ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ထုတ်ဝေလျှက်ရှိသည့် မြို့တော် သတင်းစာ (CITY NEWS) အား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ ထုတ်ဝေမှုရပ်ဆိုင်း မည်ဖြစ်ကြောင်း ယနေ့ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် မြို့တော်သတင်းစာတွင် ထုတ်ပြန် ကြေညာလိုက် သည်။
သတင်းစာ ထုတ်ဝေမှုရပ်ဆိုင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း YCDC နှင့်နီးစပ်သူတဦးက ပြောသည်။
မြို့တော်သတင်းစာအား မြို့တော်ဝန် ဗိုလ်မှူးကြီး ကိုလေး လက်ထက် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ၂၉ နှစ်ခန့်တိုင် ရပ်တည်ခဲ့သည့် အစိုးရဌာနဆိုင်ရာပိုင် သတင်းစာတစောင်ဖြစ်သည်။
စတင်ထုတ်ဝေစဉ်က စောင်ရေ တသောင်းဝန်းကျင်အထိ ရိုက်နှိပ်ထုတ်ဝေခဲ့သော်လည်း လက်ရှိအခြေ အနေအရ နေ့စဉ် သုံးထောင်မှ ငါးထောင်ကြားအထိသာ ထုတ်ဝေလျှက် ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ပုဂ္ဂလိက သတင်းစာတစောင်ဖြစ်သည့် ဒီမိုကရေစီတူဒေး (Democracy Today) အား အရှုံးဖြင့်သာ ထုတ်ဝေနေရသည့်အတွက် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း မြန်မာနယူးစ်နက်ဝပ်ခ် ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၃ ခုနှစ်တွင် စာပေစိစစ်ရေးအား ဖျက်သိမ်းကာ ပုဂ္ဂလိကသတင်းစာများအား ထုတ်ဝေခွင့် ပြုပေးခဲ့သော်လည်း အစိုးရပိုင်သတင်းစာများနှင့် ကြော်ညာဝေစု ရရှိမှုအရ မယှဉ်ပြိုင်နိုင်ခြင်း၊ ဒီဂျစ်တယ်မီဒီယာများ ပေါ်ပေါက်လာခြင်းတို့ကြောင့် သတင်းစာ၊ ဂျာနယ်အများစု အရှုံးပြကာ ရပ်ဆိုင်းခဲ့ရသည်။
You may also like these stories:
လာမည့်နှစ် ရန်ကုန်မြို့လယ်တွင် စမတ်ယာဉ်ရပ်နားမှုစနစ် စမည်
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လက်ကမ်းကြော်ငြာ ဝေငှမှု လွှတ်တော်တွင် ဆွေးနွေး
လမ်းဘေးဈေးသည်အား အခွန်မကောက်နိုင်၍ နိုင်ငံ့ဘဏ္ဍာ ဘီလျံ ချီဆုံးရှုံးနေဟု ဆို