ဆောင်းပါး

အန္တရာယ်ကြီးလာတဲ့ လေလွင့်ခွေး ပြဿနာ ရန်ကုန်စည်ပင် ရှင်းနိုင်မလား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ မြို့တော် သန့်ရှင်းလှပ သာယာရေးကလည်း ဒွန်တွဲလို့နေသည်။

မြို့တော်၏ အမှိုက်ကိစ္စ၊ ရေမြောင်းကိစ္စ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကိစ္စ စသည်ဖြင့် ကဏ္ဍအသီးသီး၏ လိုအပ်ချက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)က အဓိက တာဝန်ယူ ဆောင်ရွက်နေသည်။

ထို့ပြင် မြို့နေလူထု၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်လာသော လမ်းဘေး ခွေးလေခွေးလွင့် ပြ ဿနာ ကိုင်တွယ်ဖြေရှင်းရန်မှာလည်း YCDC အတွက် စိန်ခေါ်မှု တရပ် ဖြစ်လာနေသည်။

လမ်းဘေးခွေး ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးစေချင်သည့် ပြည်သူများက YCDC ၏ ဖြေရှင်း ဆောင်ရွက်နေမှုများကို အားမလို အားမရဖြစ်မှုကြောင့် ပြစ်တင်ဝေဖန်သံများ လည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိပေသည်။

အင်အားကြီးထွားနေသည့် ရန်ကုန်မြို့ပေါ်က လမ်းဘေးခွေးများ

၂၀၁၉ ဇန်နဝါရီက ထုတ်ပြန်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ခွေးကောင်ရေ ၃.၈၈ သန်း ရှိကြောင်း သိရသည်။

ယင်း ခွေးကောင်ရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် လေလွင့်ခွေးများ ဖြစ်ကြောင်း ပညာရှင်များက သုံးသပ် ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ လူဦးရေနှင့် ခွေးကောင်ရေ အချိုးချမည်ဆိုပါက လူ ၂၂/၂၃ ယောက် တွင် ခွေး ၁ ကောင်နှုန်း ဖြစ်နေသည်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ လူဦးရေ ၆ သန်းခန့်နှင့် တွက်မည်ဆိုပါက လေလွင့်ခွေးကောင်ရေ နှစ်သိန်းခြောက်သောင်း (၂၆၀၀၀၀) မှ နှစ်သိန်းရှစ်သောင်း (၂၈၀၀၀၀) ရှိနိုင်ကြောင်း YCDC တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ လွင်မင်းစိုးက ပြောဆိုထားသည်။

အဆိုပါ လေလွင့်ခွေးများသည် သက်တမ်း ၆ လမှ ၈ လခန့်ဆိုလျှင် သားပေါက်နိုင်သည့် အရွယ်ကို ရောက်ကြ ပြီး အကောင်ရေများများ ပေါက်တတ်သည့် တိရစ္ဆာန်မျိုး ဖြစ်သည်။

တနှစ်လျှင် သားပေါက်ခြင်း၊ သဘာဝကြောင့် သေဆုံးခြင်း၊ ရှင်းလင်းသုတ်သင်ခြင်း တို့ပါအဝင် ကိန်းဂဏန်း တွက် ချက်မည်ဆိုပါက မူလကောင်ရေ၏ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့် အကောင်ရေ တိုးပွားနေပြီး ရန်ကုန်တွင် လက်ရှိ အကောင်ရေနှင့် တွက်ချက်လိုက်ပါက တနှစ်လျှင် အကောင်ရေ လေးသောင်း (၄၀၀၀၀) မှ ငါးသောင်း (၅၀၀၀၀) ထိ တိုးပွားနေသည်။

ယင်းကဲ့သို့ တိုးပွားလာနေသည့် အရေအတွက်က မြို့နေလူထု၏ စိုးရိမ်မှုရေချိန်ကို မြင့်တက်စေခြင်း ဖြစ်ပေသည်။

ပြည်သူအပေါ်ကျရောက်နေသော လမ်းဘေးခွေး အန္တရာယ်

ရန်ကုန်မြို့တွင် ဖြစ်နေသည့် ပြဿနာက လမ်းပေါ်တွင် လေလွင့်ခွေး များပြားနေခြင်း ဖြစ်ပြီး ထိုအခြင်းရာက ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေခြင်းပင် ဖြစ်သည်။

YCDC တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ လွင်မင်းစိုးက “ပြည်သူလူထုသည် ခွေးနဲ့ ပတ်သက်ရင် သူ့မှာ အကြောက်တရား သုံးခုဖြစ်နေတယ်။ တစ်က ဒီလေလွင့်ခွေးရဲ့  တိုက် ခိုက်တဲ့ဒဏ် ကိုက်တဲ့ဒဏ် ခံရမှာ ဖြစ်တယ်။ နှစ်က ဒီခွေးကိုက်လိုက်ရင် ကူးစက်လာမယ့် ကူးစက်ရောဂါကို ဖြစ်တယ်။ သုံးကတော့ ခွေးတွေ ရှိနေရင်ကို သူ့အတွက် သွားရလာရ ဘေးကင်းလုံခြုံမှု မရှိဘူးလို့ ခံစားရတဲ့ စိတ်ခံစားချက်ဖြစ်ပါ တယ်” ဟု ၎င်း၏ တွေ့ရှိချက်ကို ပြောပြသည်။

လမ်းဘေးခွေး များပြားသည့် ရပ်ကွက်၊ လမ်းများတွင် လမ်းလျှောက်လာသူများကို နောက်က လိုက်ဆွဲ/ဟပ်ခြင်းများ၊ စက်ဘီး ဆိုက်ကား ပေါ်မှလူများကို ပြေးဆွဲခြင်းများ မကြာခဏ ကြားနေရခြင်းက ၎င်း၏ ပြောဆိုချက် ကို သက်သေထူနေသည်။

ယင်းသို့သော အခြေအနေတွင် ခွေးက မကိုက်သည်ဆိုဦးတော့ ခွေးအလိုက်ခံရသူများ၏ စိတ်ထဲတွင် မလုံခြုံမှု၊  ဘေးအန္တရာယ်ရှိမှုကို ခံစားလိုက်ရသည်။

