ယခု နှစ်ပိုင်းများတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အရေးပါသည့် ကဏ္ဍတခု ဖြစ်သော လယ်ယာမြေကဏ္ဍ၌ လုပ်သား ရှားပါးမှုကို ရင်ဆိုင်နေရကြောင်း သိရသည်။ ကျေးလက် နေထိုင်သူများမှာ လယ်ယာလုပ်ငန်းခွင်များကို စွန့်ခွာ၍ မြို့ပေါ် သို့မဟုတ် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်မှုများလည်း များပြားလျက်ရှိသည်။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ထုတ်လုပ်မှု ကျဆင်းလာခြင်းနှင့်အတူ လယ်ယာကဏ္ဍ အခြေပြုသည့် ပြည်တွင်း အသား တင် ထုတ်လုပ်မှု တန်ဖိုး (GDP) ပါဝင်မှု အချိုး လည်း လျော့ကျလျက် ရှိသည်။
ပြည်ပနိုင်ငံသို့ အများဆုံး တင်ပို့နေသော လယ်ယာ ထွက်ကုန်တခု ဖြစ်သည့် ဆန်သည် တရုတ်နိုင်ငံ တခုတည်းကို ဈေး ကွက် မှီခိုနေရသည့်အတွက် တရုတ်မူဝါဒ အပြောင်းအလဲ ဖြစ်ပေါ်ပါက တိုင်း ပြည်ပ တင်ပို့သည့် လုပ်ငန်းရှင်များက စ၍ ကုန်သည်များနှင့် တောင်သူများအထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်ကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ပြောင်းလဲ ဖြစ်ပေါ်လာသည့် အခြေအနေများ၊ ပြည်တွင်း ထုတ်ကုန် အများစု တရုတ်ဈေး ကွက် တခုတည်း မှီခိုနေမှုကို မည်သို့ လျှော့ချနိုင်မည်နည်းနှင့် ပြည်ပမှ ပြန်ပို့ငွေများ တရားဝင် လမ်းကြောင်း ပေါ်ရောက် လာပါက တိုင်းပြည် စီးပွားရေး အပေါ် အထောက်အကူ ပြုလာနိုင်မည့် အခြေအနေများ အပါအဝင် မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတ၏ စီးပွားရေး အကြံပေးလည်း ဖြစ်သူ၊ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးကို ဧရာဝတီ သတင်းဌာန သတင်းထောက် အောင်သီဟက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ကမ္ဘာ့ဘဏ် အပါအဝင် အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတချို့မှာ လယ်ယာကဏ္ဍ အခြေပြုတဲ့ GDP ပါဝင်မှု အချိုးက ၂၀၁၁ ခုနှစ်လောက်က ဆိုရင် ၃၉ ရာခိုင်နှုန်းလောက် ရှိနေတယ်။ အခုဆိုရင် ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်။ ဒီ အကျိုးဆက် ဘာတွေထပ် ဖြစ်လာနိုင်လဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ တမျိုးသားလုံး ထုတ်လုပ်မှုမှာ လယ်ယာကဏ္ဍက ပါဝင်မှုက နည်းသွားတယ်။ လယ်ယာ ကဏ္ဍကနေ GDP တိုးအောင် လုပ်ပေးနေတာက အရင်လောက် အားမကောင်းတော့ဘူး ဆိုတဲ့ သဘောပေါ့။ အဲဒါကတော့ တခြား နိုင်ငံ ကြီးတွေမှာလည်း ဖြစ်လေ့ရှိတယ်။ ဒါက ဘယ်လိုဖြစ်လဲဆိုရင် လယ်ယာကဏ္ဍမှာ အလုပ်လုပ်နေတဲ့ လူတွေနည်းသွားရင် ဒါမှမဟုတ် လယ်ယာကဏ္ဍက အရင် လူ ၁၀ ယောက်နဲ့ လုပ်နေတာကနေ လူ ၁ ယောက်နဲ့ပဲ အားလုံးကို လုပ်သွားတယ် ဆိုရင် လယ်ယာကဏ္ဍရဲ့ ထုတ်လုပ်မှုတွေက ရှင်းရှင်းပြောရရင် တက်မလာသလို လျော့လဲ မသွားဘူးပေါ့။
တခြား စက်မှုကဏ္ဍလို ဟာမျိုးတွေမှာ များလာတယ်။ အဲဒီတော့ စက်မှုကဏ္ဍရဲ့ ထုတ်လုပ်မှုက တန်ဖိုးက အရမ်းများလာ တဲ့အခါမှာကျတော့ လယ်ယာကဏ္ဍရဲ့ ထုတ်လုပ်မှုက နည်းသွားသလို ယူဆရတယ်။ အဲဒါမျိုးက ကောင်းတဲ့ ပြောင်းလဲမှု သဘောတရားလို့ ပြောလို့ ရတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ အဲဒီလို မဟုတ်ဘူး။
ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတာက စက်မှုကဏ္ဍရဲ့ တိုးတက်မှုနှုန်းကလည်း ဒီလောက်ကြီး များလာတာ မရှိဘူး။ ကျနော်တို့ ရဲ့လယ်ယာ ကဏ္ဍရဲ့ ထုတ်လုပ်မှုကသာ နည်းသွားတာ၊ ဒီကဏ္ဍမှာ မှီခိုနေရတဲ့ သူတွေကတော့ နည်းမသွားဘူး။ ဘယ်လို ဖြစ်လာလဲဆိုရင် လယ်ယာကဏ္ဍ ထုတ်လုပ်တဲ့သူက သူထုတ်တဲ့ဟာကို သူတို့ပဲ စားရတော့မယ်ဆိုရင် လယ်ယာ မိသားစု တော်တော်များများက ပိုပြီးတော့တောင် ဆင်းရဲလာတယ်လို့ ပြောလို့ရတယ်ပေါ့။ အဲဒီတော့ ဒီကိစ္စဟာ ကျနော်တို့ နိုင်ငံ အတွက် စိန်ခေါ်မှု တရပ်လို့ မြင်တယ်။
