ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် မထောရွာမှ မူလတန်းကျောင်းအုပ်ဖြစ်သူ ဦးမြင့်ဇော်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်က အဓမ္မ ဖမ်းဆီးသွားပြီး သားဖြစ်သူအား ၎င်းတို့ထံတွင် စစ်မှုထမ်းရန် ကိစ္စနှင့် ဦးမြင့်ဇော်ကို လဲလှယ်နိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တို ဘာလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖာပွန်ခရိုင် အခြေစိုက် (KNU) တပ်မဟာ (၅) မှ တာဝန်ရှိသူများကမူ ဦးမြင့်ဇော်ကို အဓမ္မ ဖမ်းဆီးခဲ့ခြင်း မရှိဘဲ ၎င်း၏ သားဖြစ်သူ စစ်မှုထမ်းနိုင်ရေးကိစ္စ ပြောဆိုရန် ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် အခြေစိုက် သတင်းဌာနများသို့ ပြောကြားထားသည်။ ထို့နောက်တွင် ဦးမြင့်ဇော်ကိုလည်း ပြန်လွှတ်ပေး လိုက်သည်။
KNU ဘက်က ဖမ်းဆီးထိန်းသိမ်းထားစဉ် မည်ကဲ့သို့ ကြုံတွေ့ရပြီး မည်သည့်ပုံစံဖြင့် ပြန်လည် လွတ်မြောက်လာ သည်ကို သိရှိနိုင်ရန် ကာယကံရှင်ဖြစ်သည့် ဦးမြင့်ဇော်အား ဧရာဝတီသတင်းထောက် ဇင်လင်းထက်က ဆက်သွယ် မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ KNU ဘက်က ဖမ်းသွားတယ်လို့ကြားတယ်။ ဆရာ ဘယ်လိုအဖမ်းခံရတာလဲဆိုတာ ပြောပြ ပေးပါအုံး။
ဖြေ ။ ။ သူတို့က စိတ်ကောက်တဲ့သဘောပေါ့။ ကျနော့်ကို မှာတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က။ ကျနော်ကို ခေါ်ပြီးတွေ့ဆုံတယ်။ သူတို့ရဲ့ ၁၀၂ ရုံးမှာပေါ့။ တွေ့ဆုံပြီး စကားတွေပြောတာပေါ့ ပြောပြီးတော့။ သူတို့ပဲ ပြောတာ များပါတယ်။ ကိုယ်တွေက ဘာမှ ပြောပိုင်ခွင့် သိပ်မရှိဘူး။ နောက်ဆုံးတော့လည်း ကျနော် ပြန်တော့ မယ်ဆိုတော့ သူတို့က ခဏနေဦး၊ ခဏစောင့်ဆိုပြီး စာတစောင်ထုတ်တယ်။ အဲဒီစာကို ကျနော့်ကို ပေးလိုက် တယ်ပေါ့။ စာကတော့ ကျနော့်သား အကြီးကောင် ၁၀ တန်းအောင်တယောက်ကို အောက်တိုဘာ ၂၂ ရက်နေ့ ကျရင် ခေါ်လာပြီး သူတို့ဆီလာအပ်ဖို့ပေါ့။ အဲဒီလိုစာ ၁ စောင်ပေးလိုက်တယ်။ ပြီးတော့ ကျနော်ပြန်လာတယ်။
၂၁ ရက်နေ့ကျတော့ ကျနော် သူတို့ဆီကို သတင်းသွားပို့တယ်။ ကလေး မလာ ဘူးပေါ့။ ခေါ်လို့မရဘူးပေါ့။ အဲဒီလိုပြောလိုက်တယ်။ အဲဒီအခါကျတော့ ကလေးမလွှတ်ဘူး ဆိုတော့လည်း နေခဲ့ရမယ်တဲ့ သူတို့က ပြောတယ်။ မိဘကို ချုပ်မယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလိုနဲ့ ကျနော့်ကို သူတို့တပ်ရင်းကို ခေါ်သွားလိုက်တယ်။
