၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်ရာတွင် ပါတီပေါင်း ၉၁ ပါတီဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သလို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအပါအဝင် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း များလည်း အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ကိုယ်စားလှယ်လောင်းတွေအနေဖြင့် အနိုင်ရရှိရေးအတွက် များစွာ ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ပြိုင်ဘက် ကို မနိုင်ဘဲ ရှုံးနိမ့်ခဲ့ကြရသူများလည်း ရှိသည်။
သို့ဖြစ်ရာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သော်လည်း ရှေ့ဆက် လုပ်ဆောင်သွားမည့် နိုင်ငံရေးမျှော်မှန်းချက်၊ လုပ်ဆောင်ချက်စ သည့် အခြေအနေများ အပေါ် ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဗဟို ကော်မတီဝင် ဒေါ်အိသဉ္ဇာမောင်နှင့် တသီးပုဂ္ဂလ များ ဖြစ်ကြသည့် ဒေါက်တာညိုညိုသင်းနှင့် ဦးမိုးရန်နိုင် တို့အား ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ်မေးမြန်းထားသည်။
ဦးကိုကိုကြီး
( တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ)
အဓိကကတော့ ရွေးကောက်ပွဲဆိုတာ ၅ နှစ်တကြိမ် သက်တမ်းအရ ပုံမှန်လုပ်ရတဲ့ ရွေးကောက်ပွဲပေါ့။ အဲဒီ တော့ ဒီမိုကရေစီအားကောင်းဖို့ဆိုတာ ရွေးကောက်ပွဲ ၁ ရက်ထဲနဲ့ မပြီးဘူး။ ကိုယ့်ကိုယ်စားလှယ်နဲ့ ကိုယ် မဲဆန္ဒရှင်တွေနဲ့ မပြတ်ထိတွေ့နေဖို့ လိုတယ်။ ဒါကြောင့်မို့လို့ ကိုယ်စားလှယ်တွေကလည်း ကိုယ့်မဲဆန္ဒရှင်တွေနဲ့ အမြဲမပြတ်ထိတွေ့ဖို့ ကြိုးစားပါလို့ တိုက်တွန်းချင်တယ်။
ပြီးတော့ ပြည်သူတွေကလည်း တခါရွေးလိုက်လို့ ပြီးပြီဆိုပြီး ပစ်ထားတာမျိုး မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်စားလှယ် ကို အမြဲတမ်းထိတွေ့စောင့်ကြည့်နိုင်ဖို့ အကြံပေးတာ ဝေဖန်တာတွေ အဲဒါမျိုး စဉ်ဆက်မပြတ် လုပ်သွားနိုင်ရင် တော့ ၅ နှစ်မှ တရက်နိုင်ငံရေး မဟုတ်တော့ဘဲနဲ့ အမြဲတမ်း ရှင်သန်နေမယ့် နိုင်ငံရေးဖြစ်မယ်လို့ ကျနော်က တော့ အကြံပြု တိုက်တွန်း ချင်ပါတယ်။
ကျနော်တို့ကတော့ ၃၂ နှစ်ကျော် နိုင်ငံရေးကို ရူးသွပ်စွာလုပ်ခဲ့တာဖြစ်တော့ ရွေးကောက်ပွဲဆိုတာ ၅ နှစ် ၁ ကြိမ်ဆုံရမယ့် မှတ်တိုင် ၁ ခုပဲ။ ကျနော်တို့ကတော့ ကိုယ်ရဲ့နိုင်ငံရေးရပ်တည်ချက်၊ ယုံကြည်ချက်အပေါ် မှာ ဆက်ပြီး ရပ်တည်သွား မှာဖြစ်တယ်။ အဲဒီတော့ ဖြစ်ပေါ်လာမယ့် အစိုးရအသစ်၊ လွှတ်တော်အသစ်ကို လည်းပဲ ကျနော်တို့ မျက်ခြေမပြတ်လေ့လာ သုံးသပ်တာ၊ အကြံပြုထောက်ပြတာ ကျနော်တို့ ဒါလွှတ်တော်ထဲ မရောက်ပေမယ့်လို့ ပြင်ပကနေ ပံ့ပိုးကူညီတဲ့အလုပ်တွေ လုပ်သွားမယ်။
