မြန်မာပြည်နိုင်ငံရေးတွင် တသီးပုဂ္ဂလကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် သိပ်မရှိခဲ့ပါ။ ၁၉၉၀ ခုနှစ်နှင့် ယင်းနောက် ပိုင်းတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များမှာ အနိုင်မရသလောက် ရှိခဲ့သည်။
ယခု လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကပ်ရောဂါကြီးတခု ဖြစ်သည့် ကိုဗစ်ကာလကို ဖြတ် သန်းနေရသဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့်သူများ၏ အကြောင်းကို မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိရှိနိုင်ရန် အခက်အခဲများလည်း ရှိနေသည်။
ထို့ကြောင့် တသီးပုဂ္ဂလကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ ၎င်းတို့၏ လွတ်လပ်မှု၊ ရွေးကောက်ပွဲ ဆိုင်ရာ အခွင့်အလမ်း များနှင့် အားသာချက်၊ အားနည်းချက်များအကြောင်းကို အများပြည်သူ သိရှိနိုင်ရန် ဧရာဝတီ သတင်းဌာန၊ နေပြည်တော် ရုံးခွဲမှ သတင်းထောက်များဖြစ်သည့် ကျော်မျိုးနှင့် သီဟလွင်တို့က မြန်မာနိုင်ငံ အနှံအပြားရှိ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများကို ဆက်သွယ်မေးမြန်းထားပါသည်။
ဦးထွန်းထွန်းဦး (တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း)
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်း
ကျနော် ၁၉၈၈ ကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တောက်လျှောက်လုပ်လာခဲ့တာပေါ့နော်။ ဒီ ၂၀၂၀ မှာ အဓိက ဝင် ရောက်အရွေးချယ်ခံဖြစ်တဲ့ အကြောင်းရင်းက ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ဥပဒေတွေကို လွှတ်တော်သက်တမ်း ၂ ဆက် စလုံးမှာ မပြဌာန်းနိုင်ခဲ့ဘူး။ မပြဌာန်းနိုင်ခဲ့တဲ့အတွက်ကြောင့် တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့မယ်ဆိုရင် ဒီလူ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပြည်သူ့ဆန္ဒနဲ့အညီ တင်သွင်းနိုင်မယ်လို့ စိတ်ထဲမှာ ရည်ရွယ်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာ ဖြစ်ပါတယ်။
အဓိကကတော့ ကိုယ်က ပုသိမ်မြို့နယ်မှာပဲ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ ဒါရိုက်တာ၊ ရုံးစိုက်တာကလည်း ဒီမှာပဲ၊ လယ်ယာမြေကိစ္စတွေ တခြားလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စတွေကို ပုသိမ်မှာပဲ လုပ်ပေးနေတာဖြစ်လို့ အဓိ က မဲဆန္ဒနယ်အဖြစ် ဝင်ပြိုင်ဖြစ်တာပါ။
မဲဆန္ဒနယ်က ကိုယ့်ပြည်သူလူထုကတော့ များသောအားဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ လယ်ယာမြေ သိမ်း ဆည်းခံရတဲ့ တောင်သူလယ်သမားတွေ အဓိက များတယ်ပေါ့။ ဝင်ရောက်ယှဉ်ပြိုင်တဲ့အဓိက အကြောင်းကတော့ မဲနိုင်ခြင်း မနိုင်ခြင်းထက် လူသားတယောက်က မဲပေးရွေးချယ်ခွင့်ရှိသလို ဝင်ရောက်ရွေးကောက်ခံပိုင်ခွင့်ရှိတယ်ဆိုတာကို အဓိက ဥပဒေအရ ပြချင်တာပေါ့။
လက်ရှိအစိုးရသစ်လက်ထက်မှာ သူတို့ ပထမဆုံးဦးစားပေးဖြေရှင်းမယ်ဆိုတဲ့ လယ်ယာမြေကိစ္စတွေပေါ့။ အဲဒီကိစ္စတွေ ကလည်း အခုအချိန်အထိ မပြီးပြတ်ခဲ့ဘူးပေါ့နော်။ နောက်ထပ် အစိုးရသက်တမ်းကလည်း ဘယ်လောက်မှ မကျန်တော့ ဘူးဆိုတော့ ဒါတွေ အပြီးသတ်မယ်လို့ မထင်ဘူး။
အဓိကကတော့ လွှတ်တော်အတွင်း ဝင်ရောက်အရွေးချယ်ခံရမယ်ဆိုရင် လက်ရှိ ဧရာဝတီတိုင်းက လယ်ယာမြေ သိမ်း ဆည်းခံရမှုတွေ အများဆုံးရှိတဲ့တိုင်း။ လယ်ယာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ လယ်သမားတွေရဲ့ စိုက်ပျိုးစရိတ် မလုံ လောက်တဲ့ အခက်အခဲတွေကလည်း အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်။ နောက်တခါ တရားဥပဒေနဲ့ပတ်သက်လို့ မျှတမှု မရှိတာတွေကလည်း ဧရာဝတီတိုင်းထဲမှာ အများကြီးရှိနေတယ်။ အဲလိုကိစ္စတွေကိုလည်း အဓိက ဦးစားပေး ဆောင်ရွက်မယ်လို့ စဉ်းစားထားတာပေါ့။
လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စံနှုန်းတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ ပုဒ်မ ၃၅၄ တ ရား မျှတစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ မိမိတို့ဆန္ဒသဘောထားကို ထုတ်ဖော်ပိုင်ခွင့်၊ သတင်းအချက်အလက် ရယူ ပိုင်ခွင့်နဲ့ ဖြန့်ဝေခွင့်ပေါ့နော်။ အဲဒီကိစ္စတွေမှာ ပုဒ်မတွေ အများကြီး ကျန်နေသေးတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး တရား စွဲဆိုပိုင်ခွင့်ကလည်း ဒီနိုင်ငံထဲမှာ ဥပဒေအရ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးတာပေါ့။ တကယ်လို့သာ လွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် ဒီဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင်နိုင်မလဲ။ ဒီဥပဒေက လူ့အခွင့်အရေးစံနှုန်းနဲ့ မကိုက်ညီလို့ ဒါတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတဲ့အချက်တွေကို အဓိက ဦးစားပေးပြီးလုပ်သွားမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲဝင်တဲ့အခါမှာ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘာတွေအခက်အခဲရှိသလဲဆိုတော့ သူတို့က ပါတီတွေလို ရုံးစိုက်ထားတာမရှိဘူး။ မဲရုံကိုယ်စားလှယ်ခန့်ဖို့အတွက်မှာလည်း ဒေသခံပြည်သူတွေကလည်း တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်နဲ့ပတ်သက်ရင် လုပ်ရမှာ။ ပါတီကြီးနှစ်ခုအားပြိုင်နေတဲ့ကြားထဲမှာ သူတို့ကလည်း မြေစာပင်အဖြစ်မခံချင်ကြဘူးပေါ့နော်။
နောက်တခါ ကိုဗစ်ကာလဖြစ်နေတဲ့အခါကျတော့ ပါတီရုံးမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တခြား စုဝေးခွင့် တင်လို့ ရှိရင်လည်း ကိုဗစ်ကာလအနေအထားနဲ့ အန္တရာယ်ရှိတဲ့အခါကျတော့ mobile သွားရတာပေါ့။ mobile သွားတဲ့အခါ အခက်အခဲ ပိုရှိတာပေါ့။ တခြားရွာတွေဆို ကိုယ်နဲ့မသိတဲ့ အရပ်သားတွေ၊ တချို့ဆို ပါတီကြီးတချို့က နှောက်ယှက်တာ ခံရ တာမျိုးတွေ ကြုံနေရတာပေါ့။
တသီးပုဂ္ဂလတွေအနေနဲ့ မဲဆွယ်စည်းရုံးခွင့်မှာတော့ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထားတာတော့ မရှိဘူး။ ရတဲ့ အခွင့်အရေးကတော့ ပါတီတွေနဲ့ အကုန် အတူတူပါပဲ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ အခက်အခဲရှိတာပေါ့။ ပါတီရုံး မရှိတာတွေ ရန်ပုံငွေ မရှိတာတွေ၊ ဗွီနိုင်းဆိုင်းဘုတ်ထောင်တာကအစ အခွန်မဆောင်နိုင်တာမျိုးတွေ အခက်အခဲရှိတာပေါ့။
