စစ်ကောင်စီရဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် လူထု စိုးရိမ်မကင်းဖြစ်နေကြစဉ်မှာပဲ သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) ကလည်း ဖေဖော်ဝါရီ ၁၉ ရက်မှာ ရှမ်းပြည်တွင်း နေထိုင်သူတွေ စစ်မှုထမ်းရမယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေရဲ့ အဓမ္မ စစ်သားစုဆောင်းတဲ့ သတင်းတွေ မကြာခဏကြား နေရသလို စစ်သားစုတဲ့ မူဝါဒ ကြေညာမှုတွေကလည်း ခပ်စိပ်စိပ် ဆိုသလို မြင်လာနေရပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ မြို့ ရွာတွေကို သိမ်းထားတဲ့ ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA)ကလည်း လူစုသလို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) က လည်း ပေါ်ပေါ်တင်တင်ပဲ လူစုနေတာပါ။
ဒီလိုမျိုး စစ်သားစုဆောင်းတဲ့ မူဝါဒ ကြေညာမှုတွေ ထွက်လာတိုင်း တိုင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၉ ဖွဲ့ထက် မနည်းရှိနေတဲ့ ရှမ်းပြည်နယ်က လူထုအပေါ်စိုးရိမ်စေတဲ့ အပူလုံးတွေသာ ထပ်တိုးစေပါတယ်။
RCSS ရဲ့ ကြေညာ ချက်မှာတော့ ရှမ်းပြည်တွင်းမှာ မှီတင်းနေထိုင်တဲ့ မည်သူမဆို အသက် ၁၈ ကနေ ၄၅ နှစ်အထိ လူမျိုးမရွေး ကျား၊ မ မရွေး သျှမ်း ပြည်အမျိုးသားရေးအတွက် တာဝန်ထမ်းဆောင်နိုင်ဖို့ စစ်မှုထမ်းရမယ်လို့ ရှမ်း ဘာသာနဲ့ ရေးထားတဲ့ အထဲပါရှိပါတယ်။
ပြည်ပကို ရောက်ရှိနေတဲ့သူတွေလည်း RCSS ထံ စစ်မှုလာထမ်းရမှာဖြစ်ပြီး နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်ရင်တော့ ကျန်ရှိနေတဲ့ နေအိမ်ဥစ္စာတွေကို သိမ်းဆည်းသွားမယ်လို့ RCSS ရဲ့ ကြေညာချက်မှာ ရေးထား ပါတယ်။
RCSS ဆီမှာ စစ်မှုထမ်းကြမယ်ဆိုရင် စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းတဲ့ ဥပဒေကနေ ကင်းလွတ်နိုင်တယ်လို့ လည်း RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးခမ်းစံက ရှမ်းပြည်နယ် သတင်းများအထူးပြုဖော်ပြနေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနကို ဖြေဆိုထားပါတယ်။
အခုလို လူထုကို စစ်မှုထမ်းဖို့ ပြောတာကတော့ RCSS တဖွဲ့တည်းတော့ မဟုတ်ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် အထူးဒေသ ၁ ကို သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုး သားများ ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) လည်း အပါအဝင် ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက Facebook မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တခုမှာဆိုရင် MNDAA တပ်ဖွဲ့ကလို့ ယူဆရ တဲ့သူ တဦးက အရပ်သားတွေကို စစ်မှုထမ်းကြဖို့ ဗမာလို ဆော်ဩ ပြောဆိုနေတာ မြင်ရပါတယ်။