နောက် နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေမှာ ဆိုရင်လည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြည်သူ့ပါတီ အနေနဲ့ အမြဲတမ်းအသင့် ပြင်ထားပါတယ်။ကျနော်တို့က ဒါကြားဖြတ်ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အနိမ့်ဆုံးတော့ ၂၀၂၅ မှာ အထွေထွေ ရွေး ကောက်ပွဲ လာမယ် အဲဒီအတွက်ကိုလည်း ကျနော်တို့က စဉ်ဆက်မပြတ် ပြည်သူ့ပါတီအနေနဲ့ ပြင်ဆင်သွား မှာပါ။
ဒေါက်တာ ညိုညိုသင်း
(တနင်္သာရီ တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ)
ပြည်သူတွေ နိုင်ငံရေးမှာ နိုးနိုးကြားကြား ရှိကြပါလို့ ပြောချင်တယ်။ နိုင်ငံသားတွေအနေနဲ့ မဲပေးပြီးရင် ပြီးရောဆိုပြီး အစိုးရ ကို ပစ်မထားဖို့ လိုတယ်။ အစိုးရက ကိုယ်ရဲ့ဘဏ္ဍာငွေကို ဘယ်လိုသုံးစွဲနေသလဲ။ ကိုယ်ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေ က လွှတ်တော်ထဲမှာ တကယ်အလုပ်၊ မလုပ်ပေါ့ အဲဒါတွေကို စောင့်ကြည့်တဲ့ အလုပ် တွေ လုပ်စေချင်တယ်လို့ ပြည်သူ တွေကို ကျမက မေတ္တာရပ်ခံတောင်းဆိုချင်တယ်။
လွှတ်တော်ကြီးတွေကလည်း တကယ့်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို သွားနေရဲ့လားဆိုတာ ဆက်လက် စောင့်ကြည့်ပြီး ကြီးကြပ်စေချင်တယ်။ အခု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ကြည့်လို့ရှိရင် ကိုယ်စားပြု ဒီမိုကရေစီ စနစ်ကနေ ကျော်လွန်နေပြီ ဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုကလည်း ကိုယ့်ကို ကိုယ်စားပြုမယ့် လွှတ်တော်တွေကို ရွေးပေးလိုက်ရုံနဲ့ ပြည်သူလူထုရဲ့ တာဝန်ကျေပြီလို့ မဆိုနိုင်သေးဘူး။
ကျမက လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ရမှ နိုင်ငံရေးလုပ်ခွင့်ရမယ့် နိုင်ငံရေးသမားမျိုး မဟုတ်ဘူး။ ကျမတို့က ရွေးကောက်ပွဲ တခုထဲကို ကြည့်ပြီး လုပ်တဲ့ နိုင်ငံရေးသမားမျိုးလည်း မဟုတ်ဘူး။ ကျမကတော့ ရွေးကောက်ပွဲ အခင်းအကျင်းကို ကျော်လွန်ပြီးတော့ အစိတ်စိတ် အမွှာမွှာ ကွဲနေတဲ့ ကျမတို့နိုင်ငံကြီးကို တထောင့်တနေရာ ကနေ ပြန်လည်ညီညွတ်ဖို့၊ သွေးစည်းဖို့ကိစ္စတွေကို အလေးပေး ဆောင်ရွက်သွားမယ်။
ကျမပါဝင်ပြီး ပြုစုထားတဲ့ တနသာၤရီမြို့နယ် လူထုလိုအပ်ချက်စစ်တမ်းရဲ့ တွေ့ရှိချက်အရဆိုရင် တနသာၤရီ မြို့နယ်မှာ လက်ငင်းလူထု လိုအပ်ချက် ၆၀၀ ကျော်ရှိနေတယ်။ အဲဒီ ၆၀၀ ကျော်ကို တနသာၤရီမြို့နယ်ကနေ ရွေးချယ်ခံလိုက်ရတဲ့ ကိုယ်စားလှယ်တွေက လုပ်ပေးသင့်တယ်လို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။
လက်ငင်းလိုအပ်ချက်ဆိုတာက ကျေးလက်နေပြည်သူတွေက နိုင်ငံတော်ဆီက ရပိုင်ခွင့် ၅ မျိုးရှိတယ်။ မီး၊ လမ်းတံတား၊ ဆေးရုံ၊ ကျောင်း၊ တယ်လီဖုန်းတိုင် အဲဒါတွေပေါ့။ ကျမတို့ တနသာၤရီမှာ ရွာပေါင်း ၂၀၀ ကျော် ရှိတယ်။ အဲဒီရွာတွေမှာ အဲဒီရပိုင်ခွင့် ၅ မျိုး ရရှိမှုက တော်တော်လေး နိမ့်ကျနေတယ်။ ဒါကြောင့် အဲဒီ ၅ မျိုးကို ကျေးလက်နေပြည်သူတွေအတွက် ဖန်တီးပေးစေချင်တာ။
