မှာ ခွေးတကောင်ရဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ လက်တွေ့လုပ်နေတဲ့ အခြေအနေအရ ခွေးအထီး တကောင်ကို မျိုးပွားထိန်းချုပ်မယ်ဆို ကျနော်တို့ က ခွဲစိတ်ပြီး ထိန်းချုပ်တဲ့နည်းကို သုံးစွဲတာပါ။ အဲဒီလို ဆောင်ရွက်မယ်ဆိုရင် ခွေးထီး တကောင်ကို ခန့်မှန်းခြေ ၁၀၀၀၀ လောက် ကုန်ကျပါတယ်။ ဒါက သုံးစွဲတဲ့ ဆေးဝါးပစ္စည်းတွေရဲ့ တန်ဖိုးဖြစ်ပါတယ်။ ခွေးအမ တကောင်ဆိုရင်တော့ ဝမ်းဗိုက် ကိုခွဲပြီးတော့ သူ့ဆီမှာရှိတဲ့ သားအိမ်နဲ့မျိုးပွားနိုင်တဲ့ အင်္ဂါတခုလုံးကို ဖယ်ထုတ်လိုက်တဲ့တွက် သူကတော့ ငွေကြေးအားဖြင့် ၂၅၀၀၀-၃၀၀၀၀ ကုန်ကျနိုင်ပါတယ်။ ခွေးအထီးထက်စာရင် ပိုအချိန်ပေးပြီးစောင့်ရှောက်ရတဲ့ အခြေအနေလည်းရှိပါတယ်။ ဒါပေမယ့် ဒါကို ဆောင်ရွက်တဲ့နေရာမှာ နံပါတ်တစ် ဒီလေလွင့်ခွေးတွေသည် ပမာဏ အများကြီးဖြစ်နေတယ်။ တကောင် ကို ၂၅၀၀၀ နဲ့ ကိန်းဂဏန်းမြှောက်လိုက်တဲ့အခါ ဘတ်ဂျက်သည် အကြီးကြီး ဖြစ်သွားတယ်။ အဲဒါကြီးကို တပြိုင်နက်တည်း လုပ်နိုင်မလားဆို မလုပ်နိုင်ဘူး။ တဖြည်းဖြည်းချင်း ဖြေရှင်းဆောင်ရွက် သွားရမှာ။ ဒါက ကမ္ဘာမှာရော နိုင်ငံတ ကာမှာရော ရေရှည်စီမံကိန်းနဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နှစ်ရှည်လများ ဆယ်စုနှစ် တနှစ်/နှစ်နှစ်ထိ လုပ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။
အဲဒီတော့ ကျနော်တို့ တနှစ်မှာ ဘယ်လောက်လုပ်နိုင်သလဲ တလမှာ ဘယ်လောက်နိုင်သလဲ။ တခြား ပူးပေါင်းဆောင်ရွက် မှုတွေ ဘယ်လောက် ရသလဲပေါ်မူတည်ပြီး ဘတ်ဂျက်က အစိုးရအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်မှု သက်သာမှာ ဖြစ်ပါတယ်။ ခုနက ပြောသလို ကိန်းဂဏန်းအားဖြင့် တွက်လိုက်ရင် အများကြီးဖြစ်နေတာ။ တနှစ်တနှစ်မှာ လုပ်နိုင်တဲ့ဟာနဲ့ ပြန်တွက် မယ်ဆိုရင်တော့ ဒီလောက်အများကြီးလည်း မဟုတ်ပါဘူး။ ဒီနည်းလမ်းတခုတည်းတော့ မဟုတ်ဘူး။ ဒါလုပ်မှ ခွေးလေခွေး လွင့် ပပျောက်မှာ မဟုတ်ဘူး။ နည်းလမ်းပေါင်းစုံ သွားရမှာဖြစ်ပါတယ်။
တချို့က အကြံပြုကြတယ်။ မျိုးပွားထိန်းချုပ်ဖို့။ ဒါပေမယ့် မျိုးပွားထိန်းချုပ်လိုက်တဲ့ခွေးသည် မကိုက်တော့ဘူးလား။ ပြည် သူလူထုကို အန္တရာယ်မပြုတော့ဘူးလား။ အန္တရာယ်ပြုနိုင်တယ်။ ရောဂါဘယအားဖြင့် မဟုတ်ပေမယ့် ထိခိုက်ဒဏ်ရာအား ဖြင့်ရော စိတ်ရောကိုယ်ပါ အန္တရာယ်ဖြစ်စေနိုင်တဲ့အခြေအနေမှာ ရှိကောင်းရှိနိုင်မယ်။ ဒါကိုလည်း သတိထားရမယ့် အချက် ဖြစ်ပါတယ်။