ထင်သာမြင်သာ ရှိတဲ့ တခြား သက်သေပြချက်ကတော့ ဘာလဲဆိုရင် အခုဆိုရင် လယ်ယာကဏ္ဍက လူတော်တော်များများ က ကျေးလက်ကို စွန့်ခွာပြီး မြို့ပေါ် လာပြီးတော့ အလုပ်လုပ်နေကြတယ်။ မြို့ပေါ်မှာ လာလုပ်တဲ့ အလုပ်ကလည်း အရမ်း ကောင်းမွန်တဲ့ အလုပ်တွေ ဖြစ်မနေဘူး။ ဒါကြောင့်မို့လို့ သူတို့ထပ်ပြီးတော့ နောက်တဆင့် ထိုင်းနိုင်ငံတို့လို တခြားနိုင်ငံ တွေမှာ သွားပြီးတော့ အလုပ်လုပ်ကြရတယ်။ ဒီကနေ ဘာဖြစ်လာနေလဲဆိုရင် ကျနော်တို့ရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ထိုင်စားတဲ့ စီးပွားရေး ဖြစ်လာတယ်။
များသောအားဖြင့် ထိုင်းမှာ အလုပ်လုပ်တယ် ဆိုတာက ကျနော်တို့ရဲ့ ထုတ်လုပ်မှုတွေမှာ အကျိုးပြုနေတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ဈေးသက်သာတဲ့ လုပ်အားကို ထိုင်းနိုင်ငံမှာ သွားပြီးတော့ ဝန်ဆောင်မှု တခုလိုသွားလုပ်ရတာ။ အဲဒီတော့ ဝန် ဆောင်မှု လုပ်ငန်းတွေရဲ့ GDP ပါဝင်နှုန်းက အခုခေတ်မှာ အရမ်းကို တက်လာတယ်။ ဘာတွေ တက်လာလဲဆိုရင် ကျနော် တို့ဆီက အလုပ်သမားတွေ သွားလုပ်တယ်။ အလုပ်သမားတွေ ပြန်ပို့တဲ့ ငွေကို မိဘတွေ၊ သားသမီးတွေက ထိုင်ပြီး စားကြ သောက်ကြတယ်ပေါ့။
ကျနော်တို့ရဲ့ စားသောက်ကုန် လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေက တဖြည်းဖြည်းနဲ့ တက်လာတယ်။ ပြီးရင် မိုဘိုင်းလ်ဖုန်းတွေ အများကြီး သုံးကြတယ်။ အဲဒီတော့ ဆက်သွယ်ရေး ကဏ္ဍရဲ့ GDP ပါဝင်မှု အချိုးက အရမ်းကို မြင့်လာ တယ်။ အဲဒါတွေက ကျနော်တို့ရဲ့ ဒီနိုင်ငံထဲမှာ ထုတ်လုပ်တဲ့ တန်ဖိုးဖြစ်ပေမယ့် ဒီနိုင်ငံက ကုမ္ပဏီတွေ၊ ဒီနိုင်ငံက ထုတ်လုပ် သူတွေ အကျိုး ခံစားရတာ မဟုတ်ဘူး။ တခြား နိုင်ငံတကာက ကုမ္ပဏီတွေက ဒီအပေါ်မှာ အများကြီး အကျိုး ရှိသွားတယ်၊ အမြတ်ရသွားတယ် ဆိုတာတွေ ဖြစ်လာတယ်။
စီးပွားရေး တိုးတက်နှုန်းတွေကို ပြန်ပြီး သေသေချာချာ စနစ်တကျ စိစစ်မယ်ဆိုရင် တိုးတက်နှုန်းက မြင့်နေတုန်းပဲ။ တိုး လည်း တိုးတက်နေတာပဲ။ ဒါပေမယ့် စီးပွားရေး အခြေခံတွေ ပြောင်းသွားပြီ။ ပြောင်းသွားတာက ရေရှည် ကျနော်တို့ နိုင်ငံ အတွက် အကျိုးရှိမလားဆိုတဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သွားနေတဲ့ လမ်းကြောင်းသည် ဦးတည်ချက် လွဲနေ တယ်။ လုပ်ရမှာက ထုတ်လုပ်မှု ကဏ္ဍတွေ ဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေကို ပိုပြီးတော့ တန်ဖိုးမြှင့် ထုတ်ကုန် တွေ ဖြစ်လာအောင် ဦးစားပေးသင့်တယ်။
ကျနော်တို့ရဲ့ တကယ့် စက်မှုကဏ္ဍကြီးက ဒီထက်မက အားကြီးအောင် လုပ်သင့်တယ်။ ဒါမှသာလျှင် ကျနော်တို့ဆီက ထွက်သွားတဲ့ အလုပ်သမားတွေက ပြန်လာပြီး အလုပ်လုပ်နိုင်မှာ။ ပြီးရင်တော့ ကျနော်တို့ရဲ့ ဝန်ဆောင်မှု ကဏ္ဍမှာလည်း နိုင်ငံက ပြည်သူပြည်သား အများစု အကျိုးရှိမယ့် ဝန်ဆောင်မှု လုပ်ငန်းတွေကို များများ လုပ်ပေးဖို့ အစိုးရက အားပေးသင့် တယ်။ အဲဒီတော့ အစိုးရရဲ့ အခန်းကဏ္ဍက ဒီနေရာမှာ အရေးကြီးလာပြီ။
ပြီးခဲ့တဲ့ ၄၊ ၅၊ ၆ နှစ်အတွင်းမှာ ဖြစ်သွားတဲ့ အပြောင်းအလဲတွေက အစိုးရက ပဲ့ကိုင်ပြီးတော့ ပြောင်းလဲတယ် ဆိုတာထက် ဈေးကွက် သူ့အလိုလို ပြောင်းသွားတာ ဖြစ်နေတယ်။ ဈေးကွက်ကို ဒီအတိုင်း ထားလိုက်ရင် ကျနော်တို့ ဒီထက်ဆိုးတဲ့ ဘက်ကို ဦးတည်သွားလိမ့်မယ်လို့ ထင်တယ်။ ဒါကြောင့်မို့ အစိုးရက ဒီအချိန်မှာ ပိုပြီးတော့ ပဲ့ကိုင်အနေနဲ့ သေသေချာချာ ဦးဆောင်မှု ပြုသင့်တယ်။
မေး။ ။ အစိုးရက ဘယ်လို ဦးဆောင်မှုတွေ လုပ်ဖို့ လိုအပ်နေတာလဲ။
ဖြေ။ ။ စီးပွားရေး ပညာရှင် ဆရာကြီး ဦးမြင့်က ပြောထားတာတဲ့ စကားလေး ရှိတယ်။ အဲဒါက ဘာလဲဆိုရင် ကျနော်တို့ အရင်တုန်းက ကျောင်းတက်ခဲ့စဉ်အခါက သင်ခဲ့ရတဲ့ မိရိုးဖလာ ဘောဂဗေဒ သီအိုရီတွေ တော်တော်များများက အခုခေတ် ကြီးမှာ အားလုံး မှားသွားပြီလို့တောင် ပြောလို့ ရတယ်။ ဆရာကြီးဆိုရင် ဘယ်လောက်ထိ ပြောလိုက်လဲဆိုရင် တော်တော် များများက ဘာမှ သုံးလို့မရတော့အောင် ဖြစ်သွားတယ်တဲ့။
