ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် နိုင်ငံရေးပါတီများ မဲလာဆွယ်သည်ကို လက်ခံပါက ကျေးရွာ ဥက္ကဋ္ဌများ ငွေ ၁၀ သိန်းပေးရမည်ဟု ခြိမ်းခြောက်သဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ကို တအန်း (ပလောင်) အမျိုး သားပါတီက ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံတွင် တိုင်ကြားထားသည်ဟု သတင်းရရှိသည်။
လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဦးသိန်းနိုင်က “တအန်း(ပလောင်)ပါတီက တိုင်ကြား လာတာ ဟုတ်ပါတယ်။ သူတို့ အခက်အခဲတွေ ပေါ်ပေါက်တယ်ပေါ့။ တိုင်ထားတာ ရှိပါတယ်။ ပါတီက ပြောတဲ့ထဲမှာတော့ ပန်ကေတုအုပ်စုက ရွာ ၃ ရွာလို့ ပြောပါတယ်။ အခြားပါတီတွေကတော့ တင်ပြတာ မရှိဘူး”ဟု ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီအချင်းချင်း မပြေမလည်ဖြစ်ပါက စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ တဆင့် ဖြေရှင်းပေးနိုင်သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းနှင့် မပြေမလည်ဖြစ်သည့် ပြဿနာတွင် စေ့စပ်ညှိနှိုင်းလျှင်လည်း ထိရောက်မှု မရှိနိုင်ပါဟု ဦးသိန်းနိုင်က မှတ်ချက်ပြုသည်။
TNP မှ တိုင်ကြားစာကို ပြည်နယ်အဆင့်၊ ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြထားသည်ဟုလည်း သိရသည်။
ဆက်လက်ပြီး ဦးသိန်းနိုင်က “လုံခြုံရေးက သွားလို့တော့ ရနေတယ်။ သူ့နေရာနဲ့ သူ ပြည်သူတွေလည်း သွားနေကြတာပဲ။ ကိစ္စမရှိဘူးလို့တော့ သုံးသပ်ရတယ်လေ။ ဒီနယ်မြေထဲဝင်ရင် ကန့်သတ်တယ်ဆိုတာကလည်း ပလောင်ပါတီနဲ့ဖြစ်တာက ကိစ္စတခုခု နေမှာပါ။ ပြည်သူလူထုတွေကတော့ သွားနေကြတာပဲ။ ဒီနယ်မြေကတော့ RCSS နယ်မြေလို ဖြစ်နေသလို မိုင်း ကိုင်ထဲမှာ သူတို့အဖွဲ့တွေ ရှိနေတော့ RCSS နဲ့ကတော့ လွတ်လားဆို မလွတ်နိုင်ဘူးပေါ့ဗျာ ”ဟု ဆိုသည်။
ဖြစ်စဉ်မှာ RCSS သည် ၎င်းတို့၏ ရုံးတံဆိပ်၊ အဖွဲ့အစည်း အမှတ်အသားပါ စာရွက်များဖြင့် အကြောင်းကြားခြင်း မဟုတ်ဘဲ မိုင်းကိုင် မြို့နယ်တွင်းမှ တပ်ဖွဲ့ဝင်တာဝန်ခံဆိုသူ ၁ ဦးက ပန်ကေတုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်စု စာရေးကို ပြောဆိုကာ စာဖြင့် အကြောင်းကြားခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။
ကျေးရွာအုပ်စု စာရေးက လက်ရေးမူဖြင့် စာတစောင်ရေးသားကာ ပန်ကေတုကျေးရွာအုပ်စုအတွင်းမှ မောက်လျန်၊ လွယ်ရွဲ၊ ကုန်းပေါင်းရွာ ဥက္ကဋ္ဌများထံသို့ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ပြီး စာထဲတွင် ပါတီများအား ကျေးရွာများအတွင်း မဲဆွယ်စည်းရုံးခွင့် ပြုပါက ဥက္ကဋ္ဌများအနေဖြင့် တရွာလျှင် ဒဏ်ငွေ ၁၀ သိန်း ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြား သည်ဟု ရေးသားထားသည်။
ခြိမ်းခြောက်စာ ပို့ခံရသည့် ပန်ကေတုကျေးရွာအုပ်စုသည် မိုင်းကိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) တွင် ပါဝင်သည့် ကျေးရွာအုပ်စု ဖြစ်သည်။
RCSS သည် ၎င်းတို့ လှုပ်ရှားသည့် နယ်မြေအားလုံးတွင် မဲဆွယ်စည်းရုံးမည်ဆိုပါက နိုင်ငံရေးပါတီ အားလုံးက ၎င်းတို့ကို ကြိုတင် ခွင့်တောင်းကာ ခွင့်ပြုချက် ယူပြီးမှသာ မဲလာဆွယ်နိုင်မည်ဟုလည်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ထားရာ TNP ပါတီ၊ ဗဟိုနှင့် မိုင်းကိုင်မြို့နယ် အခြေစိုက်ပါတီရုံးတို့မှ RCSS ထံသို့ ၂ ကြိမ်ခန့်စာပို့ထားသော်လည်း အကြောင်းပြန် စာ မရဟု မိုင်းကိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၂) တွင် ဝင်ပြိုင်မည့် TNP ပါတီမှ ကိုယ်စားလှယ်လောင်း ဦးမိုင်း အောင်ခမ်းထံက သိရသည်။