မေး ။ ။ ခွေးတွေကို ခွဲစိတ်ပြီးတာနဲ့ ချက်ချင်းပြန်လွှတ်တာလား။ ဒီခွေးက မျိုးပွားထိန်းချုပ်ပြီးသားပါဆိုတာကို ဘယ်လို အမှတ်သားပြုထားလဲ။
ဖြေ ။ ။ ခွဲစိတ်ပြီးတဲ့ အထီးဆိုရင် မေ့ဆေးပေးပြီး ခွဲစိတ်တာဖြစ်လို့ သူ ပြန်ပြီးသတိရလာတဲ့ အခြေအနေပေါ် မူတည်ပြီး အချိန်ပိုင်းလေးအတွင်းမှာ ပြန်လွှတ်လို့ ရတယ်။ သူ့ရဲ့မူလနေရာကို ပြန်ပို့လို့ ရတယ်။ အမဆိုရင်တော့ သူ့အနာကျက်တဲ့အ ထိ ခွဲစိတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ဟာ အနာကျက်တာပေါ် မူတည်ပြီး အချိန်ကာလတခု တကောင်နဲ့ တကောင် မတူနိုင်ပါဘူး။ အခြေနေ တခုနဲ့တခုလည်း မတူနိုင်ပါဘူး။ အဲဒီတော့ မတူနိုင်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ကျနော်တို့က ၂ ရက်ကနေ ၄/၅ ရက် အချိန်ကြာရင်ကြာသလို စောင့်ရှောက်ပေးရမယ့် သူ့ရဲ့ procedure ရှိပါတယ်။
မေး ။ ။ ဒီလို ခွဲစိတ်ပြီး မျိုးပွားထိန်းချုပ်ထားတဲ့ ခွေးအရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ၂၀၁၄ ကနေစပြီး အထီးတွေကို မျိုးပွားထိန်းချုပ် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် မြို့ နယ်တွေမှာ ပြည်သူလူထုရဲ့ဆန္ဒရှိလို့ လိုအပ်လို့လုပ်ပေးရမယ်ဆိုရင် အမတွေကိုလည် မျိုးပွားထိန်းချုပ်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။ သင်းကွပ်ထားတဲ့ ခွေးထီးအကောင်ရေ ၈၀၀ ကျော် ရှိပါတယ်။ မျိုးပွားထိန်းချုပ်ထားတဲ့ အထီးတွေက ထင်သာ မြင်သာ ရှိတယ်။ ကြည့်တာနဲ့ သိသာပါတယ်။ သူ့မှာမျိုးပွားအင်္ဂါသည် ထုတ်ထားပြီးသားဆို မရှိတော့ဘူ။ အမတွေကျတော့ နားရွက်မှာ အချိုင့်ဖြစ်အောင် အမှတ်အသားပေးလိုက်တယ်။ အဲဒီလိုမျိုးနဲ့ ခွဲခြားနိုင်အောင်လို့ ဆောင်ရွက်ထားပါတယ်။
မေး ။ ။ ဒီလို သင်းကွပ်လိုက်ရုံ သားကြောဖြတ်လိုက်ရုံနဲ့ ခွေးကိုက်တာ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်။ မျိုးပွားထိန်းချုပ်တာနဲ့တင် ဒီကိစ္စပြတ်သွားမလားဆိုတော့ သူမကိုက်ဘူးလို့ တာဝန်မခံနိုင်ဘူး။ ကိုက်ချင်လည်း ကိုက်မယ်။ နောက်ပြီး အဲဒီ ခွေးရှိနေခြင်းက များတယ်ဆိုရင် လူတွေသည် မျိုးပွားထိန်းချုပ် ထားထား/မ ထားထား ကြောက်ရတယ်။ စိတ်ရောကိုယ်ပါ ဘေးကင်းလုံခြုံဖို့အတွက် အနှောင့်အယှက် ဖြစ်နိုင်တယ်ဆိုရင် ကျနော်တို့က