မေး ။ ။ တပ်ရင်းက ဘယ်နေရာလဲ။
ကျနော်တို့ရွာနဲ့ဆိုရင် ဆိုင်ကယ်စီးရင် ၂ နာရီလောက် စီးရတယ်။ သူက တောင်ကျော် ပြီးတော့ ဟိုဘက်အနောက်ဘက်ကို ရောက်သွားတာပေါ့။ ကျနော့်ကို ထားတာတော့ အေးဆေးပါပဲ။ သူတို့ ဘာမှ မလုပ်ခိုင်းပါဘူး။ အိပ်လိုက်၊ စားလိုက်နဲ့ပေါ့။
နောက် ၂၄ ရက်လောက်ကျတော့ ဂိတ် ၁ ဂိတ်မှာ သွားစောင့်ပေးပါဆိုပြီး ပို့လိုက်တယ်။ ၁ ညပေါ့။ နောက် မိုးလင်းလာတော့ သူတို့ပြန်ချိတ်တယ်။ ကျောင်းအုပ်တယောက်ပေါ့။ မထောရွာကပေါ့။ ပြန်ပို့ပေးပါပေါ့။ သူတို့ လာကြိုတယ်။ ကျနော့်ကို ကြိုပြီးတော့ ဘာပြောသလဲဆိုတော့ အခုက မဲကိစ္စအရေးကြီးတယ်။ အဲဒါ နင်ပြန်ရ မယ်ပေါ့။ အဲဒီတော့ ကျနော်လည်း ပြန်ဆိုတော့လည်း ပြန်မယ်ပေါ့။
မဲရုံကိစ္စဘာညာပြီးတော့မှပဲ ပြန်ဆွေးနွေးကြတာပေါ့တဲ့။ အဲဒီလိုမျိုး ကျနော့်ကို သူတို့ပြန်ပြောတယ်။ အဲဒီလိုနဲ့ ကျနော်ပြန်လာလိုက်တာ။ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီမှာ ပြန်ရောက်တာပါ။
မေး ။ ။ သူတို့ဘက်က ဆရာ့ကို ပထမဆုံး ခေါ်ယူဆွေးနွေးတဲ့ အချိန်မှာ ဘယ်လိုအကြောင်းအရာတွေ အဓိက ပြောလဲ။
ဆွေးနွေးတာတော့ သူ့ဘက်ကြီးပဲ သူဆွဲပြောပါတယ်။ သူတို့နိုင်ငံရေးအကြောင်းတွေပေါ့ဗျာ။ သူတို့ကို ကူညီ ပေးရမယ်။ လုပ်ပေးရမယ်။ ဒါတွေပေါ့။ တတ်နိုင်သလောက်တော့ ကျနော်လည်း ရှင်းပြပါတယ်။ ကျနော်လည်း ဝန်ထမ်း ၁ ယောက်ဖြစ်တယ်ပေါ့။ ကျနော့်ကို နားလည်ပေးဖို့ပေါ့။ သူတို့က လုံးဝလက်မခံဘူး။
မေး ။ ။ ဆရာ့ကို ခေါ်ထားတဲ့အချိန်မှာ KNU ဘက်က ရိုက်နှက်၊ နှိပ်စက်တာတွေရှိသလား။
မရှိဘူး။ ဘာမှတော့ မရှိဘူး။ ကျနော့်ကို သူတို့ထားတာတော့ အေးအေးဆေးဆေးပါပဲ။
မေး ။ ။ ဆရာ့ကို ဘာကြောင့်လွှတ်ပေးလိုက်တာလို့ ထင်လဲခင်ဗျ။
ခုနက ကျနော်ပြောပြသလိုပါပဲ။ ကျနော့်ကို လွှတ်လိုက်တယ်ဆိုတာက မြွေမသေ၊ တုတ်မကျိုးပေါ့ဗျာ။ မဲရုံကိစ္စနဲ့ ပြန်လွှတ်ပေးတယ်ပေါ့။ ရွေးကောက်ပွဲပြီးလို့ မဲရုံကိစ္စ ပြီးသွားရင် ပြန်ဆက်သွယ်မယ်ပေါ့။ ပြန်လည်ပြီးတော့ ညှိနှိုင်း ပြောဆိုကြမယ်လို့တော့ ပြောထားပါတယ်။မေး ။ ။ အခုလို KNU ဘက်က ယာယီထိန်းသိမ်းခြင်း ခံရပြီး ပြန်လွတ်လာတဲ့အပေါ်မှာ ဘာပြောချင်လဲ။ ဆရာ့ ခံစားချက် ဘယ်လိုရှိလဲ။