အရင်ခေတ်က ကျနော်တို့ မစဉ်စားခဲ့မိတဲ့ဟာတွေ အခုခေတ်မှာ ဖြစ်နေပြီ။ အဲဒီတော့ အရင်ခေတ်တုန်းက လွတ်လပ်ရေး ရပြီးခါစခေတ်ဆိုရင် အရာရာဟာ အစိုးရ လုပ်ရမယ်ဆိုတဲ့ ပုံစံကနေ ၁၉၈၀ လောက်မှာဆိုရင် ဈေးကွက်တွေက အဓိက ကျတယ်ဆိုပြီး ဖြစ်လာတယ်။ အခုခေတ်ကျတော့ အမေရိကန်၊ ဂျပန်နိုင်ငံတို့လို တရုတ်နိုင်ငံတို့ အိန္ဒိယနိုင်ငံတို့ဆိုရင် ထည့်တောင် ပြောနေစရာ မလိုတော့ဘူး။ အစိုးရကပဲ အရာရာကို ပဲ့ကိုင်လာခဲ့ကြတယ်။ တကယ့် အရင်းရှင်စနစ်ရဲ့ ဈေး ကွက် ဖခင်ကြီးတွေ ဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံတို့တောင်မှ ဒီဈေးကွက်ကို ဘယ်လို ထိန်းချုပ်မရမလဲ ဆိုတာ တွေ ဖြစ်လာတယ်။
အဲဒီတော့ ဘယ်လိုပြောင်းသွာပြီလဲ ဆိုတော့ အစိုးရရဲ့ အခန်းကဏ္ဍက အရမ်း အရေးကြီးလာတယ်။ ကျနော်တို့ဆီက တော့ ဒီဟာနဲ့ ပတ်သက်တဲ့ ဝါဒရေးရာမှာ အငြင်းပွားနေတုန်းပဲ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ရဲ့ ဆိုးဝါးခဲ့တဲ့ အတိတ် ဆိုးရဲ့ ဒဏ်တွေကြောင့် အရာရာကို အစိုးရ လုပ်တာ မကောင်းဘူးလို့ပဲ အများက မြင်နေကြတယ်။ အခု လိုနေတာက အစိုးရက ဝင်သင့်ဝင်ထိုက်တဲ့ နေရာ၊ လုပ်သင့်လုပ်ထိုက်တဲ့ နေရာမှာ ဦးဆောင်မှု သေသေချာချာ ယူပြီးတော့ လုပ်မှသာ လျှင် ကျနော်တို့ အခုလို အောက်ကျနောက်ကျ ဖြစ်နေတဲ့ အချိန်တွေကနေ ရုန်းထွက်နိုင်မယ်ဆိုတဲ့ ဒီလုပ်နည်း လုပ်ဟန် တွေ ပိုပြီး တွေ့လာရမယ်။ တခြားနိုင်ငံတွေက အများကြီး လုပ်လာနေပြီ။ ကျနော်တို့ အများကြီး လိုက်လုပ်ဖို့ လိုနေပြီ။
မေး။ ။ ဒီက ထုတ်ကုန်တွေက တရုတ်ဈေးကွက်ကိုပဲ အားကိုးပြီး ပို့နေရတာဖြစ်တဲ့ အတွက် တရုတ် မူဝါဒ တခုခု ပြောင်း လိုက်တာနဲ့ ပြည်တွင်းမှာ လာပြီး ကမောက်ကမတွေ ဖြစ်တယ်ပေါ့။ ဒီလို ဈေးကွက် မတည်ငြိမ်မှုက တောင်သူတွေ အတွက် အခက်အခဲဆုံး ဖြစ်နေတော့ ဒါကိုရော ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲ။
ဖြေ။ ။ အခုလောလောဆယ် ဈေးကွက်အနေအထားအရ ကျနော်တို့ ဆန်ကို အများဆုံး ပို့နေရတဲ့ တိုင်းပြည်က တရုတ် နိုင်ငံ ဖြစ်နေတယ်။ တရုတ်ကလည်း ဆန်ကို အရေးတကြီး လိုနေတာ မဟုတ်တော့ လိုအပ်ချက်ရှိတော့မှပဲ ယူနေတဲ့ အနေအထား ဖြစ်နေတယ်။ သူတို့ ယူပုံယူနည်းကလည်း စားဖို့ ယူတာထက် ကျနော်တို့ဆီက ယူတဲ့ ဆန်က ဈေးသက်သာ တဲ့အတွက် တိရစ္ဆာန် အစာထဲမှာ ထည့်လိုက်မယ်။ ဒါမှမဟုတ် သူတို့ ခေါက်ဆွဲလုပ်တဲ့ အထဲမှာ ထည့်လိုက်မယ်ဆိုတဲ့ ဟာ မျိုး ဖြစ်နေတယ်။ သွင်းကုန် ဖြစ်နေတော့ သူတို့မှာလည်း သွင်းကုန်ကို အစားထိုးလို့ရတဲ့ အခြေအနေတွေ ဖြစ်လာတယ်။
အဲဒီတော့ ကျနော့်အထင် ဒါမျိုး ဈေးကွက်က မခိုင်မာဘူးလို့ ယူဆတယ်။ တဖက်မှာလည်း ပဲလိုဟာမျိုးကျတော့ အိန္ဒိယကို မှီခိုနေရတယ်။ သို့သော်လည်း အိန္ဒိယက တကယ်ကိုပဲ ကိုစားနေတာ။ စက်မှုကုန်ထုတ်ထဲမှာ သုံးနေတာမဟုတ်ဘူး။ ပြီး ရင် ကျနော်တို့နဲ့ ကုန်သွယ်ရေး လမ်းကြောင်းကလည်း မှန်တယ်။ ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းက သွားနေတယ်။ ပဲလို ဟာမျိုးကို ကျနော်တို့က ပိုပြီးတော့ အားဖြည့်ပြီး လုပ်ဆောင်စေချင်တယ်။
ဖြစ်နိုင်တာက အိန္ဒိယ အစိုးရနဲ့ ညှိပေါ့။ သူကလည်း အမှန်တကယ် လိုအပ်တာဖြစ်တဲ့အတွက် သူ့ဘက်ကလည်း ကျနော် တို့ကို လျှော့ပေးနိုင်စရာ အကြောင်းရှိတယ်။ တရုတ်နိုင်ငံနဲ့ကျတော့ ညှိဖို့က သိပ်မလွယ်ဘူး။ သူနဲ့ ငြိနေတဲ့ကိစ္စတွေက တခြား ကိစ္စတွေလည်း အများကြီးရှိနေတယ်။ အဲဒီလိုဟာမျိုးမှာ ကျနော်တို့ ဆန်ကို အခုထက်ထိ အားကိုးနေဦးမှာလား။
ဥပမာအားဖြင့် ရေထွက်ပစ္စည်း လိုဟာမျိုး၊ ရေထွက်ပစ္စည်းက ကျနော်တို့ ဘာမှတောင် မလုပ်ရသေးဘူး။ အခု လက်ရှိ အနေအထားမှာတောင်မှ ကျနော်တို့က နိုင်ငံပေါင်း ၄၅ နိုင်ငံလောက်ကို ပို့နေနိုင်ပြီ။ ဒါလေးကိုသာ အားထည့်ပြီး များများ လေး လုပ်လိုက်မယ်ဆိုရင် အများကြီး ဖြစ်လာစရာ ရှိတယ်။ ကျနော်တို့မှာ ရေအရင်းအမြစ် အားသာမှုကလည်း အရှေ့ တောင်အာရှ ရေအရင်းအမြစ် အများဆုံး ပိုင်တဲ့ နိုင်ငံပါ။