“အဲဒီညက ၇ နာရီကျော်လောက်ပဲ ရှိသေးတယ်။ မီးပြတ်တော့ လမ်းထဲမှာမှောင်နေတယ်။ ဖုန်းမီးထွန်းရင်း လမ်းလျှောက်လာတာ နောက်ကနေ ခွေးနှစ်ကောင်လိုက်လာတယ်။ ဘာမှတော့ မလုပ်ပေမယ့် ဘယ်အချိန်များ ကိုက်လေမလဲတွေးရင်း ဘုရားတပြီး အိမ်ရောက်အောင် မနည်းပြန်လာရတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်နေ မစန္ဒီက ပြောပြသည်။

လမ်းသွားလမ်းလာ ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးအပြင် ပြည်သူ့ကျန်းမာရေး ကဏ္ဍတွင်ပါ မည်မျှထိ သက်ရောက်မှု ရှိနေသည်ကိုလည်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ စာရင်းများက ဖော်ပြနေသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခွေးကိုက်လူနာ ကုသမှုဌာန (Dog Bite Treatment Centre) ကို ယခုနှစ် မေ ၂၉ တွင် စတင် ဖွင့်လှစ်ခဲ့ပြီးနောက် ၂ ပတ်တာ ကာလအတွင်း ခွေးကိုက်ခံရ၍ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးရန် ရောက်ရှိလာသည့် လူနာ ၄၅၀ ကျော်ရှိကြောင်း သိရသည်။

သာကေတမြို့နယ် အပါအဝင် မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ တာမွေ၊ စမ်းချောင်း မြို့နယ်တို့မှ အများဆုံး လာရောက်ကြပြီး တနေ့လျှင် ပျမ်းမျှ အယောက် ၅၀ မှ ၁၀၀ ကြား ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယ ညွှန်ကြားရေးမှူး/ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောသည်။

၂၀၁၉ ဇန်နဝါရီမှ စင်တာမဖွင့်မီ အချိန်ထိ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ခွေးကိုက်ခံရပြီး ရောက် ရှိလာသည့် လူနာဦးရေ ၄၀၀၀ ကျော် ရှိကြောင်း၊ ၂၀၁၈ တနှစ်ပတ်လုံး၌ ခွေးကိုက်ခံရသည့် လူနာ ၁၀၀၀၀ ကျော် ရှိကြောင်း သိရသည်။

ထိုစာရင်းများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာစာရင်းမျှသာဖြစ်သည်။

ယင်းအချက်အလက်များက မြို့နေလူထုအတွက် လမ်းဘေးခွေးအန္တရာယ် မည်မျှထိ စိုးရိမ်စရာ ကောင်းနေကြောင်းကို မီးမောင်းထိုးပြနေသည်။

ခွေးရူးပြန်ရောဂါ အန္တရာယ်

ခွေးရူးပြန်ရောဂါ ဖြစ်ပွားပါက ရာနှုန်းပြည့် သေဆုံးနိုင်ပါသည်။

ရန်ကုန်ဆေးရုံကြီးသို့ ခွေးရူးပြန်ရောဂါဖြင့် ရောက်ရှိလာသည့် လူနာ တနှစ်လျှင် ၃၀ မှ ၄၀ ကြားထိ ရှိပြီး ၂၀၁၉ ဇန်နဝါရီမှ မေလ အထိ ၁၀ ဦး ကျော်သွားပြီဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ခုလောက်က တနှစ်တာ ပတ်လုံးမှ အယောက် ၂၀-၂၅ ခန့်သာ ရှိသော်လည်း ယခု လေးငါးလဖြင့် ၁၄ ဦးခန့် ရှိပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယ ညွှန်ကြားရေးမှူး/ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောသည်။

“ခွေးရူးရောဂါက ကုရာနတ္ထိ ဆေးမရှိဆိုသလိုပဲ။ ခွေးရူးရောဂါ ဖြစ်လို့ ဆေးရုံလာလို့ရှိရင် ကျမတို့က Isolation Unit ဆိုပြီး ခွေးရူးရောဂါ လူနာတွေ ထားတဲ့ဌာန ရှိတယ်။ အဲဒီဌာနမှာပဲထားတယ်။ နောက်ဆုံးကျရင်တော့လည်း အသက်ဆုံးပါးသွားတယ်။ လက္ခဏာ မျိုးစုံပေါ်လာပြီးတဲ့အခါကျတော့ ဘယ်လိုမှ မကာကွယ်နိုင်ဘူး။ အဲဒါကြောင့် ခွေးကိုက်ခံရလို့ရှိရင် လုံးဝ မပေါ့ဆပါနဲ့။ ၂၄ နာရီအတွင်း ကာကွယ်ဆုံး အမြန်ဆုံး လာရောက်ထိုးနှံကြပါ” ဟု ဒေါက်တာ ခင်သိင်္ဂီမြင့် က တိုက်တွန်းသည်။

ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါ ဖြစ်ပြီးနောက် အသက်ရှင်သူ ၁၅ ဦးသာ ရှိသေးပြီး ထိုသူများသည်လည်း အကောင်း ပကတိ ပြန်မဖြစ်နိုင်တော့ကြောင်း သိရသည်။

ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်စေရန် တခုတည်းသော ကာကွယ်ရန် နည်းလမ်းမှာ ခွေးရူးပြန် ကာကွယ်ဆေး အချိန်မီ ထိုးနှံရန် ဖြစ်သည်။

သို့သော် ကာကွယ်ဆေးထိုးသည့်အခါ သတ်မှတ်ထားသည့် အကြိမ်အရေအတွက် ပြည့်အောင် ထိုးမှသာ ဆေးအာနိသင် သက်ရောက်မည်ကို သတိပြုရမည် ဖြစ်သည်။