ဒေါက်တာအောင်မျိုး (တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း)
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်
ကျနော် ၂၀၁၅၊ ၂၀၁၇ ပြိုင်ခဲ့တယ်။ ၂၀၁၅ တုန်းက ကြံ့ခိုင်ရေး၊ ၂၀၁၇ မှာ တသီးပုဂ္ဂလပေါ့။ ပြိုင်ခဲ့တဲ့အခါ ဝန်ထမ်းတွေရဲ့ မဲတွေအပြည့်ရခဲ့တယ်လေ။ အဲဒီအခါက ဒဂုံဆိပ်ကမ်းမှာပေါ့။ နောက်ဒဂုံဆိပ်ကမ်းလိုနေရာမျိုးထက်စာရင် နေပြည်တော် ဇမ္ဗူသီရိက ဝန်ထမ်းမြို့ကြီး၊ ဝန်ထမ်းတွေက အဓိက၊ တဝက်ကျော်လောက်ဖြစ်နေတာပေါ့နော်။ ဝန်ထမ်းဖြစ်တဲ့အခါ ကျနော်သည် ဝန်ထမ်းအကြီးအကဲဖြစ်ခဲ့တဲ့ ကျနော့်အနေနဲ့ ၊ ညွှန်ချုပ်ဘဝလုပ်ခဲ့တုန်းမှာ ကျနော့်အောက်က ဌာနသုံးခုမှာ အကောင်းဆုံး လုပ်ပေးနိုင်ခဲ့တာရှိတယ်။
အဲဒီတော့ ဘာပဲ ပြောပြော၊ လူသတင်းလူချင်းဆောင်သလို ကျနော့်ရဲ့ အမာခံတွေက ဝန်ထမ်းထဲမှာ ရှိပြီးသားဖြစ်တဲ့ အတွက်ကြောင့် ဇမ္ဗူသီရိကို ရွေးချယ်ခြင်းပေါ့။ နောက်တခုက ဇမ္ဗူသီရိမှာ ပြိုင်တာက ဥပမာ ကျန်တဲ့နယ်ဆို လိုက်စည်း ရုံးတဲ့အခါ ဒီလမ်းလေး သဲခင်းချင်တယ်ဆိုရင် လုပ်ပေးလိုက်ရတယ်လေ။ ငွေအနေအထားအရ မတတ်နိုင်ဘူး။ ဇမ္ဗူသီရိ မြို့နယ်ကျ ဒါလုပ်ပေးစရာ မလိုဘူးပေါ့နော်။ ပြည့်စုံပြီးသားဖြစ်တယ်။
တသီးပုဂ္ဂလအဖြစ် ပြိုင်ရတဲ့အကြောင်းရင်းကတော့ ကျနော်က ဒီဟာမလုပ်ခင်မှာ RFA ၊ DVB ၊ ဧရာဝတီ အစရှိသဖြင့်ပေါ့။ မီဒီယာမှာ နိုင်ငံရေး သုံးသပ်သူအနေနဲ့ လုပ်နေတဲ့အခါကျတော့ ကျနော့်ရဲ့ ရပ်တည်ချက်က ပညာရှင်ရပ်တည်ချက်၊ ကြား ရပ်တည်ချက်ပေါ့။ ပါတီတခုခုကို သွားလိုက်တဲ့အခါ ကျနော့်ရဲ့ ရပ်တည်ချက်က စောင်းသွားမယ်။ အဲဒီရပ်တည်ချက်ကို တော့ မစောင်းဘူး။ အောင်မြင်ချင် မအောင်မြင်ချင်နေပါစေ၊ ကျနော့်ရဲ့ ပညာရှင်ပုံစံ၊ ကြားနေပုံစံကို မပျောက်ချင်လို့။
ကျနော်က မတရားတာဆို မကြိုက်ဘူး။ နိုင်ငံံဝန်ထမ်းဥပဒေကို ၂၀၁၃ လောက်မှာ သမ္မတကြီး ဦးသိန်းစိန်က ပြဌာန်း လိုက်တဲ့အခါ နိုင်ငံဝန်ထမ်းဥပဒေမှာ ပါတဲ့အချက်တွေက ဝန်ထမ်းတွေကို ဖိနှိပ်တဲ့ အချက်တွေ ဖြစ်နေတယ်။ တရား ရုံးတရုံးက ဝန်ထမ်းတယောက်ကို အပြစ်မရှိဘူးဆိုပြီး လွှတ်လိုက်ရင်တောင် ဌာနကဆိုင်ရာက စစ်ဆေးလို့ရတယ်လို့ ရေးထားတာပေါ့။ အဲဒီအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတယောက်ကို အကြောင်းကိစ္စတခုနဲ့ အရေးယူပြီးရင် နောက်ထပ် အရေးယူလို့ မရဘူးဆိုတဲ့ အခြေခံအခွင့်အရေးကြီးကို ဖိနှိပ်ထားတာပေါ့။
အဲဒီကတည်းက မကျေနပ်လို့ မူကြမ်းကတည်းက လွှတ်တော်ကော်မတီကို ဒီအချက်ကို ပြင်ပေးပါလို့ တရားဝင် ကန့်ကွက် တာပေါ့။ သူတို့က အရေးမစိုက်ပါဘူး။ လက်ခံရရှိပါတယ်။ အကြောင်းပြန်တယ်။ ဒါပေမယ့် ပြင်လည်း မပြင်ဘူး။ အခုလည်း ဝန်ထမ်းတွေက ပတ်စပိုစ့် အနီကိုင်လို့မရဘူး။ ကိုင်ချင်ရင် လျှောက်လွှာတင်နေရတယ်။ ဝန်ထမ်းက အစိမ်းဆိုရင် အရပ် သား ပတ်စပို့စ် အနီလည်း သူ့မှာရှိရမယ်လေ။ စနေ တနင်္ဂနွေမှာ သူဘန်ကောက်သွားနိုင်ရမယ်လေ။ ဝန်ထမ်းတွေက ဖိနှိပ် ခံနေရတယ်။ ဒါတွေကို ကျနော် တိုက်ပွဲဝင်မယ်။ ဥပဒေပြင်မယ်ပေါ့နော်။ ပြင်စရာကတော့ အများကြီးဖြစ်နေပါတယ်။
အဓိကကတော့ ဥပဒေပြင်ဖို့၊ မြေသိမ်းယာသိမ်းကိစ္စတွေမှာ လက်ရှိအစိုးရလက်ထက်မှာ တဦးတယောက်အတွက် ရည်ရွယ်ပြီး လွှတ်တော်က လုပ်မပေးတဲ့ကိစ္စတွေ၊ ပုဂ္ဂလိကဝါဒကို ဖောက်ဖျက်ပြီး လူတဦးတယောက်ကို မလေး မစားဖြစ်စေတဲ့ ကိစ္စတွေကို ဆန့်ကျင်ပြီး ဒါကို လုပ်ပေးဖို့ ရည်ရွယ်ပါတယ်။
လူတွေက အထင်သေးနေတာ (လွှတ်တော်မှာ) တသီးပုဂ္ဂလတည်းနဲ့ ဘယ်လိုလုပ်လို့ရမလဲပေါ့။ ကျနော်က နိုင်ငံ ဝန်ထမ်း ဥပဒေမှာ ခုနက ဝန်ထမ်းတွေကို ဖိနှိပ်နေတဲ့ အချက်အလက်တွေကို ထုတ်ပြော (လွှတ်တော်မှာတင်ပြ) လို့ မထောက်ခံဘူး ဆိုရင် မထောက်ခံတဲ့ ပါတီ ဘာဖြစ်သွားမလဲ။ ဆိုလိုတာက ဒီဥပဒေကို ထောက်ခံလိုက်လို့ သူတို့မှာ အကျိုးအမြတ် ယုတ် လျော့မသွားဘူး။
ကျနော်ပြောချင်တဲ့သဘောက အမျိုးသားရေး ဘုံသဘောတူညီချက်ဖြစ်တဲ့ ဘုံအကျိုးစီးပွားဖြစ်တဲ့ ကိစ္စတွေကို ကျနော် (လွှတ်တော်မှာ) တင်လို့ရှိရင် ဘယ်သူက ကန့်ကွက်မှာလဲ။ ဘုံအကျိုးစီးပွားမဟုတ်ဘဲ ကိုယ့်အကျိုးစီးပွားဖြစ်မယ်။ ကျန်တဲ့ တဘက်က အကျိုးစီးပွားလဲ ပျက်စီးမယ်ဆိုရင် အားလုံးက ဝိုင်းကန့်ကွက်မှာပဲ။ ကျနော် ပြောချင်တာက ဘုံအကျိုးစီးပွားကို လုပ်မယ် တင်မယ်လေ။ အရမ်းရတာပေါ့။
ပြန်ချုပ်ပြောရရင် အားလုံးအတွက် ကောင်းမယ့်ကိစ္စမှာ ပူးပေါင်းဆောင်ရွက်ရမယ်။ မြို့နယ်တခုကို ပြည်သူလူထုကို ကိုယ် စားပြုတဲ့ ပုဂ္ဂိုလ်ဟာ မြို့နယ်မှာရှိတဲ့ လိုအပ်ချက်လေးလောက်ကို တင်ပြတယ်ဆိုတာထက်ကို တမြို့နယ်လုံးကို ကိုယ်စား ပြုပြီး တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးတွေကို ဝင်ရောက်ဆွေးနွေး ညှိနှိုင်းထောက်ပြနိုင်တဲ့ ပညာအရည်အချင်းရှိတဲ့ သူမျိုး ဖြစ်ဖို့လိုတဲ့အတွက် လူကိုကြည့်ပြီး ရွေးဖို့လိုတယ်။ နောက် အမျိုးသားရေးဘုံသဘောတူညီချက်ရနိုင်တဲ့ဟာ၊ ဘယ်အုပ်စုတခုကိုမှ မထိခိုက်တဲ့အရာတွေမှာ ကျနော်တို့ တသီးပုဂ္ဂလတွေအနေနဲ့ စွမ်းဆောင်နိုင်လိမ့်မယ်၊ ဥပဒေပြင် နိုင်လိမ့်မယ်လို့ ကျနော်က မျှော်လင့်တယ်။
ဦးစိုးဌေး (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်
ကျနော်က တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်အထိနေခဲ့ပြီး အငြိမ်းစားယူပြီး ပါတီနိုင်ငံရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထဲ ဝင်ခဲ့တယ်။ အဲဒီကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့သဘောပေါ့။ ပထမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ပြင်ဆင်ရေးတို့၊ ငြိမ်းချမ်းရေးတို့ ၂၀၁၅ ပဋိညာဉ်စာတမ်းတွေကို သက်ဝင်ယုံကြည်ပြီး လုပ်ခဲ့တယ်။ အခု ၂၀၂၀ ကျတော့ လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝန်းရံသွားဖို့ ရှိပါတယ်။
၂၀၁၅ မှာ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ကျနော်လုပ်ခဲ့ပြီး ၂၀၂၀မှာ လူငယ်တွေကို နေရာပေးတဲ့သဘောပေါ့။ ကျနော့်မြို့နယ်မှာ လူငယ်တွေက နေရာမရသေးဘူးဖြစ်တယ်။ ကျနော့်နေရာကလည်း (ကော့ ကရိတ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဒေသခံတဦးကို ကျနော်က ဖယ်ပေးပြီးသားပေါ့။ ဒေသခံတဦးကို ကျနော့်နေရာ ဝင်ရွေးကြဖို့ ကျနော်က ပိုပြီးအားပေးတယ်။ နယ်မြေခံလူထုကလည်း ကျနော့်ကို ပြန်ဝင်စေချင်တယ်။