ဦးမိုင်းအောင်ခမ်းက “ကျနော်တို့ မဲဆန္ဒနယ်က ကျယ်တော့ တခုပြီးတခု သူတို့ဆီ လိုက်ပို့နေရရင် မလွယ်တော့ ကျနော်တို့ TNP အနေနဲ့ ဝင်ပြိုင်မယ့် လွိုင်လင်ခရိုင်ရော လင်းခေးခရိုင်ရော ၂ ခုလုံးအတွက် UEC က ထုတ်ပြန်တဲ့ အတိုင်း မဲဆွယ်မှု ပြုလုပ်မယ်ဆိုတာ ပို့ထားပါတယ်။ မဲဆန္ဒနယ် (၁)က ကိုယ်စားလှယ်လောင်းရော ပြည်သူကိုယ်စားလှယ်လောင်း ရော အဆင်မပြေကြဘူး။ ကျနော့်မဲဆန္ဒနယ်မှာလည်း ကိုဗစ်ကို အကြောင်းပြပြီး လမ်းတွေ ပိတ်ထားလို့ အခုထိ မဲဆွယ် စည်းရုံး လို့ မရဘူး။ RCSS က ပိတ်ထားတာပါ” ဟု ပြောသည်။
RCSS အနေဖြင့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်နှင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဟန့်တားခြင်းတို့က ဒီမိုကရေစီ စံနှုန်းနှင့် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်ဟု ဦးမိုင်းအောင်ခမ်းက ဝေဖန်သည်။
ဆက်လက်ပြီး ဦးမိုင်အောင်ခမ်းက “အခြားပါတီနဲ့ အဆင်မပြေမှုလုပ်တာ မရှိဘူး။ မိုင်းကိုင်မှာ နိုင်ငံရေးပါတီ ၆ ပါတီဝင်ပြိုင် မှာ အဓိက ပစ်မှတ် ဖြစ်နေတာ ကျနော်တို့ TNP ပဲ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရတော့လည်း အခြား ပါတီတွေ ဖျက်တာ မခံရဘူး။ ကျနော်တို့ TNP တခုတည်းပဲကွက်ပြီး ဖျက်ဆီးခံရတယ်။ မဲဆန္ဒနယ် ၁ မှာ အဲဒါ ဖြစ်တာ။ ၂ မှာဆို ကျနော်ဆို ရွာတွေကို ဝင်လို့ကို မရဖြစ်နေတာ”ဟုလည်း ဆိုသည်။
မိုင်းကိုင်မြို့နယ်၏ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ တွဲဖက်အတွင်းရေးမှူး (၁) ၊ ဦးစိုင်းကျော်ညွှန့်က “ကျနော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရော မြို့နယ် က စည်းရုံးရေးမှူးတွေရော အလုပ်လုပ်နေပါတယ်။ မြို့တော်တော်များများမှာ ကျနော်တို့ ဆက်လှုပ်ရှားနေပါတယ်။ ဒါက အားလုံးလည်း တွေ့မြင်နေရပါတယ်။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံးကတော့ ဒေသမှာ ရှိတဲ့ အဖွဲ့အစည်းတွေ အကုန် လုံးကို အကြောင်းကြားပြီး လုပ်ဆောင်နေတာ ရှိပါတယ်။ ဆိုတော့ အထွေအထူး ပြဿနာတော့ မရှိပါဘူး။ အခက်အခဲ လည်း ကြီးကြီးမားမားတော့ မရှိပါဘူး”ဟု ပြောသည်။
မိုင်းကိုင်မြို့နယ်တွင်း မဲဆန္ဒနယ်အားလုံးတွင် ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း ၎င်း၏ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးများ ဆင်းနေပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် သွားလာရသည်မှာ အဆင်ပြေကြောင်း၊ ကော်မရှင်ထံသို့ တိုင်ကြားရသည်အထိ အခက်အခဲကြုံရမှု မရှိဟု ပြောသည်။
RCSS ၏ လုပ်ဆောင်ချက်သည် ဥပဒေနှင့် ကိုက်ညီခြင်း မရှိဘဲ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးခွင့်မှာ ကော်မရှင်တွင်သာ ခွင့်ပြုချက်တင်ရမည် ဖြစ်ပြီး မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ကိုမှ တင်ရန် မလိုကြောင်း လွိုင်လင်ခရိုင်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောဆိုထားသည်။
ကျေးရွာဥက္ကဋ္ဌများကို ခြိမ်းခြောက်စာ ပေးခြင်း၊ ကျေးရွာများကို မဲလာမဆွယ်နိုင်ရန် ပိတ်ဆို့ထားခြင်းများနှင့် ပတ်သက်၍ မေးမြန်းရန် RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။