ခွေးရူးပြန်ရောဂါသည် လူတိုင်း ဖြစ်နိုင်ပြီး ခွေးရူးပြန်ရောဂါပိုးရှိသည့် ခွေး၊ ကြောင် စသည့် တိရစ္ဆာန်များ ကုတ်ခြင်း၊ ကိုက်ခြင်း၊ ၎င်းတို့၏ သွားရည်နှင့် မိမိတွင် ရှိသည့် အနာ၊ ဒဏ်ရာများနှင့် ထိမိခြင်း၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှ မျက်ကြည်လွှာအား အစားထိုး ကုသမှုခံယူခြင်း တို့မှတဆင့် ခွေးရူးပြန်ရောဂါ ရရှိနိုင်ပါသည်။

ခွေးကိုက်ခံရပါက ဒဏ်ရာများအား ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး ၁၅ မိနစ်ကြာ ဆေးပေးခြင်း၊ အနာအား ပိုးသတ် ဆေးရည်ထည့်ခြင်း၊ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ပိုမိုကရုစိုက်၍ အရေးပေါ် ချက်ချင်း ကုသမှုခံယူခြင်းတို့ လိုအပ်ပါသည်။

“ဒဏ်ရာတွေကို ညှစ်တာတို့ ကျန်တဲ့ဆေးတွေနဲ့ ထည့်တာတွေ။ သစ်ရွက်တွေ အုံတာတို့ မလုပ်သင့်ပါဘူး” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အပူပိုင်းနှင့် ကူးစက်ရောဂါ ပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာမိုးမိုးစမ်းက သတိပေးသည်။

ခွေးရူးပြန်ရောဂါသည် ခွေးကိုက်ပြီးပြီးချင်း ဖြစ်ချင်မှ ဖြစ်မည်ကြောင်း၊ ရောဂါပျိုးချိန်ကို ယေဘူယျအားဖြင့် ၁ လမှ ၃ လအတွင်း သတ်မှတ်ထားသော်လည်း တပတ်အတွင်း ခွေးရူးပြန်ရောဂါ လက္ခဏာများ ပေါ်လာနိုင်သကဲ့သို့ တနှစ်ကျော်၊ သုံးလေးငါးနှစ်ကျော်ပြီးတော့မှလည်း ပေါ်လာနိုင်ကြောင်း၊ ခွေးကိုက်ခံရသည့် ဒဏ်ရာ မည်မျှထိ ပြင်းထန်သလဲ ဆိုသည့်အပေါ် မူတည်ကြောင်း ၎င်းက ရှင်းပြသည်။

ခွေးကိုက်ခံရပြီးနောက် ကိုက်သည့်ခွေးကို သတ်လိုက်လျှင် ခွေးရူးပြန်ရောဂါ မဖြစ်တော့ဘူးဆိုခြင်းမှာလည်း လုံးဝ မဟုတ်ဘဲ လွဲမှားနေသည့် အယူအဆဖြစ်ကြောင်း ဒေါက်တာ မိုးမိုးစမ်းက ရှင်းပြသည်။

ယခင်က ခွေးရူးပြန် ကာကွယ်ဆေးသည် ဗိုက်ကို ၁၄ လုံး ထိုးရခြင်းဖြစ်ရာ ဘေးထွက်ဆိုးကျိုး များသောကြောင့် သိပ်မထိုးလိုကြသည့်အခါ ကိုက်သည့်ခွေးကို သတ်ပြီး ဦးခေါင်းကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ ပို့ကြသည်။

ယင်းခွေးဦးနှောက်တွင် ခွေးရူးပြန်ရောဂါပိုး ရှိမရှိ စစ်ဆေးပြီး မရှိဘူးဆိုသည့်အခါ စိတ်ချလက်ချ နေ၍ရကြောင်း၊ ရှိသည်ဆိုပါက ကာကွယ်ဆေးထိုးကြမည်ဆိုသည့် အယူအဆမှတဆင့် ပြန့်ပွားလာကြောင်း ထင်မြင်သည်ဟု ဆိုသည်။

ခွေးရူးရောဂါပိုးသည် ခွေးများ၏ ဦးနှောက်နှင့် အာရုံကြောစနစ်များတွင် ကိန်းအောင်းနေတတ်ရာ တချို့ ခွေးများသည် ရောဂါလက္ခဏာ မပြသေးဘဲ ပုံမှန်ခွေးတကောင်ကဲ့သို့ ပြုမူနေထိုင်ကြကြောင်း၊ သို့သော် ထိုခွေးမှ ထွက်သည့် တံတွေး၊ အရည်များကတဆင့် ခွေးရူးရောဂါ ကူးနိုင်သည်ဖြစ်ရာ သတိပြုဖွယ် ဖြစ်သည်။

ခွေးကိုက်ခံရလျှင် တာဝန်ယူမည့်သူမရှိ

ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက်ရှင်ရန် မျှော်လင့်ချက် နည်းသွားပြီဖြစ်ကြောင်း ဆရာဝန်များက ထောက်ပြသည်။ ထို့အတူ ကမ္ဘာပေါ်တွင် ခွေးရူးပြန်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ ၁၅ ဦးသာရှိသည်ဆိုသည့် အချက်သည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။

လမ်းဘေးခွေးကိုက်ခံရသူ သို့မဟုတ် ခွေးကိုက်ခံရသူအများစုမှာ အများပြည်သူ သွားလာနေသည့် လမ်းမများပေါ်တွင် အကိုက်ခံရခြင်းဖြစ်ပြီး ထို့အတွက် တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးမည့်သူလည်း မရှိပေ။ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာသည့် သတင်းများအရ ကလေးငယ်အချို့ ခွေးလေခွေးလွင့်များ၏ ကိုက်ခံရမှုကြောင့် သေဆုံးခဲ့ကြသည်ကို တွေ့မြင်သိရှိရသည်။

ထိုသို့ လူသားတဦး အသက်ဆုံးရှူံးမှုအတွက် တာဝန်ယူ၊ တာဝန်ခံမည့်သူ မရှိသော်လည်း ခွေးကိုက်ခံရပြီး သေဆုံးသွားသူများ၊ ခွေးရူးပြန်ရောဂါရရှိသွားသူများ၏ မိသားစုများ အတွက်တော့ အစားထိုးစရာမရှိသော ဆုံးရှူံးမှုဖြစ်သည်။