ဒါကြောင့် တသီးပုဂ္ဂလ ဝင်ပြိုင်တာပါ။ ပြည်နယ်လွှတ်တော်ပေါ့နော်။ ကျနော့်ကို ဝန်းရံတဲ့သူတွေက ပြည်နယ်မှာ ဝင်ရွေးဖို့ ပြောတာနဲ့ သူတို့သဘောဆန္ဒအတိုင်း လိုက်လုပ်ရတဲ့ သဘောပေါ့။ ကျနော်က ကရင်ပြည်နယ် ဇာတိဖြစ်တဲ့အတွက် ဖက်ဒ ရယ် အခွင့်အရေးတွေပိုရအောင် ဦးစားပေးပေါ့။ ဖက်ဒရယ် အခွင့်အရေးရရင် ငြိမ်းချမ်းရေးက ပိုပြီး အောင်မြင်လာမယ် ဆိုတဲ့ သဘောမျိုးပေါ့။ လောလောဆယ် ဖက်ဒရယ်အခွင့်အရေး မရသေးဘူးပေါ့။
ဥပမာ ၂၆၁ အရ ပြည်နယ်လွှတ်တော်တွေက ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ခွင့် ပြင်ဆင်ခွင့်က မရသေးဘူးပေါ့။ ပြင်ဆင် ခွင့်ကို ရစေချင်တာပေါ့။ ဖက်ဒရယ်ပါဝါရရင် ငြိမ်းချမ်းရေးက ပိုအောင်မြင်လာမယ်။ ငြိမ်းချမ်းရေးဦးစားပေးပေါ့။ အနိုင်ရရင် ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကို အကြံပြုသွားလို့ရတာပေါ့။ တသီးပုဂ္ဂလအနေနဲ့ ပြည်နယ်လွှတ်တော်ကနေ ချိတ်ဆက်ပြီး ကျနော်တို့ရဲ့ အိုင်ဒီယာတွေကို သက်ဆိုင်ရာ ကော်မတီတွေကို အကြံပြုသွားမယ်။ လုံခြုံရေးကဏ္ဍတွေကို အကြံပြုသွားမယ်။
တသီးပုဂ္ဂလတွေက ၂၀၂၀မှာနောက် ၂၀၂၅ မှာ ပိုအောင်မြင်လာမယ်လို့ ကျနော် မျှော်လင့်တယ်။ တသီးပုဂ္ဂလက ပါတီ တွေကို ကျော်ဖြတ်စရာမလိုဘူး။ ပြည်သူ့အသံကို လွှတ်တော်ထဲကို ရောက်အောင်ပို့ဖို့ဆိုတာ တသီးပုဂ္ဂလတွေက ပို အ ဆင်ပြေမယ်လို့ ကျနော်က ယူဆတယ်။ ပန်းတိုင်က ပါတီကြီးတွေနဲ့ အတူတူပဲ။ ဒီမိုကရေစီဖက်ဒရယ်ဖြစ်ဖြစ်၊ ဖက်ဒရယ် ဒီမိုကရေစီဖြစ်ဖြစ်၊ ကျနော်တို့ကတော့ တိုင်းရင်းသားတွေဘက်ကို ဦးစားပေးတဲ့အတွက်ကြောင့် ဖက်ဒရယ်ကို ဦးစားပေးပဲ။
ဒီမိုကရေစီက ရွေးကောက်ပွဲရှိတိုင်းဟာ ဒီမိုကရေစီရှိတယ်လို့ လောလောဆယ် ယုံကြည်တာပေါ့။ ဒီမိုကရေစီ ၇၅ ရပြီ။ ဖက်ဒရယ်ကျ ၇၅ မရသေးဘူးလို့ ကျနော်ယူဆတယ်။ ဒါကြောင့် ဖက်ဒရယ် ၇၅ ရဖို့ ဒီလှေကားထစ်ကို ကျော်ဖြတ်ရ ဦးမယ်။ တသီးပုဂ္ဂလဆိုရင် ပိုပြီးတော့မြန်မယ်။ မဲဆန္ဒရှင်တွေရဲ့ အသံတွေက လွှတ်တော်ထဲကို ပိုရောက်ဖို့ ပိုလွယ်သွား မယ်။ အပြောင်းအလဲ ပိုမြန်လာမယ်လို့ ကျနော် ယုံကြည်တယ်ခင်ဗျ။
တသီးပုဂ္ဂလတွေက လွတ်လပ်တယ်။ မဲဆန္ဒရှင်ရဲ့ အသံကို လွှတ်တော်ကို ရောက်သွားဖို့အတွက် ပါတီကို ကျော်ဖြတ်စရာ မလိုဘူး။ ပြည်သူ့အသံက ပါတီ မူဝါဒနဲ့ မကိုက်ညီဘူးဆိုရင် ကျနော်တို့က လွှတ်တော်ထဲကို တင်ပြလို့ မရဘူး။ မေးခွန်း မေးလို့မရဘူး။ အဆိုပြုလို့ မရဘူး။ အဲဒီလိုရှိတယ်။ တသီးပုဂ္ဂလက မဲဆန္ဒရှင်တွေရဲ့ အသံကို လွှတ်တော်ကို တိုက်ရိုက်ပေး နိုင်တယ်။ မဲဆန္ဒရှင်ရဲ့ အသံက ပိုပြီးရောက်နိုင်တဲ့ သဘောပေါ့။
ကျနော်က ပထမ ပါတီဝင်ကနေ တသီးပုဂ္ဂလဖြစ်ရတဲ့အခါကျတော့ ဝန်းရံသူတွေက များသောအားဖြင့် ပါတီဝင်တွေ ဖြစ် တယ်။ ပါတီဝင်တွေကလဲ ပါတီစည်းကမ်းအရ ကျနော်တို့မှာ ဝန်းရံလို့မရတော့ဘူးလေ။ ကျနော်တို့မှာ ဝန်းရံသူ အခက်အခဲ ရှိတယ်။ မူလကတည်းက ခင်မင်ပြီးသား မဲဆန္ဒရှင်တွေတော့ ရှိပါတယ်။ သူတို့အားနဲ့ပေါ့။
အခက်အခဲက မဲဆန္ဒရှင်တွေက တသီးပုဂ္ဂလတွေရဲ့ လုပ်နိုင်စွမ်းကို သိပ်မသိသေးဘူးလေ။ ကျနော်တို့က ရှင်းပြဖို့ကလည်း အခွင့်အရေး မရဘူး။ ကိုဗစ်ဖြစ်နေတော့ လူတွေ စုပြီးဟောပြောဖို့က အခြေအနေ မပေးဘူး။ ကျန်းမာရေးုဝန်ကြီးဌာနက စည်းကမ်းတွေကိုလည်း လိုက်နာရတယ်။ အွန်လိုင်းကရယ်။ နောက်တခါ ပိုစတာကမ်းပိန်း ဒီလောက်ပဲ လုပ်နိုင်တယ်။ အခက်အခဲက ဝန်းရံသူ အခက်အခဲရှိတယ်။ မဲဆွယ်ဖို့အတွက်ကလည်း ကိုဗစ်ကြောင့် အခက်အခဲရှိတာပေါ့။
ဦးအောင်နိုင်ဝင်း (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ မွန်ပြည်နယ်
ယခင်လွှတ်တော်သက်တမ်းတွေမှာ ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်မှုကို အားရကျေနပ်မှု မရှိတာရယ်၊ ကျနော်တို့နိုင်ငံမှာရှိတဲ့ ပါတီတွေရဲ့ မူဝါဒတွေ လမ်းစဉ်တွေ ဆောင်ရွက်ချက်တွေအပေါ်မှာ အပြည့်အဝ ယုံကြည်မှု မရှိလို့ပါ။
အခက်အခဲကတော့ရှိတာပေါ့။ ပထမက ဘဏ္ဍာရေးပေါ့။ ဒုတိယက Team Work ပေါ့။ အစုအဖွဲ့နဲ့ လုပ်ဖို့အတွက် သူတို့နဲ့ ယှဉ်ပြိုင်မဲဆွယ်စည်းရုံးတဲ့လုပ်ငန်းစဉ်တွေမှာ Team Work အားနည်းတာပေါ့။ ပထမတခုက ဘဏ္ဍာရေးဆိုတာက ကျ နော်တို့က ကိုယ့်ဘတ်ဂျက်ကိုယ် သုံးတယ်။ သူတို့ကျ အလှူခံငွေတွေ၊ ပါတီရန်ပုံငွေတွေကို အသုံးပြုပြီး လုပ်တဲ့အတွက် တသီးပုဂ္ဂလတွေမှာ ဘဏ္ဍာရေးအရ အားနည်းချက်ရှိတယ်။ ဒုတိယတချက်က Team Work နဲ့ လုပ်ရတဲ့ မဲဆွယ် စည်းရုံး ရေး လုပ်ငန်းစဉ်တွေမှာ အားနည်းမှုအချို့ ရှိတယ်။ နောက်တခုက သူတို့ မဲဆန္ဒနယ်တွေမှာ ရပ်ကျေးအဆင့် အဆင့်ဆင့် ဖွဲ့စည်းပုံအရ ဆောင်ရွက်ထားတဲ့ ကွန်ရက်တွေရှိတယ်။ ကျနော်တို့ကျ မရှိတဲ့အတွက် အားနည်းချက်တွေ ရှိပါတယ်။
ပြည်သူ့လွှတ်တော်ဆိုရင် မြို့နယ်တိုင်းအတွက် တယောက်စီပေးတယ်။ အမျိုးသားလွှတ်တော်ကျ တိုင်းဒေသကြီး ပြည်နယ် အားလုံးက တန်းတူညီမျှ တခုကို ၁၂ ယောက်ရတယ်။ အဲဒီအတွက် အဓိက တိုင်းရင်းသားအရေးတွေ ဆောင်ရွက်ဖို့၊ ဖက်ဒ ရယ် အရေးတွေ ဆောင်ရွက်ဖို့အတွက် အမျိုးသားလွှတ်တော်က ပိုပြီး ဖြစ်နိုင်ခြေများတယ်။ လုပ်ဆောင်လို့ ပိုပြီး တန်းတူ ညီမျှမှုရှိလို့ အမျိုးသားလွှတ်တော်ကို ဝင်တာပါ။
ကျနော်တို့ဆီမှာ တသီးပုဂ္ဂလတွေရဲ့ ဖြစ်နိုင်စွမ်းက ယခင် အခြေအနေတွေက အားနည်းပါတယ်။ အခုနောက်ပိုင်းကျတော့ ခေတ်သစ်မှာပေါ့လေ။ ပါလီမန် ဒီမိုကရေစီ သက်တမ်းနှစ်ခုကို ဖြတ်သန်းလာပြီးပြီ။ ဖြတ်သန်းတဲ့အချိန်မှာ ပါတီတွေက ပေးတဲ့ ကတိကဝတ်တွေနဲ့ ပါတီတွေကို ကြည့်ပြီး ပေးခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေ အားနည်းချက်နဲ့ အားသာချက်တွေနဲ့ လိုအပ်ချက်တွေကို နိုင်ငံသားအများစုက မြင်လာပြီးပြီ။
မြင်လာပြီးပြီဖြစ်တဲ့အတွက် ယခင်ကလိုမျိုး ၂၀၁၀၊ ၂၀၁၅ တုန်းကလိုမျိုး ကျနော်တို့ နိုင်ငံသားတွေက မအတော့ဘူး။ အရင်တုန်းကတော့ အပြောင်းအလဲအတွက် လုပ်ခဲ့ကျတယ်။ အခုနောက်ပိုင်းကျတော့ လူတွေက သိလာတဲ့အတွက် ကိုယ်စားလှယ်အရည်အချင်းမရှိလို့ရှိရင် ဘယ်ပါတီရဲ့ အောက်ကပဲဖြစ်ဖြစ် သူတို့အတွက် ကိုယ်စားပြုဖို့အတွက်၊ သူတို့ ဒေသဖွံ့ဖြိုးဖို့အတွက်၊ နိုင်ငံကောင်းဖို့အတွက် ဆိုတဲ့ ခေါင်းစဉ်တွေကို လုပ်ဖို့ ခက်ခဲတယ်ဆိုတာ သိသွားတယ်။ နိုင်ငံသား တွေက ယခင်ထက်စာရင် ပိုဆုံးဖြတ်လာနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီအတွက် တသီးပုဂ္ဂလတွေရဲ့ အခွင့်အရေးက ပိုပြီး ရှိလာတယ်။