ဒီလိုဟာမျိုးတွေ ဆိုရင် အစိုးရ ကြပ်ကြပ်မတ်မတ် လုပ်သင့်တယ်။ အခုဆိုရင် စိုက်ပျိုး၊ မွေးမြူးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနရဲ့ ဘတ်ဂျက်ကို ကြည့်မယ်ဆိုရင် ငါးလုပ်ငန်း ဦးစီးဌာနရဲ့ ဘတ်ဂျက်က ၂ ရာခိုင်နှုန်းပဲ ရှိတယ်။ အဲဒီ ၂ ရာခိုင်နှုန်းနဲ့ တော့ ဒီငါးကဏ္ဍကြီး တိုးတက်အောင် လုပ်ဖို့ဆိုတာက ဘယ်လိုမှ မလွယ်ဘူး။
မေး။ ။ အစိုးရက အခြေခံ စပါးဈေးနှုန်း ၅ သိန်းဆိုပြီး သတ်မှတ်ထားတယ်။ ဒီဈေးနှုန်းက လယ်သမားတွေအတွက် အဆင် မပြေဘူး ဖြစ်နေတယ်။ နောက်တခုက အခြေခံဈေးနှုန်း အောက်ကျရင် အစိုးရက ဆင်းဝယ်ပေးမယ်ပေါ့။ ဒါပေမယ့် လယ် သမားတွေ လက်ထဲမှာ စပါးမရှိတော့တဲ့ အခြေအနေအထိ ဆင်းဝယ်တာမျိုးတွေ မရှိတော့ အစိုးရ မူဝါဒတွေက လက်တွေ့ မဆန်ဘူးလို့ ပြောကြတဲ့ အပေါ် ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ။ ။ အစိုးရကပါ စီးပွားရေးမှာ ဝင်ပြီး တည့်မတ်ပေးဖို့ လိုတယ်။ စီးပွားရေး အမြင်နဲ့ ဝင်ပြီး လုပ်တော့မှ ကျနော်တို့ နိုင်ငံ ရဲ့ စီးပွားရေးက တက်မှာ။ အစိုးရက စီးပွားရေး မျက်စိနဲ့ မကြည့်ဘဲနဲ့ အရာရာကို သူရဲ့သဘောတရားကိုပဲ အခြေခံပြီး လုပ် နေရင် လက်တွေ့ မဆန်ဘဲနဲ့ သီအိုရီတွေပဲ ဖြစ်နေမှာ။
အခုဆိုရင်လည်း တောင်သူကို ကူပေးတယ် ဆိုပေမယ့် ကူတဲ့အချိန် နောက်ကျတယ်။ ကျနော်တို့က နိုင်ငံတကာကို လယ် ယာထွက်ကုန် ပို့ကုန်လုပ်ငန်းနဲ့ ရပ်တည်တော့မယ်ဆိုရင် အဲဒီမှာ အကြီးမားဆုံး ပြဿနာ ဖြစ်နေတာက ကုန်ကို သိုလှောင် ထားဖို့ လိုတယ်။ စနစ်တကျ သိုလှောင်ထားဖို့ လိုတယ်။ ဈေးကွက် ပြဿနာ ဘာလဲဆိုရင် တချိန်ချိန်မှာ အိန္ဒိယကမိုးခေါင် လို့ ဒါမှမဟုတ် ရေကြီးလို့ ပဲကို လိုမယ်ဆိုတဲ့ အချိန်မှာ ကျနော်တို့ လက်ထဲမှာ ပဲမရှိဘူး ဆိုရင် အဲဒီဈေးကွက်ကို လွတ် သွားမယ်။ အဲဒီအချိန်မှာ လှောင်ထားတဲ့ ပဲရှိရင် အကြီးအကျယ် မြတ်မှာ။
အိန္ဒိယက အခုဆိုရင် ရာသီဥတု ဖောက်ပြန်မှုတွေ ပိုပြီး များလာနေတဲ့ အတွက် အိန္ဒိယရဲ့ ဈေးကွက်ကို တင်မှီပြီးတော့ လုပ်လို့ ရတယ်။ အဲဒါကို လုပ်နိုင်ဖို့က ဘယ်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုလဲဆိုရင် ခေတ်မီတဲ့ သိုလှောင် စနစ်တွေမှာ လိုမယ်။ ကျနော်တို့ အရင်တုန်းက ဆိုရှယ်လစ်ခေတ်က လုပ်ခဲ့တဲ့ မအောင်မြင်တဲ့ ကုန်သွယ် လယ်ယာစနစ်ကို ပြောနေတာ မဟုတ် ဘူး။ အစိုးရ ဒိုင်တွေကနေ တောင်သူကို ဈေးနှိမ်ပြီးတော့ ယူဖို့ မဟုတ်ဘူး။ အစိုးရက ဒိုင်လူကြီးအနေနဲ့ ဒီသို လှောင်ရုံ တွေကို စနစ်တကျ လုပ်ထားဖို့၊ တောင်သူတွေကလည်း စပါးကျီလည်း ကောင်းကောင်း မရှိဘူး။ သိုလှောင်ရုံလည်း ကောင်းကောင်း မရှိဘူး။ တောင်သူက သူ့ကုန်ကို တနေရာရာမှာ ထိန်းထားချင်တာ၊ တချိန်ချိန်ကျရင် ဈေးပြန်တက်မယ် ဆိုတာ သူသိနေတယ်လေ။
တခြား နိုင်ငံတွေမှာ အာမခံ သိုလှောင်စနစ် ဆိုတာ ရှိတယ်။ များသောအားဖြင့် အိန္ဒိယလို နိုင်ငံမျိုးမှာဆိုရင် အစိုးရက ကမ ကထ လုပ်ပြီး လုပ်တယ်။ အဲဒီလို လုပ်တဲ့အခါကျရင် အာမခံ သိုလှောင်ရုံတွေမှာ သွားပြီး လှောင်ထားလို့ ရတယ်။ အဲဒီမှာ က သူတို့ ရောင်းချင်တဲ့ အချိန်မှ ရောင်းလို့ရတယ်။ ဒါပေမယ့် လှောင်ဖို့ထားတဲ့ ဝန်ဆောင်ခတော့ သူတို့ပေးရမယ်။ အဲဒီ တော့ လှောင်ခပေးတဲ့ဟာနဲ့ သူတို့ ရာသီပေါ်တဲ့အချိန်မှာ ရောင်းလို့ရတဲ့ ဈေးကို သူတို့ တဖြည်းဖြည်းနဲ့ ချိန်ဆလာတယ်။
အဲဒီလို စနစ်မျိုးက ကုန်သည်ကတော့ လုပ်မှာ မဟုတ်ဘူး။ ကုန်သည်ကတော့ ကမောက်ကမ ဖြစ်နေတဲ့ ဈေးကွက်မှာ ဈေး ကစားပြီးတော့ အဆင်ပြေနေတဲ့ အချိန်မှာ တောင်သူအတွက် စေတနာထားပြီး လုပ်ပေးမယ် ဆိုတာကတော့ ခဲယဉ်းမှာ ပေါ့။ ဒါပေမယ့်လည်း အဲဒါက ဘယ်လို စည်းရုံးရမှာလည်းဆိုရင် ကုန်သည်ရော တောင်သူကိုရော စည်းရုံးပြီး အစိုးရက ကမကထနဲ့ ကြပ်မတ်ပေးရင် တောင်သူတွေ အတွက်က နံပါတ် ၁ အကျိုးရှိမယ်။
ကုန်သည်တွေ ဘယ်အချိန်မှာ အကျိုးရှိမလဲဆိုရင် အိန္ဒိယလိုဟာမျိုးကို ပို့ချင်တဲ့ ကုန်သည်တွေကျတော့ အိန္ဒိယက ဝယ်တဲ့သူတွေလာပြီဆိုရင် ထုနဲ့ထည်နဲ့ ရောင်းလို့ရပြီ။ ခင်ဗျား ဘယ်လောက် လိုချင်တာလဲ လှောင်ထားတဲ့ဟာ အပြည့် ရှိတယ်။ မယုံရင် သွားကြည့်လို့ရမယ့် အစိုးရဆီက သက်သေခံ လက်မှတ်ရှိတယ်ပေါ့။ နိုင်ငံခြား ဈေးကွက်ကို ရောင်းတဲ့ အခါမှာ ဒီလိုစနစ်မျိုး ရှိနေတဲ့အတွက် သူအတွက်လည်း အရမ်းကောင်းသွားတယ်။