တခြားနည်းလမ်းကို သုံပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဓိက ဒီမှာဖြစ်နေတဲ့ပြဿနာက လမ်းပေါ်မှာ လေလွင့်ခွေး များပြားနေတဲ့ ပြဿနာ ဖြစ်ပါတယ်။ လေလွင့်ခွေး များပြား နေတာသည် ပြည်သူ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေတာပါ။ ပြည်သူလူထုသည် ခွေးနဲ့ပတ်သက်ရင် သူ့မှာ အကြောက်တရား သုံးခုဖြစ်နေတယ်။ တစ်က ဒီလေလွင့်ခွေးရဲ့ တိုက်ခိုက်တဲ့ဒဏ် ကိုက်တဲ့ဒဏ် ခံရမှာ ဖြစ်ပါတယ်။ နှစ်က ဒီခွေးကိုက်လိုက်ရင် ကူးစက်လာမယ့် ကူးစက်ရောဂါကို ဖြစ်တယ်။ သုံးကတော့ ခွေးတွေရှိနေရင်ကို သူ့အတွက် သွားရလာရ ဘေးကင်းလုံခြုံမှု မရှိဘူးလို့ ခံစားရတဲ့ စိတ်ခံစားချက် ဖြစ်ပါတယ်။ ဒါတွေကို လျော့ပါးအောင် ဆောင်ရွက်ပေး နိုင်တဲ့အလျောက် ဆောင်ရွက်ပေးရမှာ ကျနော်တို့မှာ တာဝန်ရှိပါတယ်။
မေး ။ ။ လမ်းဘေးခွေး ရှင်းလင်းရေးနဲ့ပတ်သက်လို့ ဌာနအနေနဲ့ အဓိက ဘယ်လို အခက်အခက်တွေ ကြုံတွေ့ရပါသလဲ။
ဖြေ ။ ။ အဓိကကတော့ ဒီလေလွင့်ခွေးတွေကို စီမံခန့်ခွဲ ဆောင်ရွက်ရတဲ့အခါမှာ နံပါတ်တစ်ကတော့ ဘတ်ဂျတ်ပေါ့။ ငွေ ရေးကြေးရေး လိုအပ်ချက်တွေ ရှိပါတယ်။ Finical လိုအပ်ချက်တွေကို အခု လက်ရှိရှိတဲ့ အကြီးအကဲတွေကနေ ဒါကို တိုး မြှင့်ဆောင်ရွက်နိုင်ဖို့ရော ပိုမိုပြီအရှိန်အဟုန်မြှင့်နိုင်ဖို့ရော တင်ပြဆောင်ရွက်နေတာ ရှိပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါ ဝင်ကူညီမှုတွေကိုလည်း ကျနော်တို့ဖိတ်ခေါ်တာတွေ ရှိပါတယ်။ ပူးပေါင်းပါဝင်လိုချင်တဲ့ သူတွေလည်း ရှိပါတယ်။ သူတို့ပေး အပ်တဲ့ အကူညီပေါ်မှာမူတည်ပြီး ဒီဟာတွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အားလုံးဘက်ပေါင်းစုံကနေ ဆောင်ရွက်နေပါတယ်။
မေး ။ ။ ဒုမြို့တော်ဝန်အနေနဲ့ အဆိပ်ချနည်းကို မသုံးဘူး။ ဌာနကိုလည်း မညွှန်ကြားဘူးလို့ ပြောတာမျိုး ရှိတယ်။ ဒီအပေါ် ဌာနအနေနဲ့ရော ဘာများပြောစရာရှိပါလဲ။
ဖြေ ။ ။ ဌာနအနေနဲ့ကတော့ ဝန်ထမ်းတွေဖြစ်တဲ့အတွက် ကျနော်တို့ရဲ့အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ရ တာ ဖြစ်ပါတယ်။ အထက်က ညွှန်ကြားချက်မှာ ဆောင်ရွက်တဲ့ အခါကျတော့ နိုင်ငံတကာရဲ့ guide line တွေနဲ့လည်း ညီ ညွတ်အောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အဲဒီ နှစ်ခုကြားထဲမှာ ကျနော်တို့က