MNDAA တပ်ဖွဲ့ကလို့ ယူဆရသူက “သားမရှိဘူး။ မိန်းကလေးရှိတယ်ဆိုရင် မိန်းကလေး ထည့်ပေးလိုက်။ ၃ ယောက် ရှိတယ်ဆိုရင် ၁ ယောက် ထမ်းဆောင်ရမှာ။ ၅ ယောက်ရှိတယ်ဆိုရင် ၂ ယောက်ထမ်းဆောင်ရမှာ။ ယောက်ျား လေး လည်း ဒီအတိုင်းပဲ။ အိမ်မှာ ၅ ယောက်ရှိတယ်ဆိုရင် ၂ ယောက်တာဝန်ထမ်းဆောင်ရမှာ။ ခင်ဗျားတို့အနေနဲ့ ဒါက ကြောက်စရာလည်း မလိုပါဘူး။ နိုင်ငံရေးဆိုတာက ပြောင်းလဲသွားမှာ။ လောလောဆယ်လုပ်နေတဲ့ သူတွေတော့ စစ် တိုက်နေမှာ။ တိုက်ပြီးလို့ ငါတို့ ရှမ်းပြည်အေးချမ်းသွားပြီဆိုရင် ထမ်းဆောင်ရမယ်။ အေးအေးဆေးဆေးပဲ။ သေမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။
စစ်မှုမထမ်းချင်လို့ ရှောင်ပြေးနေတဲ့သူတွေရှိတာသိရင် အရေးယူမယ်လို့လည်း ၎င်းက ပြောပါတယ်။
MNDAA ရဲ့ စစ်သားသစ်စုတဲ့ မူဝါဒကို ပိုမိုသိနိုင်ဖို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း (ခေါ်) ရန်ရန်ကို ဧရာဝတီ က မေးမြန်းခဲ့ရာမှာ “တပ်သားသစ်စုဆောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က မူဝါဒအတိုင်းသွားနေပါတယ်။ ကျနော်တို့ အထူးဒေသ ၁ မှာနေထိုင်တဲ့ ဒေသခံ ပြည်သူလူထုအနေနဲ့ မိသားစုတစုမှာ ယောက်ျားလေး ၂ ယောက်ရှိရင် ၁ ယောက်တော့ စစ်မှုထမ်းရပါမယ်။ ၅ ယောက်ရှိရင် ၂ ယောက်ပေါ့။ အသက်အရွယ်ကတော့ ၁၆ နှစ်အထက်ပေါ့” လို့ ပြန်လည်ဖြေဆိုပါတယ်။
MNDAA အနေနဲ့ လက်ရှိအထူးဒေသ ၁ ကို ကိုးကန့်၊ မုံးကိုး၊ သိန္နီ၊ ကွတ်ခိုင်ဆိုတဲ့ ခရိုင် ၄ ခုနဲ့ ဖွဲ့ထားပြီး ခရိုင် ၄ ခုမှာ နေထိုင်ကြတဲ့ ပြည်သူလူထုဆီကနေ တပ်သားသစ် စုဆောင်းသွားမှာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
MNDAA ဟာ လူမျိုးမရွေးကို စစ်သားစုဆောင်းနေပြီး သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းညွန့်ကို လည်း အဓမ္မစစ်သားစုဆောင်းထားတယ်လို့ သျှမ်းကျောင်းသားသမဂ္ဂက ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်း ထုတ်ပြန် ထားပါတယ်။
အသက် ၂၄ နှစ် အရွယ် စိုင်းညွန့်ဟာ MNDAA လက်ထဲမှာပဲ ရှိနေပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ လည်း သျှမ်းကျောင်းသားသမဂ္ဂ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။
စိုင်းညွန့်ဟာ လောက်ကိုင်မြို့ကို ခေတ္တရောက်နေစဉ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ပါစင် ကျော်ရွာနား MNDAA စခန်း ဖြတ်သန်းချိန်မှာ အခြားလူငယ်တွေနဲ့အတူ စစ်သားအဖြစ် စုဆောင်းခံလိုက်ရတာ ဖြစ်ပါတယ်။