YCDC ၏ လမ်းဘေးခွေး ရှင်းလင်းရေး

ရန်ကုန်မြို့၏ လမ်းဘေးလေလွင့်ခွေး ရှင်းလင်းရေးကို YCDC ၏ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနက အဓိက တာဝန်ယူ ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်နေသည်။

ယင်းသို့ လုပ်ဆောင်ရာတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ Guide Line များအနက် နိုင်ငံ့ရေမြေ အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်း ၆ မျိုး ရှိကြောင်း ယင်းဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လွင်မင်းစိုးက ရှင်းပြသည်။

ခွေးများကို တာဝန်ယူမွေးမြူသည့်စနစ် (Resopnsiblile Dog Ownership) ဟုခေါ်ပြီး ခွေးများကို အိမ်မွေးတိရစ္ဆာန် မှတ်ပုံတင် ဆောင်ရွက်ပေးခြင်း၊ မျိုးပွားထိန်းချုပ်ခြင်း၊ ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း တို့ဖြစ်သည်။

ထို့ပြင် ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်ဘဲ အန္တရာယ်ပြုသည့် ကိုက်တတ်သည့် လေလွင့်ခွေးများကို ဖမ်းဆီးဖယ်ရှားခြင်း၊ ကော်မတီပိုင် လေလွင့်ခွေးထိန်းသိမ်းရေး ဂေဟာသို့ ပို့ဆောင်ထိန်းသိမ်းခြင်း၊ သုတ်သင်ရှင်းလင်းခြင်း နည်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း လမ်းဘေးခွေးနှင့် ပတ်သက်သည့် တိုင်ကြားမှုများက စည်ပင်ဌာနသို့ နေ့စဉ်နှင့်အမျှ ရောက်နေရှိသကဲ့သို့ ခွေးကိုက်ခံရမှုများကလည်း လျော့နည်းသွားခြင်း မရှိသေးပေ။

ဌာနအနေဖြင့်လည်း ဘဏ္ဍာငွေ အခက်အခဲကြောင့် ခွေးရှင်းလင်းရေး လုပ်ငန်းကို အကန့်အသတ်များဖြင့် ဆောင်ရွက်နေရရာ အားလုံးလွှမ်းခြုံနိုင်မှု၊ ထင်သာမြင်သာရှိမှု နည်းသည်ဟု ဒေါက်တာ လွင်မင်းစိုးက ထုတ်ဖော်ပြောဆိုသည်။

ပြီးခဲ့သည့် လပိုင်းလောက်မှစတင်ကာ ပိုင်ရှင်မဲ့ လမ်းဘေးခွေးများကို ဖမ်းဆီးကာ ဘေးမဲ့ဂေဟာသို့ ပို့ဆောင်ခြင်း၊ ယင်းခွေးများကို မွေးလိုသူရှိပါက တရားဝင် မွေးနိုင်ရန် မှတ်ပုံတင်လုပ်ပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်စည်ပင် ဥက္ကဋ္ဌများက ဦးဆောင်ပြုလုပ်လာသည်။

“လမ်းပေါ်ရောက်လာရင် စည်ပင်ပိုင်ပေါ် ရောက်လာပြီဖြစ်တဲ့အတွက် လိုအပ်သလို စည်ပင်ဥပဒေနဲ့ အရေးယူမယ်။ အဲဒီအတွက် လာပြီး မှတ်ပုံတင် စာရင်းသွင်းကြပါ” ဟု ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က တိုက်တွန်းပြောဆိုထားသည်။

၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်ဥပဒေ ပုဒ်မ ၃၂၁(ခ)အရဆိုလျှင် မြို့တော်နယ်နမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ် (သို့) လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း ပြုလုပ်ပါက ပထမအကြိမ်တွင် ငွေဒဏ် ကျပ် ၁ သိန်းမှ ၅ သိန်းထိ ချမှတ်ခံရမည်ဖြစ်ပြီး ဆက်လက် ကျူးလွန်ပါက ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရမည် ဖြစ်သည်။

သို့သော် မွေးမည်ဟု မှတ်ပုံတင် စာရင်းသွင်းပြီးသည်နှင့် ထိုခွေးကို ခြံဝင်း သို့မဟုတ် တိုက်ခန်းထဲတွင် ထားရမည်ဖြစ်ပြီး ခွေးကြောင့် ပြဿနာ တခုခုဖြစ်ခဲ့လျှင် စာရင်းသွင်းမွေးစားသူ၏ တာဝန်သာဖြစ်သည်ဟု ဆိုသည်။

ဦးဝင်းဗိုလ်က “ဆေးမျိုးစုံ ထိုးပေးလို့ရတယ်။ သို့သော် တခုပဲ မေးမယ်။ ဖြေပါ။ ခွေးမကိုက်ဆေးရှိလား။ ရှိလို့ရှိရင် ကျနော် ထိုးပေးမယ်။ ကျနော့်ဆီမှာတော့ မရှိဘူး။ ခွေးရဲ့ပြဿနာက ကိုက်တဲ့ပြဿနာ။ ဘယ်အချိန် ထကိုက်မယ် မသိဘူး။ ခွေးမကိုက်ဆေး မရှိတဲ့အတွက်ကြောင့် ဒီခွေးကို လမ်းမမှာ ထားလို့မရဘူး” ဟု ဆိုသည်။

တခြားနည်းလမ်း တခုဖြစ်သည့် လေလွင့်ခွေးများအား မျိုးပွားထိန်းချုပ်ခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ ဆောင်ရွက်လာသည်ကိုလည်း တွေ့ရသည်။

လေလွင့်ခွေးအတွက် ကုန်ကျနေသည့် ပြည်သူ့ပိုက်ဆံများ

လေလွင့်ခွေးများ အတွက် ကုန်ကျနေရသည့် စရိတ်များကို လူထု အတွက် လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး စသည့် နေရာများတွင် အသုံးပြုစေလိုကြောင်း ပြည်သူအချို့က ထောက်ပြနေမှုလည်း တွေ့ရသည်။