ဘောင်ဝင်အောင် အံဝင်အောင် ဆောင် ရွက်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးသည် ပြည်သူ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကိုပဲ ကြည့်ပါတယ်။ ပြည်သူ့ရဲ့ဆန္ဒကို ဦးတည်ပြီး ဆောင်ရွက်သွားရတာပါ။ အဲဒီလို ဆောင်ရွက်တဲ့အခါ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါ တယ်။ international guide line အရ လုပ်တာပါ။ ကျနော်တို့ လုပ်ချင်တိုင်း လုပ်နေတာ မဟုတ်ပါဘူး။
မေး ။ ။ ဌာနကဖွင့်ထားတဲ့ လှိုင်သာယာခွေးဂေဟာမှာရော ခွေးကောင်ရေ ဘယ်လောက် ရှိပါသလဲ။ ဂေဟာအကြောင်း အသေးစိတ် သိချင်ပါတယ်။
ဖြေ ။ ။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းမှာ ရှိတဲ့ လေလွင့်ခွေးတွေအနက်ကနေ ဆိုး သွမ်းပြီး အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်တဲ့ ခွေးတွေကို ဖမ်းဆီးထိန်းသိမ်းဖို့အတွက် လုပ်ငန်းစဉ်တခုပါတော့ လေလွင့် ခွေးဂေဟာကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ စတင် တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၇ အောက်တိုဘာလမှာ စတင်ပြီး လေ လွင့်ခွေးတွေကို ဖမ်းဆီးထိန်းသိမ်း လက်ခံပါတယ်။ အဲဒီလို လက်ခံ ထိန်းသိမ်းတဲ့နေရာမှာ ဒီခွေးတွေကို နေ့စဉ် ကျွေးမွေး စရိတ်အနေနဲ့ တကောင်ကို ၂၅၀ ကျပ်နှုန်းနဲ့ အစာ ချက်ပြုတ်ကျွေးမွေးပါတယ်။ တနေ့ကို နှစ်ကြိမ်ကျွေးပါတယ်။ သန့်ရှင်း ရေး နေ့စဉ် လုပ်ပေးရပါတယ်။ ခွေးတွေအတွက် ကျန်းမာရေးလိုအပ်လို့ရှိရင် ကျန်းမာရေး စောင့်ရှောက်မှုပေးပါတယ်။ ဒီမှာ ခွေးတွေကို ခွေးရူးကာကွယ်ဆေး ထိုးပေးပါတယ်။
ဒီကိုရောက်လာတဲ့ ခွေးတွေကနေ ဂေဟာထဲမှာပဲ ထပ်ပြီးတော့ ပွားမလာအောင် ရောက်တာနဲ့ အခြေအနေပေါ် မူတည်ပြီး မျိုးပွားထိန်းချုပ်မှု ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့အခါ ဌာနအနေနဲ့ ဆောင်ရွက်တာရှိသလို ပြင်ပက တိကုဆရာဝန် တွေ ပရဟိတခေါ်ပြီး ဆောင်ရွက်တာလည်း ရှိပါတယ်။ ဒါတွေက ကျနော်တို့ ခွေးဂေဟာရဲ့ ဆောင်ရွက်တဲ့အခြေအနေပေါ့။ အဲဒီတော့ ၂၀၁၇ အောက်တိုဘာလကနေစပြီး ခွေးအကောင်ရေသည် အခု လက်ရှိမှာ ၂၀၀ ကျော်ရှိနေပါပြီ။ ပြည်သူလူထု ရဲ့ လိုအပ်ချက်အရ အများပြည်သူ အန္တရာယ်ဖြစ်နိုင်တဲ့ ဧရိယာတွေမှာ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ အမြင့်ဆုံး ခွေး တွေကို ရွေးချယ် ဖမ်းဆီးပြီး ဂေဟာမှာ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။