ခံစားချက်ကတော့ စိတ်တော့ ဘယ်ကောင်းမလဲဗျာ။ ကိုယ်လည်း ဝန်ထမ်းတယောက်ပဲ။ မဖြစ်စေချင်ဘူးပေါ့။ ဒါလေးတွေ။ သူတို့အနေနဲ့ ကျနော်တို့ ဝန်ထမ်းမိသားစုတွေကိုလည်း အတတ်နိုင်ဆုံး ကလေးတွေကို စစ်မှုထမ်း ဖို့ ကောက်တဲ့ အထဲမပါဖို့ ဖြစ်စေချင်တယ်ပေါ့။ ကျနော်က အဲဒီရွာမှာ တာဝန်ထမ်းဆောင်နေတာလည်း ကြာပြီ ၁၉၉၉ ခုနှစ်ကတည်းကပေါ့။ မိသားစုလည်း အဲဒီမှာပဲနေတာ။ အခုကတော့ ပြန်လျှော့လိုက်တဲ့ သဘောလား။ ဘာလားတော့မသိဘူး။ ဒီနေ့တော့ သူတို့ဘက်က ဒီည တခေါက်တွေ့ဖို့ ခေါ်ထားသေးတယ်။ ခေါ်ထားတယ် ဆိုတာက ကျနော့်မိသားစုရောပေါ့။ ကျနော့် ညီအကို မောင်နှမတွေရောပေါ့။ ၄ နာရီလောက်မှာ ချိန်းထားတာ ရှိသေးတယ်။ ဘာထပ်ပြောမယ်တော့ မသိသေးဘူး။
ကျနော်ထင်တာတော့ အခုအစိုးရဘက်ကလည်း စာတွေတင်၊ သတင်းတွေလည်း ပျံ့နေတော့ ဖြေလျှော့ပေး လိုက်တဲ့ သဘောလား။ ဒါမှမဟုတ် အခုက ကျနော့်သား အငယ်ကောင် ၁ ယောက်တော့ ရှိသေးတယ်။ သူ့ကို တောင်းဖို့ ခေါ်ပြောတာလား။ လက်မှတ်တွေဘာတွေ ခေါ်ထိုးခိုင်းမှာလား။ တွေးနေရတယ်။ ကျနော့်စိတ်ထင် ပေါ့။ လောလောဆယ်တော့ သူတို့ကခေါ်ထားတာဆိုတော့ ညဘက်လောက်မှ အဖြေသိရမယ်။ သူတို့နဲ့ သွားတွေ့ရဦးမယ်။
မေး ။ ။ အခုလို KNU ဘက်က စစ်မှုထမ်းဖို့အတွက် ခေါ်ယူစုဆောင်းတဲ့ ကိစ္စအပေါ် ဘယ်လိုမြင်လဲ။ ပညာရေးဝန်ထမ်း တယောက်အနေနဲ့ ဘာမှတ်ချက်ပေးချင်လဲ။ လိုအပ်တာရှိလည်း ဖြည့်စွက်ပြောပေးပါ။
ဒါက အဓိကကတော့ ငြိမ်းချမ်းရေးပေါ့ဗျာ။ ငြိမ်းချမ်းရေး မဖြစ်နေသရွေ့ကတော့ ဒီအတိုင်းပဲ ဆက်သွား နေမယ်ထင်ပါတယ်။ ကျနော်တို့ဆီမှာကတော့ ဒီလိုပဲ။ အစိုးရကလည်း ဝန်ထမ်းတွေကို လုံခြုံရေး မပေး နိုင်ဘူးပေါ့ဗျာ။ အခုတော့ ကျနော်တို့က နီးရာ ဓားကို ကြောက်နေရတာပေါ့။ သူများလုပ်ရင် ခံနေရတယ်။ ပြည်သူလူထုတွေ တော်တော်လေး ဒုက္ခရောက်နေပါတယ်။ အခုက ရောဂါက တမျိုး။ သူတို့ စစ်သားကောက် နေတာက တမျိုးပေါ့။ စိတ်တော့ မကောင်းဘူးပေါ့။ ဒီကိစ္စမျိုးက စိတ်ဆင်းရဲရတာပေါ့။
You may also like these stories:
မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ
ANP ပါတီ အောင်နိုင်ရေးသင်္ဘော သံတွဲနှင့် ဂွမြို့တို့၌ ကမ်းကပ်ခွင့် မရ
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင် ၄ မြို့နယ်ကိစ္စ ပြန်သုံးသပ်ရန် ပြည်ထောင်စုသို့ တင်