ကျနော်တို့ အခုလိုမျိုး ရေတခါကြီး တိုင်း၊ ပြီးရင် နိုင်ငံခြားမှာ ဈေးကျ အခါမျိုးကျမှ ခလုတ်ထိမှ အမိတ ဆိုသလိုမျိုးပေါ့။ အဲဒီအချိန်ကျမှ အစိုးရကို ကယ်ပါ ယူ ပါ ဖြစ်တယ်။ အစိုးရကလည်း အဲဒီအချိန်ကျရင် ကယ်တင်ရှင်ကြီးလို လုပ်ပြီး မစို့မပို့ ဝင်ပြီးတော့ လုပ်တာမျိုးတွေက ရေ ရှည်မှာ မသင့်တော်ဘူး။
အဲဒါကို ကျနော်တို့ အခြေခံ ကျကျပြောင်းဖို့က နည်းတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ လေး ငါး ခြောက်နှစ်မှာ ကူခဲ့ရတဲ့ ငွေပမာ ဏကို ဒီလိုစနစ်မျိုးမှာသာ ရင်းနှီးမြှုပ်နှံလိုက်ရင် အခုချိန်မှာ ကျနော်တို့က အိန္ဒိယနိုင်ငံ အစိုးရရဲ့ ပိတ်ပင်တာတွေ ကြောက် စရာ မလိုတော့ဘူး။ တရုတ်နိုင်ငံက နယ်စပ်မှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတဲ့ ပြဿနာတွေလည်း ကြောက်စရာ မလိုတော့ ဘူး။ လာမယ့် အစိုးရတွေက ဒါကို စနစ်တကျ ပြင်ဆင်ဖို့ လိုတယ်လို့ ကျနော် အထူးပဲ တိုက်တွန်းချင်တယ်။
မေး။ ။ လယ်ယာ ထွက်ကုန်တွေကို တရုတ်ဈေးကွက် တခုတည်းကို မမှီခိုဘဲ ဘယ်လို လုပ်လို့ ရနိုင်မလဲ။
ဖြေ။ ။ အဓိကက ကျနော်တို့က စိုက်ပျိုးကဏ္ဍပေါ့။ စပါးကိုပဲ အခြေခံပြီး လုပ်မယ်လို့ စဉ်းစားရင် တရုတ်နိုင်ငံကိုပဲ လွယ် လွယ်နဲ့ နယ်စပ်ကနေ ဖြတ်ကျော်ပြီး လုပ်မယ်ဆိုတဲ့ ဟာကိုပဲ မစဉ်းစားဘဲနဲ့ အမြဲတမ်း ဝယ်မယ့် ကိုယ်ရဲ့ ဖောက်သည်လို ရောင်းလို့ရမယ့် နိုင်ငံတွေကို ရှာပြီးတော့ ဈေးကွက်တွေကို ဖော်ထုတ်ပြီးရင် သူတို့နဲ့ကို နှစ်ရှည်လများ လုပ်နိုင်အောင် ကျနော်တို့က စနစ်တကျနဲ့ လုပ်ပေးဖို့ လိုတယ်။
ဒါပေမယ့် အဲဒီမှာ ပြဿနာက ဘယ်လိုဖြစ်နေလဲ ဆိုရင် ကျနော်တို့က တရုတ်က နယ်စပ် ပွင့်သွားလို့ အဝယ်လိုက်ကြ ပြန် ပြီဆိုရင် ရှိသမျှ ဆန်တွေ အားလုံးက တရုတ်ကို ရောက်သွားတယ်။ ကျန်တဲ့ အာဖရိကတို့ တခြားဈေးကွက်တွေက ပြော ထားတဲ့ ဟာလေးတွေက အသေးစားလေးတွေ ဖြစ်သွားရော။ အဲဒီမှာ သင်္ဘောပို့ရတာ ဟိုဟာလုပ်ရတာနဲ့ ဒီဟာ လုပ်ရတာ နဲ့ ရှုပ်တယ်ဆိုပြီး တရုတ်ကို ပို့မယ်ဆိုပြီး ဖြစ်သွားကြပြန်တယ်။
ကျနော်တို့ရဲ့ ဆန်စပါး လောကကလည်း အလွယ်လမ်းတွေကို လိုက်နေမယ့်အစား တခြား ထိုင်း၊ ဗီယက်နမ်တို့မှာ ဘာ ကြောင့် အောင်မြင်ခဲ့လဲဆိုတော့ ကိုယ့်ရဲ့ ဈေးကွက် အမာခံကို နှစ်ရှည်လများ တည်ဆောက်ထားရတယ်။ အဲဒီလို တည် ဆောက်တဲ့ နေရာမှာ ကြံ့ကြံ့ခံဖို့ လိုတယ်။ တရုတ်ကို လာပြီးတော့ လိုချင်တယ်၊ ရှိသမျှဈေးနဲ့ ဝယ်ချင်တယ် ဆိုတိုင်း မရောင်းအောင် ကျနော်တို့ဘက်က တဖက် ဖောက်သည်တွေကို စည်းစောင့်ဖို့ လိုတယ်။ အဲဒီလိုမျိုး လုပ်နိုင်တော့မှပဲ ရေရှည်ဝယ်မယ် ဆိုတဲ့ဟာ ဖြစ်မှာပေါ့။ အဲဒီလိုတွေ မလုပ်ထားတော့ အခုကျတော့ တရုတ်ဝယ်ရင် ကျနော်တို့အတွက် စားသာတယ်။ တရုတ်မဝယ်တော့ရင် ကျန်တဲ့သူတွေ ရောင်းလို့ မရတော့ဘူး ဖြစ်ရော။
ကျန်တဲ့သူတွေကလည်း ကျနော်တို့ကို မယုံကြည်တော့ဘူး။ တကယ်တမ်းက ကျနော်တို့နဲ့ မိတ်ဖက်ဖြစ်နေရမယ့် အာဖရိ ကလို နိုင်ငံတွေ OIC လို အစ္စလာမ်မစ် နိုင်ငံတော် တော်များများက ဆန်စပါးနဲ့ ပတ်သက်ပြီး စားနပ်ရိက္ခာ လုံခြုံမှုအတွက် အရမ်းကို အရေးကြီးတယ်။ OIC ဆိုတာနဲ့ သူတို့ကို အမြဲတမ်း အပြစ်တင်ပြီးတော့ ရန်သူလို ဆက်ဆံနေမယ်အစား တ ဖက်ကလည်း စီးပွားရေး အရ တကယ်ကို သူတို့အပေါ် မှာ ကျနော်တို့က ပြောနိုင်ဆိုနိုင် ဖြစ်အောင် ဒီလိုအင်အားမျိုးကို လည်း ကျနော်တို့ အလေးထားပြီး တည်ဆောက်ဖို့ လိုတယ်လို့ ထင်တယ်။
တခါတလေ ကျနော်တို့ နိုင်ငံက အမျိုးသားရေး အမျိုးသားရေးလို့ ပြောနေပေမယ့် အမျိုးသား အင်အားကို ဘယ်လို တည် ဆောက်မလဲ ဆိုတာကို နိုင်ငံခေါင်းဆောင်တွေက သူတို့မှာ မဟာဗျူဟာလဲ မရှိဘူး။ ဆောင်ရွက်နေတာလည်း မရှိဘူး။ ဥပမာ ရေထွက်ကုန်မှာ အရေးကြီးဆုံး ရေထွက်ကုန် ပစ္စည်းက ငါးမြစ်ချင်းပဲ။ ကျနော်တို့ ဆော်ဒီအာရေးဗီးယားကို ငါးမြစ်ချင်း ပို့တာ ဆော်ဒီတွေ စားတာ မဟုတ်ဘူး။ သူတို့ဆီက ရွှေ့ပြောင်း အလုပ်သမားဖြစ်တဲ့ ဘင်္ဂါလီ အများစု စားတာ။ ဈေးကွက်ဖြစ်နေလို့ ပို့လို့ ရနေတာ။