မေး ။ ။ ဒီလိုဂေဟာမျိုးတွေ ထပ်ဖွင့်ဖို့ ရှိပါသလား။
ဖြေ ။ ။ အဲဒါ ဘတ်ဂျတ်အနေအထားပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့တွေ ခဏခဏလည်း ကြားသိနေရတဲ့ လူတွေ အတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့တောင် ဘတ်ဂျက်တွေ မလုံလောက်တာ ခွေးကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဒါကို ဖြေရှင်းနေရတဲ့ ပြဿနာလိုဖြစ်နေတယ်။ တကယ်တမ်းပြောရင် တဖက်ကကြည့်ရင် မှန်ပါတယ်။ တဖက်ကကြည့်ရင်တော့ ဒါ ခွေးကို ဆောင်ရွက်ပေးတယ်ဆိုပေမယ့် ပြည်သူလူထုရဲ့ ကျန်မာရေးနဲ့ ဘေးကင်းလုံခြုံမှုကို ဦးတည်ပြီး ဒီဘတ်ဂျက်တွေ ကို သုံးစွဲဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့သည် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေလည်း အ များကြီးရှိတယ်။ ခွေးဂေဟာတွေ ဆောက်တာသည်လည်း ကုန်ကျစရိတ်ရှိသလို ဒီဟာကြီးလည်ပတ်ဖို့ အကောင်အထည် ဖော် ဆောင်ရွက်တဲ့အခါမှာလည်း နောက်မှာ ဘတ်ဂျတ်တွေ အမျာကြီး လိုအပ်တယ်။ ဒါသည်လည်း ပြီးပြည့်စုံတဲ့ အဖြေမ ဟုတ်ဘူး။ ဒါက အရန်အတားနဲ့ အထောက်အကူပြု လုပ်ငန်းတခုအနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာ လည်း ဒါကို ဖြေရှင်းတဲ့နည်းလမ်းအနေနဲ့ ကျင့်သုံးတာ မဟုတ်ပါဘူး။ အထောက်အကူပြု လုပ်ငန်းအနေနဲ့ပဲ ကျင့်သုံးတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်အခြေအနေအပေါ်မှာ မူတည်ပြီး ဦးစာပေး အစီအစဉ်ထဲမှာတော့ မထည့်ထားပါဘူး။
မေး ။ ။ လေလွင့်ခွေးအန္တရာယ် ကင်းရှင်းရေး ဘယ်နှစ်နှစ်လောက်များ ကြာအုံးမလဲ။
ဖြေ ။ ။ လူကို စိတ်ရောကိုယ်ပါ လုံခြုံမှုအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ လေလွင့်ခွေးတွေကို ဦးစားပေးပြီး အရင်ဆုံး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါတွေအတွက် လေလွင့်ခွေးတွေနဲ့ပတ်သက်လို့ စစ်တမ်းတွေလုပ်ဖို့ရှိတယ်။ မြို့နယ်အတွင်းမှာ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်တဲ့အခါ ဘယ်နေရာ ဘယ်ပွိုင့်မှာ ဘယ်ခွေးက ဘယ်သူ့ကို အန္တ ရာယ်ပေးတဲ့ အခြေအနေ မြင့်မားလျက်ရှိတယ်။ ဆိုတဲ့အပေါ်မှာမူတည်ပြီး ဦးစားပေးအဆင့်ကို first step အနေနဲ့ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်တမ်းလုပ်လို့ ထွက်လာတဲ့ ရလဒ်ပေါ်မူတည်ပြီး ဘယ်ကာလမှာ ဦးစားပေးတစ်ကို ဘယ်နည်း