ဒေါက်တာ လွင်မင်းစိုး၏ ပြောပြချက်အရ ခွေးအထီး တကောင်ကို ခန့်မှန်းခြေ ငွေကျပ် ၁၀၀၀၀ ခန့် ကုန်ကျပြီး ခွေးအမ တကောင်ကို ငွေကျပ် ၂၅၀၀၀-၃၀၀၀၀ ကုန်ကျနိုင်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အတွက် ငွေကြေးသာမက လူအင်အားလည်း လိုအပ်ကြောင်း သိရသည်။

၂၀၁၄ မှစတင်ကာ ဌာနက မျိုးပွားထိန်းချုပ် ဆောင်ရွက်ပေးခဲ့သည့် ခွေးထီးကောင်ရေ ၈၀၀ ကျော် ရှိကြောင်း သိရသည်။

ဆိုးသွမ်း လေလွင့်ခွေးများအား ဖမ်းဆီးထိန်းသိမ်းရန် လှိုင်သာယာတွင် အကောင် ၄၀၀ ဆံ့ ဌာနပိုင် လေလွင့်ခွေး ဂေဟာတခု ရှိသည်။

ယင်းဂေဟာတွင် ၂၀၁၇ အောက်တိုဘာမှ စတင်ကာ လက်ခံခဲ့ပြီး လက်ရှိတွင် ခွေးအကောင်ရေ ၂၀၀ ကျော် ရှိကြောင်း၊ ခွေးတကောင်လျှင် တနေ့ ၂၅၀ ကျပ်နှုန်းဖြင့် ချက်ပြုတ်ကျွေးမွေးနေကြောင်း၊ ယင်းဂေဟာရှိ ခွေးများကို ခွေးရူးကာကွယ်ဆေး ထိုးပေးထားကြောင်း သိရသည်။

“ကျနော်တို့က အများပြည်သူ အန္တရာယ်ဖြစ်မှု ပြည်သူ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု အခြေအနေကို ဘယ်လောက် ခြိမ်းခြောက်မှုရှိလဲ။ ပြည်သူလူထုရဲ့ လိုလားတောင့်တချက် ဆန္ဒအပေါ် မူတည်ပြီး မလွဲမရှောင်သာဘဲနဲ့ အဆိပ်ဆေးသုံးပြီး ရှင်းလင်း ဆောင်ရွက်နေရတာလည်း ရှိပါတယ်” ဟု ဒေါက်တာ လွင်မင်းစိုးက ပြောသည်။

လေလွင့်ခွေးများကို လမ်းပေါ် အစာကျွေးခြင်းက အပြစ်ရှိသည်

လေလွင့်ခွေးများ လူ့ပတ်ဝန်းကျင်တွင် ရှိနေခြင်းသည် အကြောင်းရင်းတခုကား အစားအစာ လွယ်ကူစွာ ရရှိနိုင်၍ ဖြစ်သည်။ လုံခြုံမှု မရှိသည့် အမှိုက်ပုံ/ပုံးများ၊ လမ်းဘေးဆိုင်များက စွန့်ပစ်လိုက်သည့် စားကြွင်းစားကျန်များကို စားသောက်၍ ရှင်သန်ပေါက်ဖွား ကြခြင်းဖြစ်သည်။

ယခုနောက်ပိုင်း လမ်းဘေးတိရစ္ဆာန်များကို စည်းကမ်းမဲ့ အစာလိုက်ကျွေးနေမှုများသည် ဥပဒေအရ အရေးယူနိုင်ပြီး ယင်းကိစ္စများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ အစာကို အလွယ်တကူ မရရှိနိုင်အောင် ထိန်းချုပ်ထားလျှင် လေလွင့်ခွေး ရှင်သန်ပေါက်ဖွားမှုနှုန်း၊ မှီတင်းနေထိုင်မှုနှုန်း လျော့ကျလာမည်ဖြစ်ကြောင်း ဒေါက်တာ လွင်မင်းစိုးက ပြောသည်။

၂၀၁၈ စည်ပင်ဥပဒေ ပုဒ်မ ၃၂၂ ပုဒ်မခွဲ(မ)တွင် မည်သူမျှ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဖုန်မှုန့်၊ အညစ်အကြေး၊ စက္ကူပုံး၊ စက္ကူစ၊ ပလပ်စတစ်ပုံး၊ ပလပ်စတစ်ခွက်၊ ပလပ်စတစ်အိတ် စသည့် အမှိုက်သရိုက်များ၊ တိရစ္ဆာန် အသေကောင်၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ အမှိုက်ထုပ် စသည့် အနံ့ဆိုး ထွက်သည့်ပစ္စည်းများ (သို့) မည်သည့် အရာဝတ္ထုကိုမဆို ထားရှိခြင်း၊ ပစ်ချခြင်း၊ လွှင့်ပစ်ခြင်း၊ တိရစ္ဆာန်များအား အစားအစာ ကျွေးမွေးခြင်း မပြုရန် တားမြစ်ထားသည်။

ပြစ်မှု ကျူးလွန်ပါက ငွေဒဏ် ကျပ် ၅ သောင်းမှ ကျပ် ၁ သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း အတိအလင်း ဖော်ပြထားသည်။

ထို့အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်လာရေး အသိပညာပေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။

လက်ရှိအချိန်ထိ ပြည်သူပိုင် လမ်းမများပေါ် (အချို့ လမ်းလယ်ခေါင်တည့်တည့်) တွင် ပလက်စတစ်အိတ်များဖြင့် ထုတ်ကာ ချကျွေးနေကြသည်ကို တွေ့ရသော်လည်း ထိရောက်သည့် အရေးယူမှုကိုတော့ မတွေ့မြင်ရသေးပါ။