ဒီလိုဟာမျိုးဆိုရင် ဈေးကွက်အရ တခြားနိုင်ငံတွေရဲ့ စားနပ်ရိက္ခာလုံခြုံမှု အပေါ်မှာ ကျနော်တို့က အများကြီးကို သူတို့နဲ့ ပြောနိုင်ဆိုနိုင် ရှိတဲ့ အနေအထားမျိုး ဖြစ်လာနိုင်တယ်။ အဲဒီလို ကိစ္စမျိုးဆိုရင် အမျိုးသားရေး ကိစ္စတခုလိုလည်း စဉ်းစားပြီး တော့ လုပ်ထားဖို့ လိုတယ်။
နိုင်ငံအားလုံးနဲ့ ကုန်သွယ်ရေးအရ ချစ်ကြည် ရင်းနှီးမှုရှိနေပြီဆိုရင် တော်ရုံတန်ရုံက ကျနော် တို့အပေါ်မှာ စော်ကားမော် ကားလည်း မလုပ်နိုင်တော့ဘူးပေါ့။ မဟုတ်ရင် အလိုလိုနေရင်းနဲ့ ကျနော်တို့က တရုတ်နိုင်ငံ တခုတည်းပေါ်မှာပဲ တဖြည်း ဖြည်းနဲ့ နိုင်ငံရေးအရ၊ သံတမန်အရေး အရရော၊ ပြီးရင် စီးပွားရေး၊ ကုန်သွယ်ရေး အရရော မှီခိုလာရတာက ဖြစ်လာတယ် ပေါ့။ ဒီလို အနေအထား မဖြစ်ချင်ဘူး ဆိုရင်တော့ ကုန်ပစ္စည်း အမယ်တွေ အပေါ်မှာလည်း တကယ့်ကို မဟာဗျူဟာ ကျကျ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဆရာက အရင် ဦးသိန်းစိန် အစိုးရတုန်းက စီးပွားရေး အကြံပေးအနေနဲ့ ရှိခဲ့တယ်ဆိုတော့ အစိုးရ ၂ ဆက်ရဲ့ တိုင်းပြည် စီးပွားရေး ဘယ်လို ကွာခြားချက်ရှိလဲ။ ဘာတွေများ ပြောင်းလဲသွားလဲ။
ဖြေ။ ။ အဓိကကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကတော့ အစိုးရ နှစ်ရပ်စလုံးက တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြ တယ်။ ဒါက အရမ်းကို ကောင်းမွန်တဲ့ ကြိုးပမ်းမှု တရပ်လို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က အခြေအနေချင်း မတူဘူး ဆိုတော့ ဒီအစိုးရ နှစ်ရပ်ရဲ့ ဒီရလဒ်တွေကို သွားပြီး နှိုင်းယှဉ်လု့ိ မရဘူး။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် တုန်းကလည်း အောင်မြင်ခဲ့တဲ့ အတိုင်းအတာတွေ ရှိခဲ့တယ်။ ဘာတွေအောင်မြင်ခဲ့လဲဆိုရင် ပြုပြင်ပြောင်းလဲရေးမှာ ရှေ့ ဆုံးပေါ့နော်။ စွန့်ဦး တီထွင်လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ရတဲ့ အကျိုးအမြတ်က ချက်ချင်းလက်ငင်း အကျိုးရှိတာတွေ ရှိခဲ့တယ်။
ဒါပေမယ့် ရေရှည် ပြောင်းလဲရမယ့် လုပ်ငန်းတွေမှာ ကျတော့ ပြင်ဆင်မှုလောက်ပဲ ရှိခဲ့ပြီး တကယ် လက်တွေ့မှာ မဆောင် ရွက်နိုင်ခဲ့ဘူး။ အခုအစိုးရ လက်ထက်မှာတော့ ဒီပြုပြင်ပြောင်းလဲရေးက အရင်ကလောက် လုပ်စရာ မကျန်တော့ဘူး။ ကျန် တဲ့ဟာက ပိုပြီးတော့ လေးနက် နက်ရှိုင်းတဲ့ လုပ်ငန်းတွေ ဖြစ်လာတယ်။ အဲဒါကြောင့် လုပ်ရကိုင်ရတာ ပိုပြီးတော့ ခက် တယ်။ ဒီအချိန်မှာပဲ ကံမကောင်းချင်တော့ ရခိုင်အရေး ပြဿနာကလည်း ဖြစ်လိုက်တဲ့အခါ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အပေါ် တွေမှာပဲ အာရုံစိုက်မှုတွေ အရမ်းကို များသွားတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သုတေသီတွေ ပြောနေကြတာက တိုင်းပြည်အတွက် အတော်လေး စိတ်ပူအတွက်ကြောင့်မို့ စီးပွားရေးကို အားလုံး အာရုံ စိုက်ပေးဖို့ ဆိုတာကို လိုက်ပြောနေရတာ။
မေး။ ။ ဗဟိုဘဏ်က ပြည်ပ ငွေလွှဲလုပ်ငန်းတွေ တရားဝင်ခွင့်ပြုတော့မယ်ပေါ့။ ပြည်ပက ပြန်ပို့တဲ့ ငွေတွေက တရားဝင် လမ်းကြောင်းပေါ် တကယ်ရော ရောက်လာမလား။
ဖြေ။ ။ ဒါကတော့ ဝမ်းသာစရာကောင်းတဲ့ ခြေလှမ်းတခုပါ။ အရင်တုန်းကဆိုရင် ဒီလို ပြန်ပို့ငွေဟာ အရေးကြီးတဲ့ တိုင်း ပြည်ရဲ့ အရင်းအမြစ် တခုလို့ မယူဆခဲ့ကြဘူး၊ သိလည်း မသိခဲ့ကြဘူး။ အခုကာလကျမှ ဒါဟာ အင်မတန်အရေးကြီး အရင်းအမြစ် တခုဖြစ်တယ်။ ပြန်ပို့ငွေ တော်တော်များများရဲ့ စုစုပေါင်းက အခုချိန်မှာ အရမ်း သိသာတယ်။ ကျနော်တို့ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုငွေတွေ တော်တော်များများ လာပြီး ကျနော်တို့ဆီမှာ မှတ်တမ်း တင်သွားကြပေမယ့် တကယ် လက် တွေ့ ဝင်မလာဘူး။