နောက်ဆုံးတချက်က တသီးပုဂ္ဂလဆိုတဲ့သဘောက ပါတီရဲ့ အရိပ်အာဝါသ မရှိဘူး။ ပါတီအပေါ်မှာ သစ္စာခံဖို့ မလိုတဲ့ အတွက် မဲဆန္ဒရှင်ပြည်သူတွေအပေါ်မှာ ပိုပြီး သစ္စာခံနိုင်တယ်။ ပြောရရင် ကော်မတီတွေမှာ နိုင်ငံတကာမှာဆိုရင် တသီး ပုဂ္ဂလတွေက ပိုပြီး နေရာရတယ်။ သူက ဘက်လိုက်မှုကင်းတာကိုး။ အတိုက်အခံလည်း မဟုတ်ဘူး။ အစိုးရ ပါတီလည်း မဟုတ်တဲ့အတွက် တသီးပုဂ္ဂလကိုယ်စားလှယ်တွေက ပိုပြီး သမာသမတ်ကျမှုနဲ့ အရည်အချင်းရှိရင် ရှိသလို လုပ်တဲ့ အပိုင်းမှာ ပိုပြီးထိရောက်မယ်လို့ မြင်ပါတယ်။
ဦးဝင်းလှိုင် (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်မြို့ ၊ ပဲခူးတိုင်း
တသီးပုဂ္ဂလအနေနဲ့ဝင်ပြိုင်ဖြစ်တာ ကျနော်တို့က အခုရွေးကောက်ပွဲမှာဗျာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအတိုင်းသွားရ တာပေါ့။ ကျနော်တို့က လွှတ်တော်ပြင်ပ နိုင်ငံရေးတွေက လုပ်လို့ မဖြစ်ဘူး။ တကယ် အခု ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ချင်ရင် ပြင်ချင်ရင် လွှတ်တော်ထဲဝင်ရမှာ ဖြစ်နေတော့လေ။ ကျနော်တို့ကတော့ လွှတ်တော်ထဲဝင်ဖို့ ၂၀၀၈ ကိုဖျက်ဖို့ အဲတာ ကြောင့် ရွေးကောက်ပွဲ ဝင်တာပေါ့။
ပါတီကြီးတွေနဲ့ ပြိုင်တာက အခက်အခဲကရှိနိုင်တယ်ဗျ။ ပါတီကြီးတွေကဗျာ အားကောင်းတဲ့ ခေါင်းဆောင်ကောင်းတွေက ဦးဆောင်နေတော့ရင် များသောအားဖြင့် အားကောင်းတဲ့ခေါင်းဆောင်တွေကို အားပေးကြတယ်။ ဒါပေမယ့် ကျနော်တို့ နိုင် ငံရေး အခင်းအကျင်းအရ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲက အခြေအနေ သိပ်မတူ တော့ဘူး။ ကျနော်တို့က တကယ်လို့မြေပြန့်မှာ ရှုံးသွားရင်တောင် တိုင်းရင်းသားတွေ နိုင်သွားခဲ့ရင် ကျနော်တို့က လွှတ် တော် ပြင်ပနိုင်ငံရေးနဲ့ တိုင်းရင်းသား လွှတ်တော်ထဲရောက်သွားရင်လည်း နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီးလုပ်ရင်တော့ ကောင်းလာမယ်ထင်လို့ ကျနော်တို့က တသီးပုဂ္ဂလအနေနဲ့ ပြိုင်ကြည့်တာ။ ကျနော်တို့အတွက်ကတော့ ပြည်မြို့မှာ တသီး ပုဂ္ဂလတွေကတော့ အားနည်းတာပေါ့ဗျာ။ မြေပြန့်ဒေသတွေမှာ အားနည်းတယ်။ ကျနော်တို့ မြန်မာတနိုင်ငံလုံးမှာ အမေ့ အချစ်တော်က တော်တော်များတယ်လေ။ ကျနော်တို့နိုင်ငံရေးသမားကျတော့ ပေးထားတဲ့ကတိ လုပ်ဆောင်ချက်ကို ကြည့်ပြီးကာမှ နိုင်ငံရေးထဲမှာ အလုပ်လုပ်ရတာလေ။
တသီးပုဂ္ဂလတွေရဲ့ အခန်းကဏ္ဍက ပိုကောင်းတယ်ဗျ။ ကျနော်တို့ အယူပေါ့လေ။ တသီးပုဂ္ဂလတွေက ပါတီ ကင်းလွတ် တယ်။ လွှတ်တော်ထဲမှာ ကိုယ်တင်ချင်တဲ့မေးခွန်း ကိုယ်တင်ချင်တဲ့အဆိုကို တင်လို့ရတယ်။ လွတ်လပ်တယ်ဗျ။ ချုပ်ကိုင်မှု မရှိဘူး။ တသီးပုဂ္ဂလများများရောက်သွားရင် လွှတ်တော်ကြီးလည်း ပိုစည်မယ်လို့ထင်တယ်။ တသီးပုဂ္ဂလတွေက ပါတီ စည်းမျဉ်း စည်းကမ်းအရ သူဆွေးနွေးမယ့်ဟာကို ပါတီကို ပြောစရာလည်း မလိုဘူး။ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရမယ်လို့ ထင်တယ်။
အဲဒါမှ ကျနော်တို့က လွှတ်တော်အကြောင်းလည်း ပြည်သူက ပိုနားလည်လာမှာ ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ အ ကြောင်းလည်း နားလည်လာမှာ။ ကျနော်တို့ လေ့လာရသလောက်ဆိုရင် ကိုယ်စားလှယ်တွေက အနိုင်ရပါတီပဲဖြစ်ဖြစ် ရှုံးတဲ့ပါတီပဲဖြစ်ဖြစ် လွှတ်တော်ထဲရောက်သွားရင် ပါတီမူဝါဒအရပဲ ဆွေးနွေးရတာ။ ပါတီရဲ့ မူဝါဒဘောင်ကိုကျော်ပြီး ပြည်သူ့အတွက် ဘယ်လောက်ပဲကျိုးရှိရှိ သူတို့က ဆွေးနွေးခွင့်မရှိဘူးဗျ။ အဲဒါတွေကျတော့ ကျနော်တို့ ပြည်သူတွေ ရှုံးတာပေါ့။
ပြည်သူလူထုကို မေတ္တာရပ်ခံတာပေါ့။ ကိုယ့်မြို့ကိုယ့်ရွာနဲ့ ကိုယ့်ဒေသနဲ့လိုက်မယ့်သူ လွှတ်တော်မှာ တကယ် ပြောမယ့် ဆိုမယ့်သူ မည်သူမဆို ပေးကြပါလို့။ ကျနော်တို့ လွှတ်တော်က အားမကောင်းဘူး ဖြစ်နေတယ်။ လွှတ်တော်က တခုက ကြီးစိုးနေတော့ ဘယ်လိုပဲမဲခွဲခွဲ ပြည်သူအတွက် ဘယ်လိုပဲအကျိုးရှိရှိ မဲခွဲဆုံးဖြတ်တဲ့စနစ်မျိုးတွေက သိပ်မကောင်းသေးဘူး ဗျ။ လွှတ်တော်မှာ အားမြိုင်သွားဖို့က တသီးပုဂ္ဂလနဲ့ ညွှန့်ပေါင်းအစိုးရနဲ့ သွားကြည့်ရတော့ ကောင်းမယ်လို့ ထင်တယ်။
ဦးတင်မောင်သိန်း (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း
ကျနော့်ဒေသဟာ အခြားဒေသနဲ့မတူဘူး။ လက်နက်ကိုင်တဲ့အဖွဲ့တွေ ရှိတယ်။ မငြိမ်းချမ်းတဲ့ ဧရိယာပေါ့။ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဧရိယာ ဖြစ်နေတယ်ပေါ့နော်။ ဒီနေ့ဆိုရင်လည်း တိုက်ပွဲတွေဖြစ်နေတယ်ပေါ့။ ပြောချင်တာကတော့ နယ် မြေ အနေအထားတွေ မတူတာ တွေ့ရတယ်။ ၂၀၁၀ အစိုးရသက်တမ်းကတော့ရှင်းတယ်။ ကြံ့ခိုင်ရေးတခုပဲရှိတော့ အင်အားကြီးသူဝင်တယ်။ ဒါပေမယ့် ဒေသခံတိုင်းရင်းသားပါတီက နိုင်တယ်ပေါ့။
၂၀၁၅ မှာကျတော့ NLD နဲ့ ကျားခေါင်းပါတီ (SNLD) တို့ရွေးကောက်ပွဲကို ပြန်ပြီးဝင်လာတယ်ပေါ့။ ဝင်လာတဲ့အခါကျတော့ ကျနော်တို့ဒေသမှာ ဘာသွားတွေ့လည်းဆိုရင် ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ပေါ့။ ကျနော်တို့ဒေသမှာ ကျားခေါင်းပါတီ နိုင်သွားတယ်ပေါ့။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာနိုင်တယ်ဆိုတာတော့ ယှဉ်ပြိုင်မှု အဖြေတခုလေးပါပဲ။
၂၀၂၀ မှာကျတော့ ကျနော်တို့ကြည့်လိုက်တဲ့အခါမှာ ကျနော်တို့ဒေသမှာ ပါတီ ၆ ခုဖြစ်သွားတယ်။ ၂၀၁၅ တုန်းက ပါတီ ၅ ခု၊ အခု ပါတီ ၆ ခုဖြစ်သွားတယ်။ ပါတီအသီးသီးကနေပြီးတော့မှ ရွေးချယ်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကို ကျနော်တို့ကြည့်တဲ့အခါမှာ ကျနော့်စိတ်ထဲမှာပေါ့လေ ကျနော့်ရဲ့ နိုင်ငံရေးအတွေ့အကြုံအရကြည့်မယ်ဆိုရင် သူတို့ ထက် ပိုလုပ်နိုင်မယ်လို့ ယူဆတာပေါ့။ အဲဒီလိုဖြစ်လာတဲ့အခါမှာ NLD အနေနဲ့လည်းပဲ လူသစ်တွေနဲ့ ပွဲထုတ်လာတယ်ပေါ့။
သူ အပါအဝင် ၆ ပါတီမှာ ကျနော်တို့ ဒေသကလူတွေကို ကြည့်လိုက်တဲ့အခါမှာ အဲလို သဘောမျိုးလေး သွားတွေ့ရတဲ့ အ တွက် ကျနော်တို့ ပထမတော့ ရည်ရွယ်ရင်း မရှိပါဘူး။ ဒီလိုအနေအထားတွေဖြစ်လာတဲ့အတွက် အဲဒါလည်း တကြောင်း။ နောက်တကြောင်းက ကျနော်တို့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ပေါ့ သက်တမ်းကိုတွက်မယ်ဆိုလို့ရှိရင် ကျနော့် တယောက် တည်း အနေနဲ့ ပြောမယ်ဆိုရင် ဒီသက်တမ်းဟာ ကျနော့်အတွက် နောက်ဆုံးသက်တမ်းပဲဖြစ်မယ်ပေါ့။ အဲဒီလို ဆင်ခြင် သုံးသပ်ပြီးမှ ကျနော်ရွေးကောက်ပွဲဝင်ခြင်းဖြစ်ပါတယ်။