ဒေါ်သက်သက်ခိုင်
( မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သူ၊ PPP ပါတီ ဥက္ကဋ္ဌ)
ကျမကတော့ ဒီကိုဗစ်ကာလကြားထဲမှာ ဆန္ဒမဲထွက်ပေးကြတဲ့ ပြည်သူတရပ်လုံးကို ကျေးဇူးတင်ပါတယ်။ ကိုဗစ် ကာလ ကြားမှာပဲ ရွေးကောက်ပွဲက အောင်အောင်မြင်မြင် အေးအေးဆေးဆေးပြီးမြောက်သွားတာကို ကျမ ဝမ်းသာလှပါတယ်။ နောက်တခုက ရွေးကောက်ခံ ကိုယ်စားလှယ်တွေကိုလည်း ကျမတို့က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါတယ်လို့ ပြောချင်ပါ တယ်။
ကျမတို့က နိုင်ငံရေးပါတီ တည်ထောင်ထားတာ တနှစ်သားပဲ ရှိသေးတာဆိုတော့ ပါတီတည်ဆောက်ရေးတွေ ဆက်လုပ်ရ ဦးမယ်။ နိုင်ငံရေးပါတီသဘောကတော့ မူဝါဒအားဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်တာ။ ဒါတွေ အကောင်အထည် ဖော်ခွင့်ရတော့ ကျမတို့က ရွေးကောက်ပွဲဝင်ရမယ်။ နောက်ပြည်သူလူထုက ရွေးချယ် ပြီးမှ ကျမတို့က လွှတ်တော်ထဲမှာ စပြီး အလုပ်လုပ်လို့ရတာပေါ့။ ကျမက အဲဒါတွေပဲ တစိုက်မတ်မတ် လုပ်သွားမှာပါ။
ကျမ မြေပြင်ဆင်းခြင်းအားဖြင့် တွေ့တာကတော့ မရမ်းကုန်းမြို့နယ်မှာတော့ နွမ်းပါးတဲ့ မိသားစုတွေ များတယ်။ သူတို့ နေရတာက အမှိုက်တွေ သိပ်များတယ်။ အဲဒီတော့ အမှိုက်သိမ်းစနစ်၊ အမှိုက်စွန့်ပစ်တဲ့ စနစ်တွေကို သေချာ လုပ်ရမယ်။ နောက်ရေစီးရေလာမကောင်းလို့ မြောင်းတွေပိတ်ဆို့ပြီးတော့ ရေဆိုးတွေ အိမ်ထဲဝင်တဲ့ ကိစ္စ အထိကို ဒါတွေအများကြီး တွေ့ခဲ့တယ်။ တွေ့ခဲ့တော့ ဒါတွေက အစိုးရတရပ်အနေနဲ့ လုပ်ဆောင်ပေး သင့်တာတွေပေါ့။
ကျမတို့က ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ နိုင်ငံရေးပါတီတရပ်အနေနဲ့တော့ ကျမတို့က နိုင်ငံရေးပါတီက လုပ်သင့်တာ တွေ အကုန်လုပ်သွားမှာပါ။
ဒေါ်အိသဉ္ဇာမောင်
(ပန်းဘဲတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ ယှဉ်ပြိုင်ခဲ့သူ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
ကျမ ပန်းပဲတန်းမှာ နောက်ဆုံး လှည့်လည်ခဲ့တဲ့နေ့မှာ ကျမပြောပြီးသွားပြီ ပန်းပဲတန်းမှာ ကျမ နိုင်ငံရေးအရ အများကြီး နိုင်သွားပြီလို့ ပြောခဲ့တယ်။ လူထုထောက်ခံမှုလည်း ရခဲ့တယ်။ အဲဒီလိုပဲ ကျမအနေနဲ့ လုပ်စရာတွေ အများကြီးရှိလာတယ်။
နောက်ရွေးကောက်ပွဲဆိုတာကတော့ နိုင်ငံရေးပါတီတွေက သူဖြတ်သန်းရမယ့် လုပ်ငန်းစဉ်တခုမို့ ဖြတ်တာလေ။ ဒါပေမယ့် နိုင်ငံရေးလုပ်ငန်းတွေကျတော့ ရွေးကောက်ပွဲတင်မဟုတ်ဘူး။ တခြားလုပ်ရမယ့် လုပ်ငန်းတွေ အများကြီး ရှိသေးတယ် ဆိုတော့ ဒီရွေးကောက်ပွဲရဲ့ရလာဒ်က ဘယ်လိုပဲ ထွက်လာ၊ ထွက်လာ ကျမရှေ့ဆက် သွားမယ့် လုပ်ငန်းတွေမှာ ဘယ်လိုမှ အတားအဆီးဖြစ်မှာမဟုတ်ဘူး။