ခွေးရှင်းလင်းရေးနှင့် ပြည်သူတို့၏ သဘောထား

လမ်းဘေးတိရစ္ဆာန်များနှင့် ပတ်သက်၍ တဖက်စောင်းနင်း ဖြစ်နေသည့် ယင်းဥပဒေကို တိချစ်သူများက ကန့်ကွက်လျက်ရှိပြီး စည်းစနစ် တကျဖြင့် ကျွေးမည်ဆိုပါက ကျွေးခွင့်ပေးရမည်ဟု ဆိုသည်။

“လူတောင် ဗိုက်ဆာရင် လူသတ်ချင်စိတ်ပေါက်တယ်။ သတ္တဝါလေးတွေကိုလည်း အစာငတ်ခံပြီး ထားကြည့်လိုက် တွေ့သမျှ လိုက်ကိုက်ပြီး အန္တရာယ်ဖြစ်မှာ။ ကလေးတယောက် လမ်းမမှာ သွားတယ်။ မုန့်ုကိုင်သွားရင် အတင်းလိုက်ဆွဲပြီး စားမှာပဲလေ။ အဲဒီကျရင် ဒီခွေးက ကိုက်တယ်ဆို ဖြစ်လာမှာ။ တော်တော်များများက ခွေးကိုက်တယ်ဆိုတာပဲ အပြစ်ပြောကြတာ။ ခွေးဘာကြောင့် ကိုက်တာလဲ။ ဘာသွားလုပ်လို့ ကိုက်တာလဲဆိုတဲ့ ဇာစ်မြစ်ကို ဘယ်သူမှ မလိုက်ကြဘူး” ဟု ဒေါ်ဝေဝေမိုးက ပြောသည်။

ဒေါ်ဝေဝေမိုးသည် အမေ့ရင်ခွင်ဂီလာန ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ဆေးကုသဆောင် တည်ထောင်ထားသူဖြစ်ပြီး အဆိပ်ချရှင်းလင်းခံရမည့် လေလွင့်ခွေးများကို ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနေသူ ဖြစ်သည်။

တိချစ်သူများသည် YCDC ၏ အဆိပ်ချ ရှင်းလင်းနည်းကို တောက်လျှောက် ကန့်ကွက်ခဲ့ကြပြီး မျိုးပွားနှုန်း ထိန်းချုပ်သည့်နည်းကို အသုံးပြုရန်၊ ဆိုးသွမ်းသည့် ခွေးများကို ဂေဟာပို့ပေးရန် ယနေ့ထိ တောင်းဆိုနေကြဆဲ ဖြစ်သည်။

ခွေးများသည် မေထုန်မှီဝဲချင်သည့် အချိန်၊ မိတ်လိုက်သည့်အချိန်များတွင် အစားမစားတော့ဘဲ မုံယိုကာ ကိုက်ခြင်း၊ သားပေါက်ထားသည့် ခွေးမိခင်များသည် သားသမီးကို ကာကွယ်သည့်စိတ်ဖြင့် ကိုက်ခြင်း၊ ခွေးများကို ခဲလုံးများဖြင့် ပေါက်၊ တုတ်ဖြင့်ရိုက်သည့်အခါ အသားနာ၍ ပြန်ကိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် မျိုးပွားနှုန်း ထိန်းချုပ်ခြင်းဖြင့် မေထုန်မှီဝဲချင်သည့်စိတ်ကို ဖြတ်ချလိုက်လျှင် ၁၀၀ တွင် ၉၀ ရာခိုင်နှုန်းသည် အကိုက်လုံးဝ လျော့သွားမည်ဖြစ်ရာ ခွေးကိုက်နှုန်း ကျသွားမည်ဖြစ်ကြောင်း၊ မျိုးပွားနှုန်း ထိန်းထားသည့် ခွေးများသည် အန္တရာယ်လည်း သိပ်မရှိတော့ကြောင်း တိချစ်သူများက အခိုင်အမာ ယူဆထားသည်။

အဆိပ်ချသည့်အခါ ကျန်ခဲ့သည့် တကောင်ကနေ ၁၀/၁၂ ကောင် ပေါက်နိုင်သဖြင့် ၆ လခန့်ကြာသည့်အခါ အမ ၆ ကောင်ကို ၁၀ ကောင်နှုန်းဖြင့် တွက်မည်ဆိုလျှင်ပင် အကောင် ၆၀ ထပ်ပွားနိုင်သည်ဟုလည်း ဒေါ်ဝေဝေမိုးက ရှင်းပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက YCDC က ခွေးများ ဖမ်းဆီး၍ ဂေဟာသို့ ပို့သည့်အခါ တိချစ်သူ အချို့က အိမ်ထဲတွင် ဝှက်ထားခြင်းများ ရှိခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင် အိမ်ထဲထိ ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ရသည်အထိ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

လမ်းဘေးခွေးများကို မှတ်ပုံတင်ကာ တရားဝင် မွေးယူနိုင်သည်ဆိုသော်လည်း ခွေးများကို လမ်းမပေါ်တွင် မရှိစေရဟု ဆိုသည့်အခါ တိုက်ခန်းနှင့် နေထိုင်သူများအဖို့ အကောင်များစွာကို ခေါ်ယူမွေးထားရန် အခက်အခဲ ရှိသည်ဟု တိချစ်သူများက ဆိုသည်။

ပုဂ္ဂလိက ခွေးဂေဟာ တချို့သို့ ပို့ဆောင်ကြသော်လည်း အရေအတွက် အလွန်များပြားသဖြင့် ထပ်မံလက်မခံနိုင်တော့ ကြောင်း ပို့စ်များလည်း လူမှုကွန်ရက်စာမျက်နှာတွင် တွေ့မြင်ရသည်။

တဖက်တွင်လည်း YCDC အနေဖြင့် ခွေးရှင်းလင်းရေး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကူညီအားပေး နိုင်ရန် “လေလွင့်ခွေးကင်းစင်ရေးအဖွဲ့” ဟူ၍လည်း မကြာသေးမီက ပေါ်ထွက်လာခဲ့သည်။