တကယ့် လက်တွေ့ဝင်လာတာက မှတ်တမ်းထဲတော့ မရောက်နေတဲ့ ပြည်ပက အလုပ်သမားတွေရဲ့ ပြန်ပို့ငွေတွေက အမြဲ တမ်း ဝင်နေတယ်။ လစဉ်ဝင်နေတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့မိသားစုဝင်တွေကလည်း ဒီအပေါ်မှာပဲ မှီခိုနေရတယ်။ ကျနော်တို့ နိုင်ငံအတွက်တော့ ဒီပြန်ပို့ငွေဟာ အရမ်း အရေးကြီးတဲ့ကဏ္ဍကို ရောက်လာတယ်။
ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာဆိုရင် ပြန်ပို့ငွေနဲ့ သူတို့ စီးပွားရေးဟာ အရမ်းကို ထောင်တက်သွားတယ်။ အရှေ့တောင် အာရှ နိုင် ငံတွေထဲမှာ ကုန်သွယ်ရေး ဂယက်တွေကြောင့်မို့လို့ နိုင်ငံတွေ တော်တော်ဒုက္ခနေတဲ့ အထဲမှာ ဖိလစ်ပိုင် မပါဘူး။ ဘာ ကြောင့်လဲဆိုရင် သူတို့ရဲ့ စီးပွားရေး အခြေခံ တည်ဆောက်မှုက ခုနကပြောတဲ့ အလုပ်သမား ဝန်ဆောင်မှုကို အခြေခံ ထားတဲ့ အတွက်ကြောင့် ဖြစ်တယ်။
ကျနော်တို့က ဒါကို တကယ့်ကို အသိအမှတ်ပြုပြီး ဒါကြီးကို ဖြစ်အောင် အတင်းကြီး လုပ်မနေပေမယ့် ကျနော်တို့ဆီက အလုပ်သမား တော်တော်များများက နိုင်ငံခြားကို ရောက်နေကြပြီဆိုတော့ ဒါက အလိုအလျှောက် ဖြစ်လာတယ်ပေါ့။ အခုတော့ ဒါကို အသိအမှတ်ပြုပေးတဲ့ အတွက် ဗဟိုဘဏ်ကို အများကြီး ကျေးဇူးတင်တယ်။ ဒါပေမယ့် တကယ် လက် တွေ့ လုပ်ဖို့ဆိုတဲ့ နေရာမှာတော့ ခက်နေသေးတယ်။ ဗဟိုဘဏ်ထက်စောတာက အလုပ်သမား ဝန်ကြီးဌာန ဒီအလုပ် သမားတွေရဲ့ တန်ဖိုးကို အရမ်းကို သိတယ်။
အရင်တုန်းက လွန်ခဲ့တဲ့ ၈နှစ် ၉ နှစ်ကဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်သွားတာ တရားမဝင်တွေကြီးပဲ။ အစိုးရကလည်း အသိ အမှတ် မပြုဘူး။ အစိုးရက ရာဇဝတ်မှုလို့တောင် ယူဆထားရာကနေ နောက်ပိုင်းမှာ တကယ့် တရားဝင်သွားလို့ရအောင် ဖြစ်လာတယ်။ ပြီးရင် ပို့ပြီးတော့လည်း လုံခြုံမှုရှိတဲ့ လမ်းကြောင်းတွေ ပွင့်လာပြီ။ တော်တော်များများက စာချုပ် ချုပ်ပြီးမှ သွားတဲ့ဟာတွေ ဖြစ်လာတယ်။ အဲဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ ကျနော်တို့ ခန့်မှန်းထားတာ ၄ သန်း ၅ သန်း လောက် ရှိမယ်ဆိုရင် တရားဝင် လမ်းကြောင်းကနေ MoU စာချုပ်ချုပ်ပြီး သွားတာက ၂ သန်း လောက်ပဲ ရှိတယ်။
ဒါတောင်မှ ပြန်ပို့တဲ့ ငွေကိစ္စ မဟုတ်သေးဘူး။ သာမန် အလုပ်ကိစ္စလေးကိုပဲ သူတို့အတွက် လုံခြုံပါတယ်ဆိုတဲ့ ကိစ္စကို လည်း သိသိကြီးနဲ့ကို အလုပ်သမားလောကမှာ ဒါဟာ စာရင်းရှုပ်တယ်၊ အချိန်တွေ ကုန်တယ်၊ စရိတ်စကတွေ များတယ် ဒါကြောင့်မို့လို့ ငါတို့ အန္တရာယ်ရှိပေမယ့်လည်း အောက်လမ်းကပဲ သွားပါမယ်ဆိုတဲ့ အလုပ်သမားက အခုအချိန်ထိ အများ စု ဖြစ်နေသေးတယ်။
အဲဒီလိုမျိုးပဲ ကျနော်တို့ တရားဝင် ငွေပို့လုပ်ငန်းတွေ ပေါ်လာဖို့ ဆိုတာ ခုနကပြောသလို စာရင်းတွေ ရှုပ်တယ်၊ ဖောင်တွေ ဖြည့်ရမှာ များတယ်။ ပြီးရင် စရိတ်ကလဲ ကြီးသေးတယ်၊ ဝန်ဆောင်မှုကလည်း မကောင်းဘူး။ ဟွန်ဒီ (တရားမဝင် ငွေလွှဲ လုပ်ငန်း) ဆိုတာက ဖုန်းနဲ့ တောင် ဆက်လို့ရတယ်၊ ငွေသွားပေးစရာ မလိုဘူး။ ဖုန်းဆက်ပြီးတာနဲ့ ဒီဘက်မှာ ငွေထုတ်လို့ ရနေပြီဆိုတဲ့ ဝန်ဆောင်မှုမျိုး ရှိတယ်။ တရားဝင် လုပ်ငန်းတွေက ဒီလောက်ထိ ဖြစ်လာဖို့ဆိုတာက အများကြီး ကြိုးစားရဦး မှာ။ လက်တွေ့ မြေပြင်မှာ ပြင်ဆင်ရ မယ့် ဟာတွေ များတယ်။ ပြင်မရတဲ့ ကိစ္စတွေ မဟုတ်ဘူး။
တခြားနိုင်ငံတွေမှာလည်း ဒါဟာ အောင်မြင်နေတဲ့ လုပ်ငန်းဖြစ် တဲ့ အတွက်ကြောင့် တခြားနိုင်ငံတွေက သင်ခန်းစာတွေကို ယူပြီး စနစ်တကျ သုတေသန စစ်တမ်းတွေ လုပ်ပြီးတော့ လေ့ လာသုံးသပ်ပြီး အကောင်းဆုံး ဆောင်ရွက်မယ်။ ဝန်ဆောင် မှုအရ ဘယ်ဟာ ဖြစ်နိုင်ချေ အရှိဆုံး ဖြစ်နိုင်သလဲ ဆိုတာကို အစိုးရက သေချာကြပ်မတ်ပြီး၊ ကွင်းဆင်း လေ့လာပြီးတော့ ဆောင်ရွက်မယ် ဆိုရင် ချက်ချင်း လက်ငင်းကို အကျိုး ဖြစ်နိုင်တဲ့ လုပ်ငန်းလို့ ပြောချင်ပါတယ်။
မေး။ ။ ပြည်ပက ပြန်ပို့ငွေတွေက တလ တလကို ဘယ်လောက်လောက်အထိ ရှိနိုင်လဲ။ ဒီလိုငွေကြေးတွေသာ တရားဝင် လမ်းကြောင်းပေါ် ရောက်လာရင် တိုင်းပြည် စီးပွားရေးကို ဘယ်လို အထောက်အကူ ပြုလာနိုင်မလဲ။