MNDAA ဟာ တအာင်းလူငယ်တွေကိုလည်း တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းတာတွေရှိနေတယ်လို့ ရှမ်းပြည်နယ်အကြောင်း အထူးပြုရေးသားနေတဲ့ သတင်းဌာနတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ကလည်း ဒေသ လုံခြုံရေးအတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေ စစ်သင်တန်းတက်ဖို့ ဇန်နဝါရီလတုန်းက စာတစောင်ကြေညာ ခေါ်ယူတာရှိပါတယ်။ SSPP ရဲ့ စစ်သားစုဆောင်းတဲ့ မူဝါဒကို သိနိုင်ဖို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဧရာဝတီက ဖုန်းခေါ် ပေမယ့် ဖုန်းမကိုင်ပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြို့ ပေါင်း ၇ မြို့ထက်မနည်း သိမ်းပိုက်ထားတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ် မြောက်ရေးတပ် (TNLA) ကတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ကတည်းက ထုတ်ထားတဲ့ တပ်ဖွဲ့ဝင်စုဆောင်းခြင်း ဆိုင်ရာ မူဝါဒနဲ့ စည်းမျဉ်းတွေကို မြန်မာဘာသာနဲ့ ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည် ပွဲထုတ်လာပါတယ်။
TNLA ရဲ့ အခြေခံမူဝါဒအရဆိုရင် အသက် ၁၆ နှစ်ပြည့်ထားတဲ့ တအာင်းလူငယ်တွေဟာ မိမိတို့ စိတ်ဆန္ဒအရ TNLA ထံ မှာ အမှုထမ်းနိုင်ပါတယ်။ တအာင်းမိသားစုတစုမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အောက် သားယောက်ျားလေး ၂ ဦးနဲ့ အထက်ရှိတဲ့ မိသားစုတိုင်းဟာ ယောက်ျာလေး ၁ ဦး မဖြစ်မနေ TNLA ဆီမှာ စစ်မှုထမ်းပေးဖို့ တာဝန်ရှိပါတယ်။
တအာင်း ဒေသတွင်းမှာနေတဲ့ အခြားတိုင်းရင်းသားတွေကလည်း TNLA ရဲ့ ဦးတည်ချက်၊ မူဝါဒ၊ စည်းမျည်းစည်းကမ်းနဲ့ အညီ တာဝန်ထမ်းဆောင်နိုင်တယ်လို့လည်း TNLA ရဲ့ မူအရ သိရပါတယ်။
သားယောက်ျားလေး ၂ ဦးရှိပြီး ၁ ဦးဟာ စစ်မှုထမ်းရမယ့် ကာလမတိုင်ခင် ၃ နှစ်ကျော်ကတည်းက သာသနာ့ဘောင်ထဲ မှာ ရှိနေတယ်ဆိုရင် မိသားစုမှာ ကျန်နေတဲ့ သားယောက်ျားလေးဟာ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်မှာဖြစ်ပါတယ်။
ဒါ့ပြင် တအာင်းမိသားစုမှာ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်အောက် အမျိုးသမီး ၂ ဦးနှင့်အထက်ရှိတယ်ဆိုရင် မိန်းကလေး ၁ ဦးဟာ TNLA ထံမှာစစ်မှုထမ်းရမှာဖြစ်ပါတယ်။ TNLA ကတော့ စစ်သားစုဆောင်းတဲ့အခါမှာ အချိန်ပြည့်စစ်မှုထမ်းနဲ့ ပြည်သူ့စစ်ဝန်ထမ်းအဖြစ် စစ်မှုထမ်းဆိုပြီး ၂ မျိုး စုဆောင်းပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ နမ့်ခမ်းမြို့မှာနေတဲ့ ဒေသခံအမျိုးသားတဦးကတော့ TNLA ဟာ နမ့်ခမ်းက လူထုနဲ့တွေ့ဆုံစဉ် မှာ တအာင်းမိသားစုက လူတွေကိုပဲ စစ်သားစုမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ ဝန်းကျင်ကို စိုးမိုးထားတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ကတော့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကို စစ်သား စုဆောင်းတာရှိပေမယ့် အတင်းအကျပ် မလုပ်ဘူးလို့ KIA ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဖြေကြားပါတယ်။