၎င်းတို့သည် ခွေးမုန်းတီးသူများ မဟုတ်ကြောင်း၊ အများပြည်သူ အသုံးပြုနေသည့် လမ်းများပေါ် လေလွင့်ခွေးတို့၏ တိုက်ခိုက်မှု ဘေးအန္တရာယ် ကင်းစင်ရေး၊ လမ်းဘေးခွေးများအား မြို့ရွာလမ်းမများပေါ်မှ ကင်းစင် ပပျောက် သွားစေခြင်း အလို့ငှာ ဥပဒေနှင့်အညီ တောင်းဆိုလှုပ်ရှားနေသော အဖွဲ့ဖြစ်ကြောင်း အဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် အတိအလင်း ဖော်ပြထားသည်။

ခွေးများအား မျိုးပွားမှုထိန်းချုပ်ခြင်း လုံလောက်သည့် အဖြေတခု မဟုတ်ဘဲ ဆင်းရဲသည့် တိုင်းပြည်တွင် ဘတ်ဂျက်များစွာ ကုန်ကျမည့် ယင်းလုပ်ငန်းစဉ်သည် မည်မျှအတိုင်းအတာထိ အောင်မြင်နိုင်မည်လဲ၊ မျိုးပွားထိန်းချုပ်လိုက်သည့် ခွေးများက လမ်းသွားလမ်းလာ ပြည်သူများကို မကိုက်တော့ဘူးလား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။

လေလွင့်ခွေး ကင်းစင်ရေးအဖွဲ့မှ ကိုအောင်နိုင်ထွန်း က “လမ်းတွေပေါ်မှာ ခွေးလေခွေးလွင့်တွေ မရှိစေချင်ဘူး။ လူကို အန္တရာယ်ပေးတဲ့ အဆင့်ထိလည်း ရောက်လာပြီ။ အကောင်ရေလည်း များလာတယ်။ အဲဒီအတွက် မရှိစေချင်ဘူး” ဟု ပြတ်သားစွာ ပြောသည်။

ဆက်လက်၍ ၎င်းက “သင်းကွပ် ဆေးထိုးပြီး ပြန်လွှတ်တာကိုလည်း ကျနော်တို့ လက်မခံဘူး။ ဒီခွေးဆိုတဲ့ စိတ်က အိမ်မွေး ခွေးတောင် ပိုင်ရှင်ကို ပြန်ကိုက်သေးတာပဲ။ ဒီခွေးတွေကလည်း ကိုက်မှာပဲလေ။ အခုဆို ကလေးငယ်တွေ မလွတ်လပ်တော့ဘူး။ တော်တော်များများ ကလေးငယ်တွေ အကိုက်ခံရတယ်။ သေကြတယ်” ဟုလည်း ပြောပြသည်။

ခွေးကိုက်ခံရပြီဆိုသည်နှင့် ဒဏ်ရာရရှိမည်၊ ကာကွယ်ဆေးထိုးရန် အချိန်ကုန်၊ အလုပ်ပျက်၊ လူပမ်း ဖြစ်ကြရမည်၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရုံသာမက လမ်းမများပေါ် သွားသည့်အခါတွင်လည်း စိတ်လုံခြုံမှု မရှိတော့ဟု ဆိုသည်။

အကိုက်ခံရတဲ့သူကို ဆေးထိုးပေးမည်ဟူသော တိချစ်သူများ၏ ပြောစကားသည် တာဝန်မဲ့သည့် ပြောဆိုချက်သာ ဖြစ်ကြောင်း ၎င်းတို့က ဝေဖန်ပြောဆိုသည်။

“အဓိကကတော့ သူတို့ သားဆက်ခြားတာတို့ လုပ်နေတဲ့ဟာတွေက လက်တွေ့မကျဘူး။ ကျနော်တို့က ခွေးကိုက်တဲ့ အန္တရာယ်ကို ပြောနေတာ။ ခွေးမွေးတဲ့ကိစ္စကို ပြောစရာမရှိဘူး။ လမ်းမပေါ်မှာ ပိုင်ရှင်မဲ့ခွေးတွေ ရှိနေတာကိုက သဘာဝမကျတဲ့ ကိစ္စတရပ်ပါ။ ဒါတွေကို သူတို့ ဖယ်ကိုဖယ်ရှားပေးရမယ်” ဟု စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက အတိအလင်း ပြောဆိုသည်။

လမ်းဘေးခွေး ရှင်းလင်းရေး ရန်ကုန်စည်ပင် တကယ်အလုပ်လုပ်ရန်လိုသည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ (၂၀၁၈)၊ အခန်း(၂၂)၊ ပုဒ်မ(၂၁၈)အရ ကော်မတီသည် မြို့တော် နယ်နမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို သင့်လျော်သည့် နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့ လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိထားသည့် YCDC အနေဖြင့် မြို့တော်နေ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော လေလွင့်ခွေးအန္တရာယ် လျော့ပါးပျောက်ကွယ်သွားသည်အထိ စနစ်တကျ စဉ်ဆက်မပြတ် လုပ်ဆောင်ရန် ပြည်သူအများစုက လိုလားသည်။

“YCDC ရဲ့ အလုပ်ဆိုတာ စီမံခန့်ခွဲမှုက အဓိကပဲ။ လုပ်ဆောင်ရမယ့်ဟာကိုလည်း ဥပဒေနဲ့အညီ ပြဋ္ဌာန်းပေးပြီးသား။ ၂၀၁၈ စည်ပင် ဥပဒေ ပြီးသွားပြီ။ အဲဒီ ဥပဒေပါ အချက်တွေအတိုင်း လုပ်ရမယ်။ ဥပဒေတွေပါ အချက်တွေကို ပြတ်ပြတ်သားသား အကောင်အထည်ဖော်ရမယ်” ဟု ဦးဘိုဘိုဦးက ထောက်ပြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လမ်းဘေးခွေး ရှင်းလင်းရေးနှင့် ပတ်သက်၍ ပြည်သူအများစု၏ အသံ၊ ဖြစ်စေချင်သည့် ဆန္ဒအပေါ်မူတည်ပြီး အကောင်အထည်ဖော်နိုင်ရန် ဥပဒေ လုပ်ထုံးလုပ်နည်း နိုင်ငံတကာစံချိန်များနှင့် ကိုက်ညီအောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဟု အစိုးရ ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း လူနှင့်ခွေးယှဉ်ပါက လူကိုသာ ဦးစားပေးမည်ဖြစ်ကြောင်း၊ လူ့အသက် အန္တရာယ် ရှိလာသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့အတူ မကြာသေးခင်က တက်လာသည့် ဒုမြို့တော်ဝန် ဦးစိုးလွင်ကလည်း လမ်းဘေးခွေး ရှင်းလင်းရေးတွင် ၎င်း၏ သဘောဆန္ဒသည် အဆိပ်ချနည်းကို သုံးမည်မဟုတ်ကြောင်း၊ တိရစ္ဆာန်များကို မေတ္တာတရား ထားရမည်ဖြစ်ပြီး ခွေးရှင်းလင်းရေးသည် ချက်ချင်းကြီး မဖြစ်နိုင်ဘဲ ၄/၅ နှစ်ခန့် ခွေးလျော့ကျသွားရန် စောင့်ရလိမ့်မည်ဟု ဧရာဝတီနှင့် အင်တာဗျူး၌ ဖြေကြားခဲ့သည်။