ကျနော်တို့ဒေသရဲ့ နယ်မြေ မတည်ငြိမ်မှုအနေအထားပေါ်မူတည်ပြီးတော့ အပြောင်းအလဲလေးတွေ ဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့က ဘာကိုကြည့်လည်းလို့ပြောရင် တနိုင်ငံလုံး လွှမ်းခြုံပြီးတော့မှတော့ NLD ပါတီအနေနဲ့ အနိုင်ရခဲ့တယ်။ အ စိုးရဖွဲ့ ခဲ့တယ်။ အဲဒီသက်တမ်းတလျှောက်မှာလည်း ကျနော်တို့က ဘာပဲပြောပြောကျနော် ကိုယ်တိုင်သည်ပင်လျှင် နိုင်ငံ ရေး အကျဉ်းသားဖြစ်တယ်။ ကနဦး NLD ကို လုပ်ဆောင်ခဲ့တဲ့သူတွေ ဖြစ်တယ်။ ဆိုတော့ ပါတီဆိုဒ် အနေနဲ့ ကြည့်မယ် ဆိုရင်တော့ ကျနော်ဟာ အနီပေါ့။ ကျနော်တို့က ဒီမှာ ခုနကပြောတဲ့အကြောင်းအရင်းတွေကြောင့် ရွေးကောက်ပွဲ ဝင်ရခြင်း ဖြစ်တယ်။
အခုတသီးပုဂ္ဂလဝင်တယ်ဆိုတဲ့နေရာမှာ တသီးပုဂ္ဂလရဲ့ အားသာချက် အားနည်းချက်တွေ ရှိပါတယ်ခင်ဗျ။ သို့သော် တသီး ပုဂ္ဂလရဲ့ အားသာချက်ကတော့ အနိုင်ရ အင်အားကြီးတဲ့ပါတီက အစိုးရဖွဲ့သွားနိုင်တယ်။ အစိုးရဖွဲ့သွားနိုင်တဲ့ပါတီကြီးမှာ ဝင်ရပ်ဖို့ ကောင်းသော်လည်း ကျနော်တို့ဒေသနဲ့ကြည့်မယ်ဆိုရင် ကျန်တဲ့ဒေသတွေလို မဟုတ်ဘူး။ ကျနော်တို့ဒေသမှာ ပါတီရဲ့ပုံရိပ်က တော်တော်လေး ကျဆင်းနေတာ တွေ့ရတယ်။ ကျနော်တို့က အစဉ်အမြဲ ရပ်ခဲ့ပါတယ်။
ကျနော်တို့ဒေသမှာ တိုင်းကျိုးပြည်ကျိုးလုပ်ကြမယ်ဆိုတဲ့လူတွေဝင်ပြိုင်ကြတယ်ပေါ့။ သို့သော်လည်း တိုင်းကျိုး ပြည်ကျိုး ဆိုတာထက် ရပ်ကျိုးရွာကျိုးလေးတောင် မလုပ်ထားတဲ့လူတွေပေါ့လေ။ ဒါတွေလည်း ပြည်သူလူထုက နိုင်ငံရေး ရေချိန်မြင့် လာတဲ့အခါမှာ မြင်လာတာပေါ့။ အဲတာကြောင့် ကျနော်တို့ဝင်ပြိုင်ကြတဲ့အခါမှာ ဘယ်လောက်ထိ ရေချိန်မြင့် နိုင်မလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး ကျနော်တို့မှာ အခက်အခဲတွေရှိနိုင်ပါတယ်။ ဒါတော့မှန်ပါတယ်။
အနိုင်ရပါတီကြီးတွေ အစဉ်အဆက် စိုးမိုးနေတဲ့အချိန်မှာ တသီးပုဂ္ဂလကဏ္ဍ မှေးမှိန်နေတာ ကျနော်တို့တွေ့ရတယ်။ တသီး ပုဂ္ဂလဆိုတာက ဝင်ကြတဲ့သူတွေက ကျနော်ထင်တယ်။ လူညံ့တော့နည်းနည်း နည်းလိမ့်မယ်တော့ ထင်ပါတယ်။ ဘာဖြစ် လို့လည်းဆိုလို့ရှိရင် သူတို့ကိုယ်စီ ကိုယ်စီဝင်ကြရတာသည် စွန့်စားရတာပဲ။ ပါတီကြီးတခုရဲ့ အမှီမရဘဲနဲ့ အမှီမရှိဘဲနဲ့ ဝင် ရင်ခက်တယ်ပေါ့နော်။
ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဝေဖန်မယ်သုံးသပ်မယ်ဆိုရင်တော့ အချက်အလက်တွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ကတော့ ကိုယ့်ဒေသနဲ့ကိုယ့်အနေအထားနဲ့ကိုယ်သည် ဘယ်ပါတီကိုမှ တိုက်ခိုက်ဖို့မဟုတ်ဘဲနဲ့ နိုင်ငံရဲ့ လိုအပ်ချက် အနေ အထားအရ ဒေသရဲ့လိုအပ်ချက် အနေအထားလေးတခု အတွင်းသိတာက ကျနော်တို့ပဲ သိတယ်လေ။ ကျနော်တို့ဒေသ ဆိုရင် ဖြစ်နေတာတွေကို ကျန်တဲ့ဒေသက လူတွေက နားမလည်နိုင်ဘူး။ အဲဒီလိုအခက်အခဲတွေ အကြောင်းအရာတွေ အများကြီး ရှိနေတဲ့အခါမှာ မဖြစ်နိုင်တော့လို့ ကျနော်တို့ ဝင်လိုက်ရတာဗျ။
ဦးဌေး (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ လှိုင်သာယာအရှေ့ ၊ ရန်ကုန်တိုင်း
တသီးပုဂ္ဂလအဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တာက အားလုံးသိကြတဲ့အတိုင်း ကျနော်က ၂၀၁၂ ကလည်းက လှိုင်သာယာ အလုပ်သမား လှုပ်ရှားမှု သပိတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ဆောင်ရွက်ခဲ့တာပေါ့နော်။ နောက် အလုပ်သမား သမဂ္ဂ တွေ ဖွဲ့တယ်။ အလုပ်သမား အခွင့်အရေးနဲ့ တောင်းဆိုမှုတွေမှာ အကူအညီပေးခဲ့တယ်ပေါ့နော်။
အဲဒီလိုပေးရင်းနဲ့ ခုံသမာဓိ ကောင်စီမှာလည်း အလုပ်သမား ကိုယ်စားလှယ်အဖြစ်အရွေးခံရပြီးတော့ အလုပ်သမားရေးရား အငြင်းပွားမှုတွေကို ကြား နာ စစ်ဆေးတယ်။ ကြားနာစစ်ဆေးတဲ့လုပ်ငန်းတွေ လုပ်ရင်းနဲ့ နိုင်ငံတော်ကဖိတ်ကြားတဲ့ အလုပ်သမားရေးရာကိစ္စနဲ့ ဥပ ဒေကြမ်းတွေမှာလည်း ကျနော်တို့တက်ရောက်တယ်။ နောက်အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ မှာလည်း တက်ရောက်တယ်ပေါ့။ အဓိကပြောချင်တာက အနည်းဆုံးအခကြေးငွေဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရလက်ထက်မှာ ဒီနေ့ထိပြင်ဆင်သတ်မှတ်တာမရှိသေးဘူး။
ကျနော်တို့က ကျနော်တို့ ကိုယ်တိုင်မဲပေးတဲ့ အစိုးရလက်ထက်မှာကျနော်တို့ကိုယ်တိုင်မဲပေးရွေးချယ်တဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ အများဆုံးလွှမ်းမိုးတဲ့ လွှတ်တော်က ဥပဒေတွေပြဌာန်းတဲ့အခါမှာဖြစ်ဖြစ် အစိုးရကနေပြီးတော့ အလုပ် သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ် ကျနော်တို့အလုပ်သမားတွေ နစ်နာတယ်။ နစ်နာတဲ့အခါကျ တော့ အဲဒီလိုဖြစ်တာက ပါတီတခုရဲ့ မူဝါဒနဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ အလုပ်သမားထုရဲ့ အကျိုးစီးပွားနဲ့ မကိုက်ညီတော့ တာပေါ့နော်။
နိုင်ငံရေးပါတီအနေဲ့က ဘယ်ပါတီမဆို အုပ်စိုးအာဏာရရင် သူတို့ဘာလုပ်မယ်ဆိုတာ သူတို့ မျှော်မှန်းချက် မဲဆွယ် စည်းရုံး ဖို့ မူဝါဒတွေ ချမှတ်တာ။ အလုပ်သမားသမဂ္ဂကျတော့ လက်တွေ့ဘဝတွေမှာ သူတို့သတ်မှတ်ချက်တွေကို သမဂ္ဂ ဆုံးဖြတ် ချက်တွေနဲ့ အလုပ်သမား အခွင့်အရေးတွေ အလုပ်သမား အကျိုးစီးပွားတွေကို ဆောင်ရွက်ကြရတာ။ အဲဒီ ၂ ခုက မတူတာ ပေါ့နော်။ မတူတဲ့အခါကျတော့ နောက်ဆုံးနစ်နာတဲ့အခါကျတော့ ကျနော်တို့က စဉ်းစားတယ်။
ပါတီတခုအောက်ကနေပြီးတော့ ဝင်ရောက်မလား၊ ဒါမှမဟုတ် ပါတီကိုပဲ အားပေးမလား။ တိုင်းပြည်ရဲ့ အလုပ်သမားရေးရာ လယ်သမားရေးရာ အပြောင်းအလဲတွေကို။ ဒါမှမဟုတ်ရင် ကျနော်တို့အလုပ်သမား၊ လယ်သမားတွေရဲ့ အကျိုးစီးပွားကို သ မဂ္ဂ အကျိုးပြုဆောင်ရွက်နိုင်ဖို့ဟာ သမဂ္ဂ ကိုယ်စားပြုတဲ့လူတွေ လွှတ်တော်မှာပါဖို့ ကြိုးစားမလားဆိုတာ လွှတ်တော်ထဲမှာ သမဂ္ဂကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်တို့ လွှတ်တော်ထဲမှာ ပါခြင်းအားဖြင့် ဘယ်သူပဲ အာဏာရရ ပူးပေါင်းဆောင်ရွက်ဖို့ လွှတ်တော်မှာလည်း ပူးပေါင်းဆောင်ရွက်မယ် အာဏာရတဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်။
အထူးသဖြင့် အားလုံးသိကြတဲ့အတိုင်းပဲ။ NLD ဟာ ပြည်သူလူထု ထောက်ခံမှုအများဆုံးနဲ့ သူပဲအာဏာရမှာဖြစ်သလို လွှတ်တော်မှာလည်း သူအများဆုံးလွှမ်းမိုးမှာပါ။ ကျနော်တို့လည်း ဒါကို ပူးပေါင်းဆောင်ရွက်ဖို့ရာအတွက် လယ်သမားအသံ အလုပ်သမားအသံ ကိုယ်စားပြုပြီးတော့ လွှတ်တော်မှာ ရပ်တည်ဖို့အတွက် အဲဒီလိုဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ပါတီပေါင်း ၉၀ ကျော်ရှိရင် မူဝါဒ ၉၀ ကျော်ရှိတဲ့အခါမှာ ၉၀ ကျော်အောက်က အလုပ်လုပ်မယ်ဆိုရင် အလုပ်သမားတွေ လယ်သမားတွေ စည်းလုံးညီညွှတ်ရေး ပျက်ပြားဖွယ်ရှိတဲ့အတွက် ကျနော်တို့က သမဂ္ဂအလံတော်အောက်က သမဂ္ဂရဲ့ ဆုံး ဖြတ်ချက်နဲ့အညီ လယ်သမားအကျိုး၊ အလုပ်သမားအကျိုးကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဘယ်ပါတီ ဘယ်ခေါင်းဆောင် ကိုမှ ဆန့်ကျင်တာ မဟုတ်ပါဘူး။ တည်ဆဲယန္တရားမှာ ဘာပဲဖြစ်ဖြစ် အာဏာရပါတီနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
တသီးပုဂ္ဂလဆိုတာ ပြောရရင် ပြည်သူပြည်သား နိုင်ငံရေးပေါ့။ ဒီမိုကရေစီရဲ့ အခြေခံကိုက နိုင်ငံသားတွေက အခြေခံပါပဲ။ တဦးချင်းပေးခွင့် နိုင်ငံသားတဦး တမဲပေါ့နော်။ နိုင်ငံသားမှန်ရင် ဖွဲ့စည်းပုံဥပဒေအရ ရွေးချယ်တင်မြှောက်ခွင့်ရှိတယ်။ ရွေး ချယ်တင်မြှောက်ခံပိုင်ခွင့်ရှိတယ်။ လွှတ်တော်အရပ်ရပ်မှာပါတဲ့ ကိုယ်စားလှယ်ကို မကျေနပ်ရင် ပြန်လည်ရုပ်သိမ်းခွင့် ဒါဖွဲ့စည်းပုံဥပဒေအရကိုပေးထားတာပေါ့။ ပေးထားတာဖြစ်တဲ့အတွက် ကျနော်တို့က နိုင်ငံသားတွေဟာ အဲဒီပိုင်ခွင့်ကို ကျင့်သုံးတာ။
အဲဒီအခါကျတော့ ရွေးကောက်ပွဲမှာဝင်ခွင့်ဆိုတာ နိုင်ငံရေးပါတီကိုလည်း ပေးထားတယ်။ နိုင်ငံသားတွေကိုလည်း ပေး ထားတယ်။ ကျနော်တို့က နိုင်ငံသားတွေကိုပေးထားတဲ့ ရှုထောင့်ကနေပြီးတော့ ကိုယ့်နိုင်ငံသားတွေဟာ လွှတ်တော်ထဲ တိုက်ရိုက်ဝင်ဖို့ ကြိုးစားတာပေါ့နော်။ အဲဒီနည်းအားဖြင့် ကျနော်တို့က ဒီလိုရွေးကောက်ပွဲဝင်တဲ့နည်းလမ်းကို ကျင့်သုံးတာ ဖြစ်ပါတယ်။
ဦးမြင့်ဝေ (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ဂွမြို့နယ်၊ ရခိုင်ပြည်နယ်
တသီးပုဂ္ဂလရဲ့ အားသာချက်က ပါတီမှာတော့ စည်းမျဉ်းစည်းကမ်းနဲ့အထက်အောက် အကြီးအငယ် ဒီလိုမျိုးတွေ ရှိတာပေါ့ နော်။ အဲဒီအခါ ပါတီအကြီးပိုင်းက သို့မဟုတ် ပါတီစည်းကမ်းပိုင်းနဲ့ ဒီကိစ္စကို မလုပ်ရဘူး ဘယ်ကိစ္စမျိုး ဆင်ခြင်သင့်တယ် လို့ ပြောမယ်ဆိုရင် ပါတီရဲ့ အကြီးပိုင်းကို ပါတီရဲ့ မူဝါဒပိုင်းကို ငဲ့ညှာခြင်းအားဖြင့် အသံအဖြစ် ထွက်မလာခဲ့တဲ့ ပြည်သူ့ဆန္ဒ တွေ ရှိတာပေါ့။
တသီးပုဂ္ဂလအဖြစ်နဲ့ ပါတီအတွင်းထဲကမဟုတ်ဘဲနဲ့ အနိုင်ရရှိသွားတယ်ဆိုရင် ပြည်သူကို တိုက်ရိုက်ကိုယ်စားပြုလို့ရတယ်။ တိုက်ရိုက်ကိုယ်စားပြုလို့ရတဲ့အပြင် တသီးပုဂ္ဂလသည် ပါတီလည်းမခွဲဘူး၊ လူမျိုးလည်းမခွဲဘူး၊ ဘာသာလည်းမခွဲဘူး၊ ဘယ်ပုဂ္ဂိုလ်မှလည်း မခွဲဘဲနဲ့။ ပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ သူတို့ရဲ့ဆန္ဒသဘောထားရှိတဲ့အတိုင်းပဲ ပြည်နယ်နဲ့ တန်ရင် ပြည်နယ်၊ ခရိုင်နဲ့တန်ရင်ခရိုင်၊ မြို့နယ်ရဲ့တန်ရင်မြို့နယ် ဒါမှမဟုတ် ပြည်ထောင်စုနဲ့တန်ရင်ပြည်ထောင်စုတွေကို ထိန်း ကျောင်းပြီးတော့ တည့်မတ်ပေးဖို့အတွက် အခွင့်အလမ်းသာတယ်။
အဲဒီလိုမှ လုပ်လို့မရဘူးဆိုလို့ရှိရင် မီဒီယာနဲ့တိုက်ရိုက်ချပြပြီးတော့ ကမ္ကာ့မြင်ကွင်းကိုချပြီးတော့ လက်ရှိအစိုးရရဲ့ ပြည်သူ အပေါ်ထားတဲ့စေတနာတို့ လုပ်ဆောင်ချက်တို့သည် ဒီလိုမျိုး ညံ့ဖျင်းနေတယ်ပေါ့နော်။ ဒီလိုမျိုး မလုပ်သင့် မလုပ်ထိုက် တာတွေလုပ်နေတယ်လို့ ချပြနိုင်တယ်။ ပါတီနဲ့ဆိုရင်တော့ ကိုယ်ပါတီကြောင့် ကိုယ့်ပါတီကဖွဲ့ထားတဲ့ အစိုးရကြောင့်ဆိုပြီး ညှာနေမယ်ဆိုလို့ရှိရင် ပါတီကိုညှာရင် ပြည်သူနာတယ်လေ။ အဲဒီတော့ တသီးပုဂ္ဂလက ပါတီအားတော့ မရှိဘူး။ သို့သော် ပြည်သူလူထုသည် ပါတီထက်အင်အားကြီးတဲ့အတွက် ပြည်သူကို ပါတီကိုကျော်ပြီးတော့ တိုက်ရိုက်ကိုယ်စားပြုလို့ရတယ်။
တသီးပုဂ္ဂလတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ပြောဖို့အတွက်က ဘာနဲ့ပြောဖို့လည်းဆိုရင် ပါတီက ဒီအစုအဖွဲကို တရားဝင် မှတ်ပုံတင်ထားတာပဲ။ အင်အားရှိတယ်ပေါ့နော်။ အဲဒီအင်အားရှိတဲ့ပါတီက တကယ်တန်း ပြည်သူလူထုအတွက် အလုပ်လုပ်ပေးမယ့် ပြည်သူ့ကိုသစ္စာခံမယ့် အရည်အချင်းလည်းရှိတဲ့လူမျိုးကို မှန်မှန်ကန်ကန် ရွေးချယ်ချပြပေးလို့ ပြည်သူ လူထုက မဲပေးရွေးချယ်လို့ အဲဒီလူမျိုးနေရာရသွားတယ်။
ပြည်သူလူထုရဲ့အလုပ်တွေကို သယ်ပိုးခွင့်ရသွားတယ်ဆိုရင် ကောင်းတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ပါတီက အင်အားကြီးလို့ ပါတီရဲ့သဘောဆန္ဒအလျောက် ပါတီကရွေးပေးလိုက်တယ်ဆိုရင် အနိုင်ရဖို့အတွက် ဘယ်လိုလူမျိုးကိုမဆိုချပြလို့ရတယ်လို့ ချပြပြီးတော့မှ အရည်အချင်းရော အရည်အသွေးတွေရော ပြည်သူပေါ်ထားတဲ့သစ္စာတွေရော နည်းနေမယ်ဆိုလို့ရှိရင် ပြည် သူအတွက် တန်ဖိုးနည်းမယ် အကျိုးသက်ရောက်မှုနည်းမယ်ပေါ့။ အဲတာကြောင့်မိုလို့ ပါတီတွေသည် အင်အားကြီး လာတဲ့ အခါ ပြည်သူလူထုကို တကယ်သစ္စာခံဖို့အတွက် လူကောင်းသူကောင်းကို ရွေးချယ်ပေးနိုင်ဖို့လိုတယ်။
အဲဒီလိုရွေးချယ်မပေးနိုင်ဘူးဆိုရင် တသီးပုဂ္ဂလတွေလည်း အပြင်ထွက်ပြီးတော့ ပြိုင်လာလိမ့်မယ်။ တသီးပုဂ္ဂလတွေ အပြင် ထွက်ပြိုင်လာလို့ တသီးပုဂ္ဂလတွေက အနိုင်ရတယ်ဆိုရင် ပါတီတွေလည်းပဲ သတိတရားရပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းကြောင်း အမှန်ပေါ်ကို ရောက်သွားလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တသီးပုဂ္ဂလ ထွက်သွားတဲ့ လူ တွေကို ပါတီအားနဲ့ဖြိုလှဲလို့ တသီးပုဂ္ဂလတွေ တနိုင်ငံလုံးမှာ ဘယ်သူတဦးတယောက်မှ တသီးပုဂ္ဂလအဖြစ်နဲ့ နိုင်လာတာ မရှိဘူးဆိုရင် နောက်ဆိုရင်လည်း တသီးပုဂ္ဂလအဖြစ် ထွက်ပြိုင်တဲ့လူတွေ နည်းလာလိမ့်မယ်။
တသီးပုဂ္ဂလအဖြစ် ထွက်ပြိုင်တဲ့လူတွေ နည်းလာတယ်ဆိုရင်လည်း ပါတီကြီးတွေသည်လည်းပဲ စိတ်ရှိတဲ့အတိုင်းပဲ ကိုယ့် လူကိုယ်ချပြ ဘယ်လိုလူမျိုးပဲ ချပြချပြရပါတယ်ကွာလို့ ချပြလာခဲ့မယ်ဆိုရင် တိုင်းပြည်မှာ တကယ်တမ်း အရည်အသွေး ရှိတဲ့ အရည်အချင်းရှိတဲ့ ပြည်သူကိုသစ္စာထားတာ နိုင်ငံရေးကို တတ်သိနားလည်တဲ့ လူမျိုးတွေဟာ အပြင်မှာပဲ ကျန်ခဲ့လိမ့် မယ်။ အဲတာကြောင့်မိုလို့ တသီးပုဂ္ဂလဟာ အရေးကြီးတယ်။ ပြည်သူလူထုအတွက်ရေးကြီးသလို ပါတီကြီးတွေဟာ ပါတီကောင်းတွေဖြစ်ဖို့တွက်လည်း အထောက်အပံ့ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။
ဦးတင့်အောင်စိုး (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
တိုင်းဒေသကြီး (၁) မဲဆန္ဒနယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်း