လမ်းနဲ့ ရှင်းလင်းမယ်။ ဖယ်ရှားမယ် လုပ်မှာ ဖြစ်ပါတယ်။ အဲဒါပြီးတော့မှ ဒုတိယဦးစားပေး အစီအစဉ်။ ပထမ ဦးစားပေး မရှိ တော့ရင် လယ်ဗယ်ကျသွားတဲ့ သူတို့ကို ဒုတိယအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါက ကျနော်တို့ ဖယ်ရှားရှင်းလင်း တဲ့နည်းလမ်းကို ပြောတာပါ။ ဒီကြားထဲမှာလည်း ရတဲ့အပေါ် မူတည်ပြီး ပြည်သူလူထုရဲ့ လက်ခံနိုင်မှု အခြေအနေပေါ်မှာ မူ တည်ပြီး တချို့ဟာတွေက မျိုးပွားထိန်းချုပ်ရမယ်။ နောက် ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်။
လေလွင့်ခွေး လမ်းပေါ်မှာ ရှိနေသမျှ အချိန်မရွေး ကိုက်နိုင်တယ်။ ကိုက်လို့ရှိရင် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်နိုင်တယ်။ ကာကွယ်ဆေးတွေ ထိုးထားပြီးတော့ရော ရောဂါခုခံနိုင်တဲ့ ခုခံအား ခွေးရူးအတွက် ခုခံနိုင်တဲ့ အဆင့် ထွက်ပြီလား။ ဒါကို ကျနော်တို့က ထပ်ပြီး စမ်းသပ်စစ်ဆေးပြီး သုတေသနပြုရမှာ ဖြစ်ပါတယ်။ ဒါတွေ တဆင့်ပြီးတဆင့် သွားရမှာ။ ကျနော်တို့ ဌာနတခုတည်း ဆောင်ရွက်နိုင်တာတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ လုပ်နိုင်တဲ့ဌာနတွေ ကူညီပေးနိုင်တဲ့ဌာနတွေနဲ့ ပေါင်း စပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။
မေး ။ ။ YCDC ရဲ့ ခွေးရှင်းလင်းရေး ဆောင်ရွက်ချက်အပေါ် အားမရလို့ ပြစ်တင်ဝေဖန်နေတဲ့ သူတွေနဲ့ တိချစ်သူတွေကြား ဘယ်လို ရှေ့ဆက်ဆောင်ရွက်သွားဖို့ ရှိမလဲ။ ဘက်နှစ်ဖက်ကိုရော ဘာများပြောချင်တာ ရှိပါသလဲ။
ဖြေ ။ ။ တိချစ်သူပဲဖြစ်ဖြစ် တိရိစ္ဆာန်ကို ကြောက်တဲ့သူပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ဥပဒေပါ ပေးထားတဲ့ ကျနော်တို့ ဆောင်ရွက်ရမယ့်တာဝန် ကျနော်တို့ကို ပေးအပ်ထားတဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်အတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဆောင်ရွက်ရတဲ့ အခြေအနေသည် အများပြည်သူရဲ့ ကျန်းမာရေးနဲ့ အများပြည်သူရဲ့ ဘေးကင်းလုံ ခြုံရေးကို ဦးစားပေး ဦးတည်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ လုပ်ကိုင်မယ့် နည်းလမ်းတွေပေါ်မှာ မူတည်ပြီး တိချစ်သူကလည်း ဝေဖန်မှုတွေ ရှိပါတယ်။ တိကြောက်သူကလည်း ကျနော်တို့အပေါ် ဝေဖန်မှုတွေ ရှိပါတယ်။ ကျနော်တို့ က ပြည်သူ့မျက်နှာကိုကြည့်ပြီး တကယ် ပြည်သူ့ရဲ့လိုအပ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ဘာလို့ ခုချိန်ထိ မလုပ်နိုင်သေးတာလဲ။ ကျနော်တို့ရဲ့ ဝန်ထုပ်ဝန်ပိုး အကြီးကြီးပါ။ အဲဒီ အကြီးကြီးကို နေ့ချင်းညချင်း ရေ တွင်းတူး ခု ရေကြည်ထွက်လာဖို့အတွက် လုပ်ဖို့တော့ အနည်းငယ် အခက်အခဲ ရှိနိုင်ပါတယ်။ ကျနော်တို့ကို အချိန်ပေးပြီး တော့ စောင့်ကြည့် ပေးစေချင်ပါတယ်။ လုပ်ကိုင်ဖို့အတွက် ကျနော်တို့ကို အခွင့်အလမ်းတွေပေးပါ။ ကျနော်တို့ ဒါကို ကြိုး စားပြီး ဆောင်ရွက်ပေးပါမယ်။ ပြည်သူတွေ အခက်အခဲ ဖြစ်နေတာကိုလည်း သိပါတယ်။ ကျနော်တို့လည်း လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။
တဖက်မှာ တိချစ်သူများကို ပန်ကြားချင်တာက ပြည်သူတွေ ဘေးကင်းလုံခြုံဖို့နဲ့ အန္တရာယ် ကင်းရှင်းမှုကိုလည်း ကြည့်စေ ချင်ပါတယ်။ ဒါက ကျနော်တို့အတွက် အရေးကြီးတာပါ။ ကျနော်တို့ ခဏခဏသုံးပါတယ်။ လူသားဆန်တာသည် လူသား ပေါ်မှာလည်း လူသားဆန်ရပါမယ်။ တိရစ္ဆာန်ပေါ်မှာလည်း လူသားဆန်ရပါမယ်။ အဲဒီတော့ ကျနော်တို့ လူသားဆန်တဲ့ အခါ မှာ လူသားတွေ မြင်နေရတဲ့အတိုင်းပါပဲ ခွေးတွေကိုက်လို့ ခွေးရူးရောဂါဖြစ်ပွားတဲ့ case တွေ။ ခွေးကိုက်လိုက်လို့ ဒဏ်ရာ ဒဏ်ချက်ရသွားတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာမှ ကလေးတွေက အများဆုံးပါ။ အဲဒီကလေးတွေသည် ရာသက် ပန် သူတို့ဘဝ တလျှောက်လုံးမှာ ခွေးနဲ့ပတ်သက်ရင် သူတို့ရင်ထဲမှာ အစွဲတခုဖြစ်သွားပါတယ်။
အဲဒီတော့ ကျနော်တို့ humane လုပ်တဲ့အခါမှာ ဒါကိုလည်း သတိထားဖို့ လိုတယ်။ နောက်တခုက ခွေးသည် ကိုက်ခံရ သည်ဖြစ်စေ မကိုက်ခံရသည်ဖြစ်စေ ခွေးရူးရောဂါဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ လမ်းပေါ်မှာ ခွေးပမာဏ များနေရင် လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ် ကြောက်ပါတယ်။ ကြောက်တဲ့အခါကျတော့ စိတ်မှာလုံခြုံမှု မရတော့ဘူးဆိုတဲ့ အခြေခံရှိနေ ပါတယ်။ ဒါကို ကျနော်တို့က လျော့ပါးအောင် ဆောင်ရွက်ပေးဖိ့ု ဖြစ်ပါတယ်။ ဌာနမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူ တွေ ပူးပေါင်းပါဝင်ပေးဖို့လည်း တောင်းဆိုပါတယ်။