ထိုကဲ့သို့ ရန်ကုန်တိုင်း၏ တာဝန်အရှိဆုံးသော ပုဂ္ဂိုလ်တို့၏ ပြောစကားများသည် ခွေးရှင်းလင်းရေးနှင့် ပတ်သက်၍ တိကျခိုင်မာသည့် မူဝါဒများ၊ အစီအစဉ်များ မရှိကြောင်း ခွေးကိစ္စကိုပင် အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု မယူဆကြောင်း ပြည်သူအချို့က လူမှုဆက်သွယ်ရေး ကွန်ရက်ပေါ်တွင် ဝေဖန်နေသည်ကိုလည်း တွေ့ရသည်။

တိကျသည့် လုပ်ငန်းစဉ်၊ စီမံချက်များ မရှိဘဲ ဟိုတကွက် သည်တကွက် ပေါ်ပင်ထလုပ်မည်ဆိုပါက ရန်ကုန်မြို့တွင် လမ်းဘေးခွေး မည်သည့်အခါမျှ လျော့နည်းပပျောက်မည် မဟုတ်ဟုလည်း ထောက်ပြကြသည်။

“ကျနော့် တသက်နဲ့တကိုယ် ခွေးအန္တရာယ်က မြို့ထဲလမ်းမတွေပေါ် အကြီးမားဆုံး ဖြစ်လာတာ။ အရင်တုန်းက ဒီလိုမျိုး မရှိခဲ့ဖူးပါဘူး။ ပြည်သူလူထုရဲ့ အန္တရာယ်ကို ဖြေရှင်းဖို့က အစိုးရတာဝန်ပဲ။ ကျနော်တို့လည်း ထပ်ပြီး တိုက်တွန်းသွားမှာပါ” ဟု ဦးဘိုဘိုဦးက ပြောသည်။

လက်တလော ခွေးရှင်းလင်းရေး ဆောင်ရွက်နေမှုများသည် အားရစရာ သိပ်မရှိဘဲ သိသိသာသာ လျော့နည်း သွားသည်ဟူသော အခြေအနေတရပ်ရအောင် ပိုမို အားစိုက်လုပ်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။

ဒေါက်တာလွင်မင်းစိုးကတော့ လမ်းဘေးခွေး ရှင်းလင်းရေးတွင် မည်သည့် နည်းလမ်းကတော့ အကောင်းဆုံး ဟူ၍မရှိဘဲ နည်းလမ်းမျိုးစုံဖြင့် တပြိုင်နက်တည်း ဆောင်ရွက်သွားရမည်ဟု အကြံပြုသည်။

YCDC အနေဖြင့် ရန်ကုန်မြို့ လမ်းဘေးခွေး ရှင်းလင်းရေးနှင့် ပတ်သက်၍ မျိုးပွားထိန်းချုပ်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အန္တရာယ်ရှိ ခွေးများကိုလည်း ဖမ်းဆီးဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်းနှင့် တာဝန်ယူပြီး ခွေးမွေးမြူသည့် စနစ်ကိုလည်း မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒီကြားထဲမှာမှ ရှင်းလင်းသည့် (အဆိပ်ချ) စနစ်ကိုလည်း သုံးစွဲနေရအုံးမည်ဟု ဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ဝန်ထုပ်ဝန်ပိုးကြီးကဲ့သို့ ဖြစ်လာသည့် ရန်ကုန်မြို့ လမ်းဘေးခွေး ရှင်းလင်းရေး ကိစ္စတွင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကို ရှေးရှုကာ ဥပဒေပြဋ္ဌာန်းချက် အတိုင်း တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်နေပြီ ဆိုသည်ကား လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေပေသည်။

“ချစ်တဲ့သူကလည်း သူ့ဘာသာ ချစ်ပေါ့ဗျာ။ ပြောစရာမရှိဘူး။ ဒါပေမယ့် လမ်းမပေါ်တော့ တက်ချစ်လို့ မရဘူး။ ခွေး အန္တရာယ်ရှိနေတဲ့ကိစ္စကို ဖယ်ရှားဖို့ပြောနေတဲ့ဟာသည်လည်း ခွေးမုန်းသူ လို့တပ်လို့မရဘူး။ ချစ်လို့မုန်းလို့ဆိုတဲ့ ပြဿနာမဟုတ်ဘူး။ ဥပဒေနဲ့ညီဖို့ဆိုတာကို ပြောနေခြင်း ဖြစ်ပါတယ်” ဟု ဦးဘိုဘိုဦးက ဆိုသည်။

You may also like these stories:

အဝီစိတွင်းရေ အသုံးပြုခြင်းကို အားမပေးဟု မြို့တော်ဝန်ပြော

“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော

လေလွင့်ခွေး လမ်းပေါ်မှာ ရှိနေသမျှ အချိန်မရွေး ကိုက်နိုင်တယ်

Did you find apk for android? You can find new Free Android Games and apps.
Loading