ဖြေ။ ။ ကျနော်တို့ မှန်းထားတဲ့ အရတော့ အရမ်းကို ကြီးမားတဲ့ ပမာဏရှိတယ်။ လွန်ခဲ့တဲ့ ၂၀၀၃-၀၄ စစ်တမ်းလုပ်တုန်း က ပမာဏတွေ့ရှိချက် အရဆိုရင် ဒေါ်လာ ၁ ဘီလီယံ နီးပါးလောက် အထိရှိတယ် ဆိုတာ တွေ့ရတယ်။ အဲဒီခေတ်က ငွေ တန်ဖိုးနဲ့ အခုခေတ်ကို ကြည့်မယ်ဆိုရင် အနည်းဆုံး သုံး လေးဆလောက် များလာပြီလို့ ပြောလို့ရတယ်။ ကမ္ဘာ့ဘဏ်က နောက်ဆုံး ခန့်မှန်းထားတဲ့ဟာကလည်း အခု လက်ရှိ ကျနော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ရနေတဲ့ ငွေထက် ပိုတယ်ဆိုပြီး သူတို့ မှန်းထားတာတွေ ရှိတယ်။
ဒီပမာဏဟာ မနည်းလှဘူး။ အခု ကျနော်တို့ ဝိဝါဒကွဲနေတဲ့ ကိစ္စတချို့ကို ပြန်ပြီး ကြည့်မယ်ဆိုရင် အထူးသဖြင့် အဘ ဦးဝင်းထိန်ရဲ့ တကယ့် နာမည်ကြီး စကားကတော့ စီးပွားရေး မကောင်းဘူး မကောင်းဘူးလု့ိ ပြောကြပေမယ့်တွေ ဆင်းတဲ့ အခါကျတော့ စားသောက်ဆိုင်တွေမှာ တရုံးရုံးနဲ့ စီးပွားရေးမကောင်းဘူးလို့ ဘယ်သူက ပြောနေတာလဲပေါ့နော်။
ဘာကြောင့် မကောင်းလဲ ဆိုတာကတော့ ကျနော်တို့ရဲ့ စီးပွားရေး ပုံစံက စားသုံးမှုဘက်ကို ရောက်သွားတယ်၊ ထုတ်လုပ်မှု ဘက်မှာ သိပ်ပြီးတော့ မရှိတော့ဘူး။ ကျနော်တို့ နိုင်ငံက ထုတ်လုပ်သူ မဟုတ်တော့ဘဲနဲ့ စားသုံးသူ ဖြစ်လာတယ်။ အဲဒီတော့ ဘာနဲ့ စားနေကြလဲဆိုရင် ပြန်ပို့ငွေတွေနဲ့ စားနေကြတာ။ တောကနေ တက်လာတဲ့ သူတွေ တော်တော်များများ က ရန်ကုန်မြို့မှ အလုပ်လုပ်ပြီး နယ်က လူကိုပေးတယ်။ အဲဒီဟာကို သားသမီး ငါးယောက်ရှိရင် လေးယောက်လောက်က မြို့မှာ သွားပြီး အလုပ်လုပ်နေကြတယ်။ အဲဒီပြန်ပို့တဲ့ ငွေနဲ့ ရွာမှာက လယ်ယာလုပ်ငန်းတောင် လုပ်ဖို့မလိုတော့ဘူး ဆိုပြီး ဖြစ်နေတယ်။
အဲဒါထက် ထိုင်းလို နိုင်ငံမျိုးကို ၁ ယောက်လောက်သွားပြီး အလုပ်လုပ်လိုက်ရင် ခုနက သားသမီးသုံးယောက် လုပ်တာနဲ့ သွားညီတော့ ထိုင်းမှာ လုပ်တဲ့ လူက အရမ်းကို များလာတယ်။ အဲဒီက ပြန်ပို့ငွေတွေ တော်တော်များများက မိသားစုတွေ မှီခိုနေရတယ်၊ စားသုံးနေရတယ်။ အဲဒီတော့ ကျနော်တို့ စီးပွားရေးဟာ အမြင်မှာတော့ ဘာမှမကျသွားဘူး။ စားသုံးမှုတွေ မကျသွားဘူး။ ဒါပေမယ့် ရေရှည်ဒီဟာက ကျနော်တို့ ရပ်တည်နိုင်ပါ့မလားဆိုတာက အများကြီး စိုးရိမ်စရာ ရှိတယ်။
စီးပွားရေး လုပ်ငန်းရှင်တွေ၊ တကယ့် စွန့်ဦးတီထွင် လုပ်နေတဲ့ လုပ်ငန်းရှင်တွေ သွားမေးလိုက်ရင် သူတို့တယောက်ကမှ စီးပွားရေး ကောင်းနေတယ်လို့ မကောင်းဘူး။ ဘာကြောင့်လဲဆိုရင် သူတို့က ထုတ်လုပ်မှုတွေ လုပ်နေရတဲ့သူတွေ ထုတ် လုပ်မှု စရိတ်တွေ အရမ်းကို မြင့်လာတယ်။ လုပ်သား စရိတ်တွေက အရမ်းမြင့် လာတယ်။
စိုက်ပျိုးရေးမှာဆိုရင် တောင်သူ လုပ်မယ့် လယ်ယာသမား လုပ်မယ့်သူက လယ်ယာလုပ်သားက အရမ်းရှာရ ခက်လာ တယ်။ ပိုက်ဆံပေးရတောင်မှ လုပ်မယ့်သူ မရှိဘူး ဖြစ်လာတယ်။ အဲဒီတော့ စရိတ်တွေက အရမ်းကို တက်လာတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့ ထုတ်လုပ်ဖို့ ဆိုတဲ့ ဟာက ပိုပြီးတော့ ခက်လာတယ်။ ဒီအနေအထားတွေက ကျနော်တို့ စီးပွားရေးက အခုလောလောဆယ်မှာတော့ မကျဆင်းသွားသေးဘူး။ မြန်နေတုန်းပဲလို့ ပြောပေမယ့် ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေရဲ့လားဆိုတာ ကျနော် မေးခွန်း အကြီးအကျယ် ထုတ်ရတာပေါ့။
ကျနော်တို့ကလည်း ဒါက တာဝန်ရှိစွာနဲ့ ကြိုးစားပြီးတော့ တင်ပြနေရတာပေါ့။ ဒါတွေကို နိုင်င့ ံခေါင်းဆောင်တွေကရော နိုင်ငံရေး ပါတီတွေ အားလုံးကရော ဂရုတစိုက် ဝိုင်းဝန်းပြီးတော့ အဖြေရှာမယ်ဆိုရင် ကျနော်တို့ နိုင်ငံက အများကြီး အဖြေ ထုတ်နိုင်ပါသေးတယ်။ ရှေ့ကိုဆက်ပြီး စီးပွားရေးနဲ့ တက်နိုင်အောင် ဝိုင်းပြီးလုပ်ကြဖို့ ဆိုရင် ဒီအချိန်ဟာ အကောင်းဆုံး အချိန်လို့ ပြောလို့ရတယ်။
You may also like these stories:
“ကွန်ဖက်ဒရေးရှင်း အတွက် ဒီလောက်အထိ တိုက်စရာ လိုသလား”
နယူးဒေလီရဲ့ အဓိက နိုင်ငံခြားရေး မူဝါဒ အခန်းကဏ္ဍတခုမှာ မြန်မာပါတယ်