မေး ။ ။ ဌာနရဲ့ ခွေးရှင်းလင်းရေး ဆောင်ရွက်ချက်များနဲ့ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဖြေ ။ ။ ပြည်သူ့ရဲ့အခက်အခဲ ပြည်သူ့ရဲ့စိတ်မှာဖြစ်နေတဲ့ ခံစားချက်တွေကို သိပါတယ်။ ဘာလို့ဆို ကျနော်တို့ဆီ နေ့ စဉ်နဲ့အမျှ တိုင်ကြားတာ ဖုန်းဆက်ပြောတာ ပြည်သူ့ကိုယ်စားလှယ်တွေကတဆင့် အုပ်ချုပ်ရေးအဖွဲ့တွေကတဆင့် အ ကြောင်းကြား တင်ပြနေတာတွေလည်း ရှိပါတယ်။ သိတဲ့အခြေအနေပေါ် မူတည်ပြီး အကြီးအကဲတွေရဲ့ လမ်းညွှန်မှုနဲ့အတူ ကျနော်တို့က ဒါကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ လုပ်တဲ့လုပ်ငန်း စဉ်တွေမှာ ပြည်သူ လူထုရဲ့ ပူးပေါင်းပါဝင်မှု အပြည့်အဝ လိုအပ်ပါတယ်။ အဲဒါဆိုရင် လေလွင့်ခွေးတွေ လုံးဝပျောက်ပအောင် မဆောင်ရွက်နိုင် သေးခင်စပ်ကြားမှာ ပြည်သူလူထုရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက် အနှောင့်အယှက် စိုးရိမ်မှုတွေကို လျော့ပါးအောင် ဆောင်ရွက်သွားဖို့အတွက် ပထမဆုံးအနေနဲ့ ရည်မှန်းဆောင်ရွက်နေပါတယ်။ ပြည်သူလူထုကိုလည်း ပူးပေါင်းပါဝင်စေချင် ပါတယ်။
နောက်တချက်က ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ခွေးရူးပေါ့။ ခွေးရူးရောဂါ ဖြစ်ပွားတယ်ဆိုတာ လေလွင့်ခွေးတွေရဲ့ ကိုက်ခံ ရမှုကြောင့် အများဆုံးဖြစ်ပါတယ်။ ဒါ ကမ္ဘာမှာလည်း စစ်တမ်းရှိပါတယ်။ ဒီရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် ခွေးကောင် ရေ လျော့ပါးရုံနဲ့မပြီးပါဘူး။ လေလွင့်ခွေးတွေမှာ ခွေးရူးရောဂါ ကူးစက်ပြန့်ပွားမှုမရှိအောင် ကာကွယ်ဆေးထိုးနှံပေးရမှာ ဖြစ် ပါတယ်။ အဲဒါကိုလည်း တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့နဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ မှာ ဆောင်ရွက်ရမယ့် တာဝန်တွေကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ ဌာနတွေကို တာဝန်သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နည်းလမ်းမျိုးစုံနဲ့ သွားတဲ့အခါ တဌာနတည်း ဆောင်ရွက်လို့ မရပါဘူး။ ဒါနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာန လည်း ဒီနေရာမှာ ရောဂါကာကွယ်ထိန်းချုပ် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရော ဂါပျံ့နှံ့မှု စူးစမ်းထောက်လှမ်းမှု၊ လေလွင့်ခွေးတွေမှာ ဘယ်လောက်ရာခိုင်နှုန်းထိ ခွေးရူးရောဂါ ကူးစက်နေပြီလဲ။ ကာကွယ် ဆေး ဘယ်လောက် ထိုးထားပြီးပြီလဲ။ coverage ဘယ်လောက်ဖြစ်ပြီလဲဆိုတဲ့ ဆောင်ရွက်မှုတွေကိုလည်း သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှူရန်
ခွေးတွေကို ရှင်းတာ ချက်ချင်းကြီး မဖြစ်နိုင်ဘူး