“ကျနော်တို့ကတော့ စည်းရုံးတဲ့နည်းနာကိုပဲ သုံးပါတယ်။ အတင်းအကျပ် မလုပ်ပါဘူး။ လောလောဆယ်တော့ အဲဒီ ဘက်မှာ ကျနော်တို့ဘက်က စစ်သားစုဆောင်းတယ်ဆိုတဲ့ သတင်းတွေ မကြားရသေးပါဘူး” လို့ သူက ရှင်းပြပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရဆိုရင်တော့ လူမျိုးမရွေး၊ ဘာသာမရွေး မြန်မာတနိုင်ငံလုံးမှာနေတဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားအားလုံးနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အားလုံး စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အတွင်း ပညာရှင်အမျိုးသားများနဲ့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပညာရှင်အမျိုးသမီးတွေလည်း စစ်မှုထမ်းဖို့ မလွတ်ဘဲ အကျုံးဝင်ပါတယ်။
နမ့်ခမ်းမြို့က အသက် ၁၀ နှစ်အောက် ကလေး ၃ ယောက်ရဲ့ ဖခင် ရှမ်းတိုင်းရင်းသားတဦးကတော့ စစ်ကောင်စီကရော EAO တွေကပါ အပြိုင်အဆိုင် စစ်သားစုဆောင်းလာမယ့်အပေါ် စိုးရိမ် ပူပန်နေပါတယ်။ ကလေးတွေနဲ့ မိသားစုရဲ့ အနာဂတ်ဟာလည်း စစ်ဘေးစစ်ဒဏ်ကြောင့် မရေရာ မသေချာ ဖြစ်နေရတယ်လို့သူက ဆိုပါတယ်။
နမ့်ခမ်းမြို့ခံ ရှမ်းတိုင်းရင်းသားတဦးက “ကိုယ့်နိုင်ငံကာကွယ်တာလည်း မဟုတ်ဘဲနဲ့ အချင်းချင်းတိုက်ဖို့ စုတဲ့ပုံစံဖြစ် တယ်။ မဆွေးနွေးဘဲ အချင်းချင်းတိုက်ရင်တော့ အချင်းချင်း သေမှာပဲပေါ့။ စစ်ဆိုတာက ကောင်းတဲ့ဟာမဟုတ်ဘူး လေ။ အခုဆိုလည်း ဖြစ်သွားတော့ ကျနော်တို့ပဲ ခံစားရတယ်လေ။ စစ်ပွဲဖြစ်တဲ့ဒေသမှာနေရင် ဆုံးရှုံးမှုက တအားများ တယ်။ နှစ်နဲ့ချီ ရှာဖွေပြီး လုပ်ထားရတာ။ အခုအိမ်တွေ ပျက်စီးသွားတယ်။ ဘယ်သူတာဝန်ယူပေးသလဲ။ ဘယ်သူမှ တာဝန်မယူပေးဘူး။ အခုက စစ်ပြီးပြီလား မပြီးသေးဘူးလား မသိသေးဘူး” လို့ ညည်းတွားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းလူငယ်အမျိုးသမီးတဦးကတော့ EAO အဖွဲ့တွေအနေနဲ့ အာဏာသိမ်း စစ်ကောင် စီကိုသာ အမှန်တကယ်တော်လှန်နေပါက အတင်းအကျပ် တိုက်တွန်းစရာမလိုဘဲ လူငယ်တွေ သူတို့ဆီမှာ စစ်မှုထမ်းဖို့ လာကြလိမ့်မယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက ရှိသမျှ လူငယ်အကုန်သာ စစ်တိုက်ရမယ်ဆိုရင် စားနပ်ရိက္ခာအတွက် စိုက်ပျိုးဖို့အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးစတဲ့ ကိစ္စအဝဝမှာလည်း လစ်ဟာသွားမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းလူငယ်အမျိုးသမီးတဦးက “စစ်ကောင်စီကလည်း စစ်သားစုမယ်။ EAOs တွေ ကလည်း အတင်းအကျပ် စစ်သားစုမယ်ဆိုရင် လူထုကတော့ စိုးရိမ်မှုတွေ ပိုများလာနိုင်ပါတယ်။ ဘယ်ဘက်ကို ပြေးလို့ ပြေးရမှန်းမသိ။ ဒုက္ခပိုရောက်သွားမှာပေါ့။ အကုန်လုံးက လူထုဆီပဲ ပြုံပြီးမှ ပိုနစ်နာနိုင်တာပေါ့” လို့ဆိုပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းထိန်းချုပ်မှု နယ်မြေအတွင်းမှာလည်း စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ် (PNO) နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေ သလို PNO အနေနဲ့ ဒေသလုံခြုံရေးအတွက်ဆိုပြီး စစ်သားစုဆောင်းမှု၊ စစ်သင်တန်းပေးမှုတွေကို ပြုလုပ်နေပါတယ်။
ဒါ့ပြင် PNLO/ PNLA အဖွဲ့ကလည်း တနိုင်ငံလုံး အဖိနှိပ်ခံပြည်သူများ ဆန့်ကျင်နေကြသလို ပအိုဝ်းလူငယ်လူရွယ်များ အနေနဲ့ မတရားမှုကို ခေါင်းငုံ့မခံဘဲ ပြတ်သားစွာဆန့်ကျင်ကြဖို့၊ ပအိုဝ်းလူမျိုးကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကိုရှောင်လွှဲပြီး အမျိုးသားလွတ်မြောက်ရာလမ်းကို လျှောက်လှမ်းရေးမှာ သမိုင်းပေး တာဝန်လို့ ခံယူပြီး မိမိတို့အဖွဲ့ကို လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်များ ထမ်းဆောင်ဖို့ ဖိတ်ခေါ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာထားပါတယ်။
လူ့အခွင့်ရေး လေ့လာစောင့်ကြည့်တဲ့ (HRW) အဖွဲ့ရဲ့ သုတေသီတဦးဖြစ်သူ Manny Maung ကတော့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ အချို့သော ကမာ္ဘ့နိုင်ငံတွေမှာလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံမှာ EAO တွေ စစ်သားစုနေတာက နိုင်ငံတကာဥပဒေတွေနဲ့အညီ မူဝါဒပြဋ္ဌာန်းထားပြီး စုခြင်း ဟုတ်မဟုတ် သူ့အနေနဲ့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ Manny Maung က ဆိုပါတယ်။
၎င်းက “သူတို့လုပ်တဲ့ပုံစံက အလန့်တကြား ဖြစ်နေတယ်။ EAO အကြောင်းပြောမယ်ဆိုရင် ၁၆ နှစ်ဆိုရင် အရမ်းငယ် တယ်။ ၁၈ နှစ်ဆိုရင် လူကြီးဖြစ်တဲ့အတွက် အရမ်းကြီးတော့ ပြောလို့မရဘူးပေါ့။ သူတို့လုပ်တဲ့ပုံစံက ခေါ်သွားတဲ့အခါ မှာ ဘယ်ကိုခေါ်သွားမှာလဲ၊ ဘယ်လို Training ပုံစံပေးမလဲ အဲဒီလိုမျိုး ရှိသေးတယ်။ အနောက်နိုင်ငံတွေမှာလည်း ဘယ် မှာ သင်တန်းတက်မှာလည်း ဘယ်မှာသွားပြီး တာဝန်ထမ်းရမလဲ။ အဲဒီလိုမျိုး ရှိတယ်။ အကုန်လုံးတော့ ခေါ်လို့မရဘူး။ တကယ်ဆိုရင် ပုံတော့ မမှန်ဘူးပေါ့” လို့ဆိုပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ အခုလို စစ်သားစုဆောင်းဖို့ ဥပဒေတွေ၊ စနစ်တွေ ချမှတ်နေတာက အကောင်းထက် အဆိုးဘက်ကိုသာ ပိုသွားလိမ့်မယ်လို့ Manny Maung က ပြောပါတယ်။