အဓိကတော့ဗျာ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာကတော့ ကိုယ့်ဒေသရဲ့ အရေးပေါ့ဗျာ။ ကိုယ့်ဒေသရဲ့ အရေး ဆိုတာ ကျနော်တို့ဒေသက စီမံကိန်းတွေ ကြားထဲမှာ ရှိနေတော့ ဒီစီမံကိန်းတွေကြားထဲမှာရှိတဲ့ ကျေးရွာလူထုတွေ လယ် သမား၊ အလုပ်သမားအရေးတွေကို အဓိကကိုယ့်အနေနဲ့လုပ်ပေချင်လို့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။
ကိုယ့်ဒေသအရေးတွေကို ပြောမယ်ဆိုရင် ကျနော်ဆိုလည်း ၂၀၁၂ ကနေ ၂၀၂၀ ထိ လူထုအရေးတောင်းဆိုမှုတွေကို ပြင် ပကနေ လုပ်လာခဲ့တယ် လုပ်လာခဲ့တဲ့အနေအထားမှာ ပြောပိုင်ခွင့် ဆိုပိုင်ခွင့်ရှိတဲ့ နေရာမဟုတ်တော့ ထိရောက်မှု အား နည်းတယ်ဆိုတဲ့ဟာကို ကျနော်တို့ ကိုယ်တိုင်တွေ့ခဲ့ရတယ်။ ကိုယ့်အနေနဲ့ဒါကို ထိထိရောက်ရောက် လူထုအရေးကို ပူးပေါင်း ပါဝင်ကူညီနိုင်အောင်ဆိုပြီးတော့ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာပေါ့ဗျာ။
အခက်အခဲကတော့ အများကြီးပဲ။ တသီးပုဂ္ဂလဆိုတဲ့ ပုံစံမျိုးက ဘာလည်းဆိုတာကို မသိတဲ့ အခက်အခဲ ရှင်းပြရတာ တခု ပေါ့ဗျာ။ ပါတီကြီးတွေနဲ့ဆိုတော့ လူထုကလည်း သိတဲ့အတိုင်းပဲ ဒီပါတီကြီးတွေအပေါ်မှာ သူတို့ရဲ့ ယုံကြည်မှု အားကိုးမှုက အပြည့်ရှိနေတာလေ။ ကိုယ်က တသီးပုဂ္ဂလအနေနဲ့ပြိုင်တာဆိုတော့ ကိုယ့်ရဲ့အခန်းကဏ္ဍက ဘယ်နေရာကနေ ဝင်ရောက် ယှဉ်ပြိုင်တယ်။
ဘယ်လိုပြိုင်တယ်ဆိုတဲ့အနေအထားမှာလည်း လူထုရဲ့လေ့လာမှု သိရှိမှု အားကနည်းတော့ကျတော့ ဒါတွေကို ဒါတွေကို အသေးစိတ် သိနိုင်အောင် ရှင်းပြရတယ်ဆိုတော့ နည်းနည်းတော့ အခက်အခဲတော့ ဖြစ်တာပေါ့ဗျာ။ ဥပမာဆိုရင် ကျနော် ပြိုင်တဲ့နေရာသည် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကို ပြိုင်တာပေါ့။
တချို့က ပါတီကြီးတွေကို သူတို့ကြိုက်နှစ်သက်နေတဲ့ပါတီတွေကို မဲနုတ်တယ်ပြုတယ်ဆိုတဲ့ပုံစံမျိုးတွေ အမြင်မျိုးတွေက ရှိနေတော့ ဒီအပေါ်မှာ ကျနော်တို့ရှင်းပြတာတော့ ကျနော်တို့အနေနဲ့ကတော့ ထားပါတော့ ခင်ဗျားတို့ ပါတီကြီးတခုကို အစိုးရ ဖွဲ့နိုင်ဖို့ မဲပေးမယ်ဆိုလို့ရှိရင် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နေရာမျိုးကို မဲပေးရွေးချယ်လို့ရတယ်။
အဲဒီနေရာတွေကကျတော့ အစိုးရဖွဲ့ဖို့အတွက် အကျုံးဝင်တယ်တဲ့ နေရာတွေ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုရင် အဲဒီနေရာတွေ ကသည်သာ ဆွေးနွေးတာတွေ ပြင်ဆင်တာတွေလုပ်မယ့်နေရာတွေ ကျနော်တို့ တိုင်းဒေသကြီးနေရာကကျတော့ အစိုးရ ဖွဲ့တဲ့ အခန်းကဏ္ဍမှာလည်း မပါသလို ၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးတဲ့ အခန်းကဏ္ဍမှာလည်း ကျနော်တို့က မပါဘူး။
အဓိကတော့ ကိုယ့်မြို့နယ် ကိုယ့်ဒေသအရေးကို အဓိက ဦးစားပေး လုပ်ရမယ်ဆိုတဲ့နေရာကို ကျနော်တို့ လူထုကြားထဲမှာ တော့ သိအောင်တော့ လိုက်တော့ ရှင်းပြရာတာပေါ့ဗျာ။
ဦးလင်းထင်စိုး (တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း)
တိုင်းဒေသကြီး (၂) မဲဆန္ဒနယ်၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်း
တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတဲ့အကြောင်းအရင်းကတော့ ကျနော်တို့လူထုရဲ့ ရှေ့မှာ လူထုမဲပေးတင်လိုက်တဲ့ တိုင်းဒေ သကြီးနဲ့ ပြည်နယ်မဲဆန္ဒနယ်မှာရှိသော ကိုယ်စားလှယ်တွေက ကျနော်တို့လူထုရဲ့ ရပ်ကျေး ဖြစ်နေတဲ့ လူထုထံမှာ ဖြစ်နေ သော ပြဿနာတွေပေါ်မှာ လွှတ်တော်ထဲမှာ လူထုရဲ့ တောင်းဆိုမှုတွေကို ဘာမှတင်ပြတောင်းဆိုတာတွေလည်း မရှိဘူး။
ဒေသရဲ့ ဖွံ့ဖြိုးရေး အပါအဝင် လူထုရဲ့ ပြဿနာတွေ ကျနော်တို့ဆိုလို့ရှိရင် အပြင်မှာလည်း အဖွဲ့အစည်းတခုအနေနဲ့ တောင် သူလယ်သမားသမဂ္ဂအနေနဲ့ မြေယာအရေးတွေ ကူညီဆောင်ရွက်တယ်။ မြေယာအရေးတွေနဲ့ပတ်သက်ရင် သိမ်းဆည်းခံ မြေယာတွေနဲ့ပတ်သက်လို့ မူလပိုင်ရှင်မှန်ရဲ့သားနဲ့ မူလပိုင်ရှင်လက်ထဲ ယနေ့ထိ ပြန်လည်မရောက်သေးတဲ့အပေါ်မှာ တချို့နေရာတွေမှာ ဆန္ဒပြတောင်းဆိုတာတွေရှိတယ်။
ဒီလိုပြဿနာတွေနဲ့ပတ်သက်ပြီးတော့လည်း တင်ပြတောင်းဆိုခဲ့တယ်။ သို့ပေမယ့် မှန်ကန်ရဲ့သားနဲ့ ပြန်လည် မစွန့်လွှတ် နိုင်တဲ့အပေါ်မှာ ကျနော်တို့နစ်နာတဲ့ တောင်သူတွေဘက်ကနေပြီးတော့ ရပ်တည်ပြီးတော့မှ ကျနော်တို့ လွှတ်တော်ထဲက နေပြီးတော့မှ တောင်းဆိုပေးတာတွေ မရှိဘူး။ တော်တော်များများ ပါတီတို့ဘာတို့က တက်သွားတဲ့ ကိုယ်စားလှယ်တွေ ကလည်း ပါတီရဲ့စည်းမျဉ်းစည်းကမ်းကို ပြန်ကြည့်နေရတယ်။
ပြည်သူ့ရဲ့ သဘောထားနဲ့အညီ လွှတ်တော်ထဲမှာ ပြန်လည်ပြောဆိုနိုင်တာ့မရှိတဲ့အတွက်ကြောင့်မိုလို့ ပြည်သူဘက်ကနေ ရပ်တည်မယ်။ ဘာအရောင် လွှမ်းမိုးမှုမှ မရှိသော ပြည်သူ့မျက်နှာပဲကြည့်မယ့် တသီးပုဂ္ဂလကိုယ်စားလှယ်တွေ ကျနော် တို့က ပြည်သူ့ဘက်ကနေ ရပ်တည်မယ်လို့ဆုံးဖြတ်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံတာဖြစ်ပါတယ်။
တသီးပုဂ္ဂလဆိုတာက ပါတီအရောင်တွေ လွှမ်းမိုးမှုမရှိဘူး။ လူထုကြားထဲမဲဆွယ်တဲ့အခါမှာတော့ တသီးပုဂ္ဂလရဲ့ အဓိပ္ပာယ် ကို တော်တော်ကို ရှင်းပြနေရတာပေါ့။ တသီးပုဂ္ဂလဆိုတာကတော့ လူထုမျက်နှာတခုတည်းကိုပဲ မူပြီးတော့မှ လူထု အ လုပ်ကိုပဲ လုပ်ချင်လို့ ကျနော်တို့က လုပ်တာ။ ပြည်သူ့ဘက်တော်သားတွေက ဘယ်ပါတီမှာ ဝင်လုပ်လုပ်ရတယ် သို့ သော်လည်း ပါတီရဲ့ မူဝါဒတွေ စည်းကမ်း တင်းကြပ်မှု အတိုင်းအတာတွေအပေါ်မှာ ကျနော်တို့က လူထုမျက်နှာကိုပဲ ကြည့်မယ် မဲဆွယ်စည်းရုံးတဲ့ခါမှာ တသီးပုဂ္ဂလဆိုတာ ဒါမျိုးပဲ။
လူထုမျက်နှာတခုပဲကြည့်ပြီး အော်ချင်ရာအော်မယ် အောက်ခြေမှာဖြစ်နေတဲ့ ပြဿနာတွေအပေါ်မှာ ၊ အပြင်မှာ ဖြစ်နေတဲ့ အသံတွေကို လွှတ်တော်ထဲကို Carry ယူသွားပြီးတော့ တောင်းဆိုဖို့အတွက်ကို တသီးပုဂ္ဂလ ဝင်ရခြင်း ဖြစ်ပါတယ်ဆိုတဲ့ ဟာမျိုးတွေကို အများကြီး သိအောင် လိုက်ပြီးတော့မှ လူထုကို အသိပေးနေရမယ့် အတိုင်းအတာတွေ ရှိတယ်။
တသီးပုဂ္ဂလတွေက တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ တအားအရေးကြီးတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ တသီးပုဂ္ဂလ တွေ လိုအပ်တယ်။ ဘာလို့လဲဆိုရင် တိုင်းဒေသကြီးပြည်နယ်နဲ့ ပြည်ထောင်စု လွှတ်တော်မှာရှိသော ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေပြုရေးနဲ့ အစိုးရအဖွဲ့ဖို့ အတွက်ကို အရေးကြီးသလို ကျနော်တို့ လက်ရှိ ဝင်ပြိုင်နေတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသမှာရှိသော လူထုလိုအပ်ချက်တွေနဲ့အညီ ဥပဒေပြုပေးဖို့ကိစ္စရပ်တွေပါမယ်။