မိုင်းကိုင်မြို့နယ်တွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နှင့် (၂) ၊ ပြည်သူ့လွှတ်တော် နေရာများအတွက် TNP အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ ညီညွတ်သော ဒီမိုကရက် တစ်ပါတီ (UDP) တို့မှ ကိုယ်စားလှယ်များလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အမျိုးသားလွှတ်တော်နေရာအတွက် အဆိုပါ ၆ ပါတီအပြင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီကလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
သြဂုတ် ၂၀ ရက်ကလည်း RCSS ၏ မိုင်းကိုင်နယ်မြေတာဝန်ခံတဦးပါဝင်သည့် အဖွဲ့က မိုင်းကိုင်မြို့နယ်၊ ဆင်းရှေ့ကျေးရွာ အုက်စုတွင် အရပ်သားများကို စုဝေးကာ အစည်းအဝေးပြုလုပ်ပြီး TNP ပါတီကို မိုင်းကိုင်မြို့နယ်တွင်း ရွေးကောက်ပွဲ ဝင်မပြိုင်စေရန်၊ ဝင်ပြိုင်ပါက ပလောင်တိုင်းရင်းသားရွာသားများ အခက်အခဲကြုံရမည်ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
အရပ်သားများကို ထိုသို့ ခေါ်ပြောသဖြင့် မိုင်းကိုင်မြို့နယ်၊ TNP ပါတီက လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ရုံးသို့ တိုင်စာ ပို့ထားသည်။ TNP ပါတီ၏ ဗဟိုမှတာဝန်ရှိသူများကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) နှင့် RCSS ၏ ထိပ်သီးခေါင်းဆောင်များကို လိပ်မူပြီး အကြောင်းကြားစာများ ပို့ထားသည်ဟု သိရ သည်။
စက်တင်ဘာ ၁၅ ရက်ကလည်း မိုင်းကိုင်မြို့နယ်၊ ခေးအုံအွေ့ကျေးရွာ အုပ်စုမှ TNP ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေး အဖွဲ့ဝင် မိုင်းလှစိန်ကို မူးယစ်ဆေးသုံးထားသည်ဟုဆိုကာ RCSS က ဖမ်းဆီးခဲ့ပြီး ယနေ့ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါ။
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည့်စာရင်းအရ မိုင်းကိုင် မြို့နယ်သည် မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာ ၃၅၁ ရွာ ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၇၆၉၉၈ ဦး နေထိုင်သည်ဟု သိရသည်။
မိုင်းကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ မိုင်းကိုင်မြို့နယ်တွင်း ရာခိုင်နှုန်းအားဖြင့် လူဦးရေ အများဆုံးမှာ ရှမ်းလူမျိုးများ ဖြစ်ပြီး တအန်း (ပလောင်) လူမျိုးများသည် ဒုတိယလူဦးရေ အများဆုံး ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် စက်တင်ဘာ ၈ ရက်မှစတင်၍ မိမိယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွင်း ဝင်ရောက်ကာ မဲဆွယ်စည်းရုံးနိုင်သည်။
ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုနှင့် ကူးစက်မှုကိုလည်း ထိန်းချုပ်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ထားသည့် လုပ်ငန်းလမ်းညွှန်များနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ ဒေသန္တရအမိန့်များကိုသာ လိုက်နာရန် ညွှန်ကြား ထားသည်။
You may also like these stories:
မှော်ဘီတပ်ရှေ့တွင် NLD ပါတီ ဆိုင်းဘုတ် စိုက်ထူမှု ပြန်ဖြုတ်ချပေးမည်
မိုင်းပန်တွင် RCSS နှင့် PNLO နယ်မြေပြဿနာ ဖြစ်ပွား
အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှ သံဃာအချို့ COVID-19 ပိုး ကူးစက်ခံရ