စစ်ကောင်စီက ကြေညာလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း Manny Maung က “လူငယ် တွေက အလုပ်ထဲဝင်ရမယ့်အချိန်မှာ စုဆောင်းမှုလုပ်ခိုင်းတာက ဘာအတွက်လဲပေါ့။ ဘာအကျိုးမှမရှိဘူး။ ဘာမှ အဓိပ္ပာယ်လည်းမရှိဘူး။ စိုးရိမ်တာကတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေက ခေါ်သွားတဲ့အချိန်တွေမှာ ပိုဆိုး လာမှာကို အဓိက စိုးရိမ်တယ်။ ပြီးရင်သူတို့ကို ဘယ်ကိုခေါ်သွားပြီး ဘာတွေလုပ်ခိုင်းမှာလဲဆိုတာ မသေချာတဲ့ အချက် အလက်တွေ အများကြီး ရှိနေတယ်” လို့ မှတ်ချက်ပေးပါတယ်။
ဒီလိုမျိုး စစ်ကောင်စီရော၊ EAO တွေကပါ ဘက်ပေါင်းစုံ စစ်သားစုနေတာက လူထုအတွက် ကောင်းကျိုးရော ဆိုးကျိုး ပါ ရှိနေတယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO) က ပြောရေးဆိုခွင့်ရှိသူတဦးက သုံးသပ်ပါတယ်။
EAO တွေ စစ်သားစုတာက ၁၀၂၇ စစ်ဆင်ရေးအတွင်း ရထားတဲ့ထိန်းချုပ်နယ်မြေမှာ အုပ်ချုပ်ရေးယန္တရားအပါအဝင် အခြားယန္တရားတွေ လည်ပတ်နိုင်ဖို့၊ ကျန်ရှိနေတဲ့ စစ်ကောင်စီနယ်မြေတွေကို တိုက်ခိုက်ဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
၎င်းက “ဆိုးကျိုးလို့ ပြောတဲ့နေရာမှာ အထူးသဖြင့် စစ်ကောင်စီနဲ့ အခြား ကိုယ့်လူမျိုးမဟုတ်ဘဲ ကောက်ခံနေရတဲ့ ပြည်သူတွေ၊ လူငယ်တွေအတွက်တော့ စိုးရိမ်မှုတွေ ခြိမ်းခြောက်မှုတွေ ခံရနိုင်တယ်။ ဟိုဘက်အဖွဲ့လည်းခေါ် ဒီဘက်အဖွဲ့ လည်း ခေါ်နေတဲ့အခါမှာကျတော့ အချို့လူငယ်တွေ အခြားဒေသ ရွှေ့ပြောင်းမှုတွေ များလာတယ်။ နောက်တခုကျတော့ လူမျိုးအချင်းချင်းကြား အဆင်မပြေမှုတွေလည်း ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုတွေအပြင် စစ်အာဏာရှင် တိုက်ဖျက်မယ်လို့ ကြေညာပြီး ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ (NMSP-AD)၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တပ်ဖွဲ့တချို့လည်း စစ်မှုထမ်းဖို့ ဖိတ်ခေါ်နေတာတွေ ရှိပါတယ်။
TWO က ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြီး “ကောင်းကျိုးဘက်အနေနဲ့ ကြည့်မယ်ဆိုရင် စစ်ကောင်စီ လက်အောက် တာဝန်ထမ်းဆောင်မည့်အစား သက်ဆိုင်ရာ EAO အဖွဲ့တွေထဲမှာ တာဝန်ထမ်းဆောင်တာဟာ ကောင်းတဲ့အရာ ဖြစ် တယ်။ စုပေါင်းအင်အားနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မယ့် အလားလာတွေ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။ ။
You may also like these stories:
စစ်မှုထမ်းဥပဒေကို မည်သည့်အတွက် ယခုမှ အကောင်အထည် ထဖော်သနည်း
စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား
“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”
အပြင်းအထန် ဆန့်ကျင်ခံနေရသည့် အတင်းအကျပ် စစ်သားစုဆောင်းမှု
အင်အားပြုန်းတီးနေသော စစ်တပ်က အငြိမ်းစားစစ်သားများကို ရှေ့တန်းပြန်ပို့မည်