ချဲ ရောင်းတာကို အကြောင်းပြပြီး ပြန်ပေးဆွဲနေသလို ဖြစ်နေတယ်

ဆက်ပိုင်တိုး
၁၀ ရက်ကြာ ဖမ်းဆီးရိုက်နှက်ခံရသည့် အမျိုးသမီး / ဆက်ပိုင်တိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က မိုးကုတ်မြို့နေ လုပ်ငန်းရှင်များကို ပြန်ပေးဆွဲ ငွေတောင်းသည့် ဖြစ်စဉ်များ ယခုနှစ်အတွင်း ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့သည်။

ငွေတောင်းခံရသူ အများစုသည် အသက်အန္တရာယ် စိုးရိမ်မှုနှင့် ထပ်မံ ဖမ်းဆီးခံရမည်ကို ကြောက်ကြသဖြင့် မီဒီယာပေါ်မှာ မဖော်ပြလိုကြပြီး တိုးတိုးတိတ်တိတ်သာ ဖြေရှင်းနေကြသည်။ မြို့ခံလုပ်ငန်းရှင်တချို့လည်း မိုးကုတ်မြို့ကနေ တခြား ဒေသများသို့ ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။

သို့သော် မိုးကုတ်မြို့မှာ ယခုလို ပြန်ပေးဆွဲ ငွေတောင်းခံမှုများ ထပ်မံမဖြစ်ပွားစေလိုတော့သည့် ဒေါ်ခင်မြင့်ဌေးက သူမ၏ အသက်အန္တရာယ်ကို စိုးရိမ်နေရသည့်ကြားက ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်ကို ဧရာဝတီ သတင်းဌာနကို ဖွင့်ဟပြောဆိုဖို့ ဆုံးဖြတ်ခဲ့သည်။

ဒေါ်ခင်မြင့်ဌေးသည် ပြီးခဲ့သည် အောက်တိုဘာ ၁၇ ရက်ကနေ၂၆ ရက်အထိ ၁၀ ရက်ကြာ ဖမ်းဆီး ရိုက်နှက်ခံထားခဲ့ရပြီး ငွေကျပ်သိန်း ၆၅၀ ဖြင့် ပြန်လည် ရွေးယူစေခဲ့သည်။

ဒေါ်ခင်မြင့်ဌေးကို နေအိမ်မှ လာရောက် ခေါ်ယူစဉ်က အသက် ၈၅ နှစ် အရွယ် မိခင်ရှေ့မှာ သေနတ်ဖြင့်ထောက်၍ ခေါ်ယူ ခဲ့ခြင်းကြောင့် မိခင်မှာ ယင်းနေ့မှ စပြီး ကျန်းမာရေး ထိခိုက်လာကာ ဒီဇင်ဘာလ ၄ ရက် ယခု အင်တာဗျူးကို ဖြေဆိုပေးခဲ့ သည့်နေ့မှာပင် ဆုံးပါးသွားခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၄ ရက်တွင် မိုးကုတ်မြို့၏ မျက်နှာဖုံး သူဌေးတဦးဖြစ်သည့် စံပြမုန့်တိုက်နှင့် ကျောက်မျက်လုပ်ငန်း ရှင်ကြီး ဦးကျော်ဝင်း ကို မနက် ၉ နာရီက လက်နက်ကိုင် လူတစုက နေအိမ်မှ လာရောက် ခေါ်ဆောင်သွားသည့် ဖြစ်စဉ် ကြောင့် မြို့ခံ အားလုံး စိုးရိမ်ကြောက်လန့်မှုများဖြင့် နေထိုင်နေကြရသည်။

၁၀ ရက်ကြာ ဖမ်းဆီးရိုက်နှက်ခံရသည့် အမျိုးသမီး (ဓာတ်ပုံ-ဆက်ပိုင်တိုး/ဧရာဝတီ)

မိုးကုတ်မြို့ နေအိမ်မှနေ မြို့နှင့် ၁၃ မိုင်ကျော် ဝေးကွာသည့် မိုးကုတ်-မိုးမိတ် နယ်စပ်ဘက်သို့ ခေါ်ဆောင်သွားခြင်းခံရသည့် ဒေါ်ခင်မြင့်ဌေး သည် သူမ၏ ဖြစ်စဉ်များကို ယခုလို ဖြေကြားပေးခဲ့သဖြင့် သတင်းထောက် ဆက်ပိုင်တိုးက မေးမြန်းထားသည်။

မေး။ ။ အိမ်မှာ ဘယ်လို ပုံစံနဲ့ လာခေါ်ခဲ့တာလဲ။

ဖြေ။ ။ လူ ၄ ယောက် ကားနဲ့ သုံးလုံးထီ(ချဲ) ထိုးချင်လို့ပါ ဆိုပြီး အိမ်ရောက်လာတယ်။ အိမ်ထဲရောက်တော့ ဒေါ်လေးကို သူတို့နဲ့ ခဏ အပြင်လိုက်ခဲ့ဖို့ ခေါ်တယ်။ ရှင်တို့က ရဲတွေလား မေးတော့၊ သေနတ်ထုတ်ပြီး အိမ်က မိသားစုတွေကို ချိန် လိုက်တယ်။ အဲဒါနဲ့ လိုက်သွားခဲ့ရတာ။ ခေါ်တုန်းကတော့ ညှိစရာရှိလို့ ခဏလို့ ပြောခေါ်ခဲ့တာ။