ဒေသမှာရှိသော ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေ လူထုရဲ့လိုလားချက် လိုအပ်ချက်တွေ အပေါ်မှာ ဘယ်သူမှ တင်ရတဲ့ မပြော ဆိုရဲတဲ့ မတောင်းဆိုရဲတဲ့ ကိစ္စရပ်တွေအပေါ်မှာ တသီးပုဂ္ဂလတွေက ထိန်းချုပ်မှုဘောင်တွေ စည်းတွေ မရှိတဲ့အတွက် ကြောင့် လွပ်လွပ်လပ်လပ် လူထုရဲ့ လိုအပ်ချက်နဲ့အညီ လွှတ်တော်ထဲမှာ အော်လို့ရတယ်။ အဲဒီတချက်တော့ကောင်းတယ်။
လူထုအသံ၊ လွှတ်တော်အသံ၊ လူထုဆန္ဒ၊ လွှတ်တော်ဆန္ဒဆိုတာနဲ့အညီ ကျနော်တို့က လူထုပြဿနာအတွေအကုန်လုံးကို လွှတ်တော်ထဲကနေ အစိုးရကိုထိန်းကြောင်းဖို့ အော်မယ် အဲဒီကျရင်ရပြီ။ အဒီအခန်းကဏ္ဍမှာ သိပ်အရေးကြီးတယ်။ အစိုးရ လုပ်ဆောင်ချက်လွဲနေတာတွေကို လွှတ်တော်ထဲကနေပြီးတော့ ကျယ်ကျယ်ဝံ့ဝံ့အော်လို့ရပြီ အဲတာကြောင့်မိုလို့ တသီးပုဂ္ဂလတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာလိုအပ်တယ်။ တိုင်းနဲ့ပြည်နယ်မှာလိုအပ်ပါတယ်ခင်ဗျာ။
ဦးမင်းနိုင်စိုး (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း
ကျနော်တို့ကတော့ နံပါတ် ၁ အချက်ကတော့ ပါတီတွေ အဖွဲ့အစည်းတွေကျတော့ ပါတီ ပေါ်လစီတွေ မူဝါဒကတွေ ရှိ တယ်။ အဲဒီအောက်ကနေ ဝင်ရောက်အရွေးခံမယ်ဆိုရင် ကြိုက်ကြိုက်မကြိုက်ကြိုက် ပါတီရဲ့ပေါ်လစီတွေကို လိုက်နာရ မှာပဲ။ ဒါကတော့ ဝတ္တရားလည်း ဖြစ်တာကိုး။ ကျနော်တို့ကတော့ သီးခြား ကိုယ့်သဘောထားနဲ့ကိုယ် ဆောင်ရွက်ချင်တဲ့ ကိစ္စတွေ အယူအဆတွေရှိတဲ့အတွက် တသီးပုဂ္ဂလအနေနဲ့ဝင်တာလည်း ဖြစ်တယ်။ လွတ်လွတ်လပ်လပ် လုပ်ချင်တာ လည်း ပါတာပေါ့။
အခက်အခဲတွေကတော့ရှိပါတယ်။ ရှိနေတဲ့နိုင်ငံရေး အခင်းအကျင်းကြောင့် ဖြစ်လိမ့်မယ်။ သူကတော့ ၂၀၀၈ အခြေခံ ဥပဒေရဲ့ ပေးထားချက်ထဲမှာ ကျနော်တို့က ၇၅ ရာခိုင်နှုန်းပဲ ရွေးရတာကိုး။ ၂၅ ရာခိုင်နှုန်းက တပ်ကနေ ယူထားတယ်။ ၇၅ ရာခိုင်နှုန်းထဲမှာပဲ ရွေးရတယ်။ တခါ အစိုးရဖွဲ့ဖို့ကျတော့ ၇၅ ရာခိုင်နှုန်းထဲမှာပဲ ရာခိုင်နှုန်း တခုကလည်း ပြန်လိုလာတာ ပေါ့။ လိုလာတဲ့အခါကျတော့ တသီးပုဂ္ဂလတွေအတွက်ကတော့ အကြပ်အတည်းတော့ တွေ့တာပေါ့လေ။
နောက်တခုက ကျတော့လည်း ဖြစ်နေတာက ရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်းကိုက ကျနော်တို့က ဒီ၂၅ ရာခိုင်နှုန်း အပေါင်းနဲ့ ဒီမိုကရေစီ စစ်မှန်သော ဒီမိုကရေစီကို မလိုလားသော အုပ်စုများက ပေါင်းပြီးတော့ နိုင်ငံတော်ကို အုပ်စီးသွားမှာ လူထုမှာလည်း စိုးရိမ်စိတ်ရှိတယ်လေ။ အဲဒီလို စိုးရိမ်စိတ်ရှိနေတဲ့အခါကျတော့ လူထုဘက်မှာလည်း ဘယ်လိုဖြစ်လဲ ဆိုတော့ဘက်ကို ရွေးရတာပေါ့။ ဟိုဘက်လား ဒီဘက်လားဆိုတဲ့ ဘက်အပေါ်မှာ ရွေးနေရတဲ့အခါကျတော့ တသီးပုဂ္ဂလ တွေကတော့ အခက်အခဲအခဲရှိနေဦးမှာပါပဲ။
သို့သော်ရေရှည်ပေါ့။ ၂၀၀၈ အခြေခံဥပဒေကြီး ပြင်ဆင်ပြီးသွားတဲ့အခါကျတော့ ကျနော်တို့ ၁၀၀ ရာခိုင်နှုန်းသော ကိုယ် စားလှယ်တွေကို ရွေးရတဲ့အခါကျတော့ နိုင်ငံရေးယဉ်ကျေးမှုတရပ်အနေနဲ့ ဖွံ့ ဖြိုးတိုးတက်လာတဲ့အခါကျတော့ ဒါကဖြစ် လာမှာပါ။ ရေရှည်ပါ ရေရှည်အတွက် ပြင်ဆင်ရမှာပါပဲ။
တသီးပုဂ္ဂလကတော့ ပြောရရင်တော့ ပါတီကြီးတွေမှာကျတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ဒီပါတီကိုဖွဲ့စည်းထားတဲ့ စုစည်း ထားတဲ့ အင်အားစုပေါ့လေ။ ပါတီအပေါ်ပိုင်းတွေမှာ စုစည်းထားတဲ့ အင်အားစုတွေရဲ့ လူတန်းစားလက္ခဏာတွေရှိမယ်ပေါ့။ ဥပမာ သူဌေးတွေကြီးပဲ စုထားတယ်။ ငွေကြေးချမ်းသာသူတွေကြီးပဲ စုထားတယ်။ ငွေကြေးချမ်းသာသူတွေနဲ့နီးစပ်တဲ့ ပညာတတ်တွေကြီးပဲ စုထားတယ်ဆိုရင် ပါတီအပေါ် လူတန်းစားလက္ခဏာက တမျိုးဖြစ်နေမယ်။
နောက်တခုကကျတော့ အဲဒီလူတန်းစားရဲ့ တိမ်းညွှတ်မှုရှိတာပေါ့။ အကျိုးစီးပွား တိမ်းညွှတ်မှုကနေပြီးတော့ လမ်းညွှန် ပေါ်လစီတွေ ဖြစ်လာတာပေါ့ဗျာ။ ဖြစ်လာတဲ့အခါကျတော့ ကျန်တဲ့လူတန်းစားအသီးသီးပေါ့။ ကျနော်တို့ အငယ်စား အ လတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူလတ်တန်းစားအလွှာ အဆင့်ဆင့်၊ လူထုလူတန်းစားအလွှာ အဆင့်ဆင့်အတွက် အကျိုးစီးပွားကိုကျတော့ သူ့အတွက် သီးခြားလုပ်ကိုင်ပေးမယ့် နိုင်ငံရေးအင်အားစုတွေ နိုင်ငံရေးပုဂ္ဂိုလ်တွေလိုတယ်။
တသီးပုဂ္ဂလတွေကတော့ အဲဒီခန်းကဏ္ဍတွေကနေ ဝင်ရောက်ဆောင်ရွက်လို့ရတယ်ပေါ့။ ဝင်ရောက် ဆောင်ရွက်ရမှာပဲ ဖြစ် တယ်။ နောက်တခုကကျတော့ နှောင်ကြိုးကင်းတာပေါ့။ နိုင်ငံရေးပါတီအောက်မှာကျတော့ ပေါ်လစီနှောင်ကြိုးရှိမယ်။ နိုင်ငံ ရေး ရန်ပုံငွေတွေ ရွေးကောက်ပွဲရန်ပုံငွေတွေ ဒီဟာတွေပေးသွင်းတဲ့ နှောင်ကြိုးတွေမိထားတဲ့ နိုင်ငံရေး အင်အားစုတွေ ကျတော့လည်း ပါတီတွေကျတော့လည်း နိုင်ငံရေးပေါ်လစီတွေက မလွတ်လပ်ဘူး ဖြစ်နေမယ်။ တသီးပုဂ္ဂလကတော့ လွပ်လွပ်လပ်လပ်ဆောင်ရွက်လို့ရတာပေါ့ အဲလိုပဲမြင်ပါတယ်။ စိန်ခေါ်မှုကတော့ အများကြီးရှိပါတယ်။ ခုနကပြောသလိုပဲ နိုင်ငံရေးအခြေအနေက ဘက်ပြဿနာဖြစ်နေတော့ တသီး ပုဂ္ဂလကိုလည်း အမြင်စောင်းတာတွေတောင် ရှိတယ်လေ။
ဥပမာ ကျနော်ဆိုရင် နိုင်ငံရေး ကြွေးကြော်သံ ၄ ရပ်ကို တရား ဝင် ကြွေးကြော်ထားတာပေါ့။ ပြည်သူလူထု အလိုကျ ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်ကို လူထုဆန္ဒနဲ့ အညီ ပြန်လည် ရေးဆွဲရေး၊ မြန်မာ့တပ်မတော်က နိုင်ငံရေးကဆုတ်ခွာပြီး မူလ စစ်ဘက်တာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ပြန်လည်ထမ်းဆောင်ရေး၊ ခေတ်မီ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးက စီးပွားရေးလုပ်ငန်းများ ကနေပြီးတော့ နောက်ဆုတ်ရေးပေါ့။
လူတန်းစား ပေါင်းစုံကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေးပေါ့။ ဒီဟာတွေကြွေးကြော်ထားတာတောင်မှ ဘက်တ ဘက်ကို အနှောက်အယှက်ဖြစ်စေတယ်ဆိုတဲ့ အမြင်မျိုးတွေတောင်ရှိပါတယ်။ အဲဒီတော့ အခက်အခဲတွေရှိပါတယ်။ ဒါက နိုင်ငံရေးယဉ်ကျေးမှုတရပ်ကို တရိပ်ရိပ်ပျိုးထောင်ရမှာပေါ့။ ဒီသက်တမ်းမှာ အခက်အခဲတွေရှိကြမှာပါ။
You may also like these stories:
မဲဆွယ်ကာလ နိုင်ငံရေး အကြမ်းဖက်မှုများ ပေါ်ပေါက်
မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား
သံရုံးတွင်သာ မဲရုံဖွင့်မည့်အတွက် ထိုင်းရှိ မြန်မာလုပ်သားအများစု မဲပေးရန် မသေချာ