ကျမလွှတ်တော်ထဲ မရောက်ပေမယ့်လည်း လွှတ်တော်ပြင်ပကနေ လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိပါတယ်။ ကျမတို့ ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းအရင်း ၈ ချက်ရှိတယ်။ အဲဒီအထဲမှာ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေး ပေါင်း စပ်ဖို့ ပါတယ်။ ကျမတို့က ဝင်မသွားဘူးဆိုပေမယ့် ကျမတို့ မဟာမိတ်တွေ အများကြီးက လွှတ်တော်အတွင်း ဝင်သွား တယ်။
အနိုင်ရသွားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အဓိကကတော့ သူ့လွှတ်တော်ကဏ္ဍနဲ့ သူ လုပ်ရင်တော့ အကောင်းဆုံးပေါ့။ အခုဆိုရင် ရခိုင်နဲ့ပတ်သက်ပြီး ပြည်တွင်းစစ်ဖြစ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ဒါမျိုး တွေနဲ့ ပတ်သက်ပြီး အသံအကျယ်ကြီး ထွက်ဖို့ မျှော်လင့်တယ်။ ဘာလို့ဆို ဒါကျမအသံထွက်ပေးချင်တဲ့ ကိစ္စ တွေ ဖြစ်တယ်။ ပန်းပဲတန်းမှာ ရှိတဲ့ ပြည်သူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ဥပဒေတို့၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့တို့၊ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး သူဆက်ပြီး လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးမိုးရန်နိုင်
(ခင်ဦး အမှတ် ၂ မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သူ တသီးပုဂ္ဂလကိုယ်စားလှယ်)
နိုင်ငံရေးရေချိန်အနေနဲ့တော့ လူထုက အားနည်းသေးတယ် အဲဒီသဘော သွားတွေ့တယ်။ အဲဒီလို အားနည်းတာနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ အဲ့ဒီနိုင်ငံရေးသဘောတရားတွေ လူထုသိလာအောင် လုပ်ဖို့လိုတယ်လို့ မြင်တယ်။
ကျနော် နယ်လှည့်စည်းရုံးရေးမှာ ပြည်သူတွေနဲ့တွေ့တော့ ကျနော်နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျေးရွာမှာ ဖြစ်ပွား အမှုအခင်းပြဿနာတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ နားမလည်တာရှိရင် လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းဆက်ပြီးတော့ သော်လည်းကောင်း အကူအညီတောင်းခံနိုင်ပါတယ်လို့ ပြောထားတယ် ဆိုတော့ အဲဒါကို ဆောင်ရွက်သွားမှာပါ။ ကျန်တဲ့တခုကတော့ ကျနော်က အားတဲ့အချိန်မှာ ကလေးတွေကို အခမဲ့စာသင်ပေးနေတာပါ။
အနိုင်ရကိုယ်စားလှယ်တွေအနေနဲ့ ကျနော်တို့ မြို့နယ်ရဲ့ ဖွံ့ဖြိုးရေးအတွက် ဘက်မလိုက်ပဲ မျှမျှတတ ဆောင်ရွက် ပေးစေချင်တာပါ။နောက်နှစ်မှာ ဆက်ယှဉ်ပြိုင်သွားဖို့ကတော့ လောလောဆယ် စဉ်းစားထားတာမရှိသေးပါဘူး။
You may also like these stories:
ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် SNLD အနိုင်ရ
ဂွနှင့် သံတွဲမြို့နယ်များတွင် NLD မဲပြတ်နိုင်
ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၄ နေရာတွင် NLD အနိုင်ရဟုဆို