မေး။ ။ ဘယ်ကိုခေါ်သွားတာလဲ သူတို့က။

ဖြေ။ ။ မိုးမိတ်အစပ်က အံ့ဖွယ်တောင်ခြေမှာရှိတဲ့ ရွှေညောင်ပင်ဆိုတဲ့ ရွာကို ခေါ်သွားတာ။ ဒီကနေ ၁၀ နာရီလောက်က ခေါ်သွားတာ ဟိုကို ၅ နာရီလောက်မှာ ရောက်တယ်။ ရွာမှာတော့ ယူနီဖောင်းနဲ့ သေနတ်ကိုင်ထားတဲ့ သူတို့တပ်ဖွဲ့ ၁၀၀ လောက်တော့ ရှိမယ်။

မေး။ ။ ခေါင်းဆောင်က ဘာကြောင့် ခေါ်တွေ့တယ်လို့ တွေ့တွေ့ချင်း ပြောသလဲ။

ဖြေ။ ။ ချဲရောင်းလို့ပေါ့။ လောင်းကစား လုပ်လို့ပေါ့နော်။ ဒိုင် လုပ်လို့ ဆိုပြီး သိန်း ၆၅၀ တောင်းတယ်။ အဲဒီလောက် ငွေ ပမာဏကြီးက မတတ်နိုင်ဘူးလို့ တောင်းပန်တာပေါ့နော်။ ဒိုင်လည်း မဟုတ်ပါဘူး ရောင်းစားတာပါပေါ့။ ချမ်းသာတဲ့ သူ လည်း မဟုတ်ဘူးလို့ တောင်းပန်တယ်။ မရဘူး။

ဒါနဲ့ ညှိရင်း ညှိရင်း သိန်း ၅၀၀ အထိ ရောက်လာတယ်။ အိမ်မှာက ကလေးတွေပဲ ကျန်ခဲ့တာ။ သူတို့လေးတွေကလည်း ၅၀၀ မရှာနိုင်ဘူးလေ။ အဲဒါနဲ့ ၆ ရက်မြောက်နေ့လည်း ကျရော ဒေါ်လေးကို ကြိုး စတုပ်တော့တာပဲ။ ၅၀၀ လာမပို့ရင် ခြေ ထောက်က စရိုက်မယ် ဆိုပြီး အဲဒီနေ့က ခြေထောက်ကို စရိုက်တယ်။ နောက်ညှိမရတော့ ပေါင်တို့ တင်ပါးတို့ကို ထပ်ရိုက် တယ်။ နောက်ရက်တော့ ကိုယ်တွေ ကျောတွေကို ထပ်ရိုက်တယ်။

ရိုက်တဲ့ကလေးတွေက ကိုယ့်သားအရွယ်လေးတွေ။ နာလွန်းတော့ မခံနိုင်တာနဲ့ ဒေါ်လေးကို သားတို့ ရုံးချုပ်ကိုသာ ခေါ် သွားပါတော့။ ငွေမပေးနိုင်လို့ ထောင်ချရင်လည်းခံပါ့မယ်လို့ တောင်းပန်လည်း မရဘူး။ နောက်ရက်တော့ မျက်နှာကို ထပ် ရိုက်မယ်ဆိုတော့ သိန်း ၃၄၀ နဲ့ သားက အိမ်ပေါင်ပြီး လာရွေးခဲ့တာပါ။

မေး။ ။ ဒီငွေက တနှစ်စာလို့ ပြောတာလား။ နှစ်စဉ် ပေးရမယ်လို့ ပြောလား။

ဖြေ။ ။ အဲဒီလိုလည်း မပြောဘူး။ ဖြစ်စဉ်အရဆိုရင် ချဲရောင်းတဲ့ ပြစ်ဒဏ်နဲ့ မထိုက်တန်ဘူး။ ပြန်ပေးဆွဲသလိုမျိုး ဖြစ်နေ တယ်။ ချဲ နောက်တခါ ရောင်းဦးမလားလို့ မေးမေးပြီး ရိုက်တာမျိုး မဟုတ်ဘူး။ ပိုက်ဆံ ဘယ်လိုပေးမလဲ၊ ဘယ်တော့ပေး မလဲ၊ တခြားဘာမှ စောဒက မတက်နဲ့။ ဒါပဲ ဖြေ။ ဒါပဲဖြေ ဆိုပြီး ပြော ပြောပြီး ရိုက်တာ။ ချဲ ရောင်းတာကို အကြောင်းပြပြီး ပြန်ပေးဆွဲနေသလို ဖြစ်နေတယ်။

မေး။ ။ ဒီဖြစ်စဉ်ကြောင့် ဒေါ်လေးရဲ့ လုပ်ငန်းကို ရပ်လိုက်ပြီလား။

ဖြေ။ ။ ကိုဗစ်ပြီးရင်တော့ မရောင်းတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ မိုးကုတ်မှာ စီးပွားရေးက အကုန် ကျပ်နေကြတာ။ ဒေါ်လေး အမျိုးသားက ဆုံးသွားတာကြာပြီ ဆိုတော့ သားသမီး ၅ ယောက်ကို ဒီလုပ်ငန်းလေးနဲ့ မွေးလာကျွေးလာတာ။ အခုတော့ အကြွေးတွေ ပတ်လည်ဝိုင်းသွားတာပေါ့နော်။

မေး။ ။ နောက်လူတွေ ထပ်မဖြစ်ဖို့၊ ပ ပျောက်ဖို့ဆို ဘာတွေ လိုအပ်တယ်လို့ ထင်မြင်မိလဲ။

ဖြေ။ ။ လုံခြုံရေးအပိုင်း လိုမယ် ထင်တယ်။ လောလောဆယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ အဓိက ဖြစ်နေတာပေါ့နော်။ အခုတော့ အိမ်တံခါးတောင် ဖွင့်ပြီး မနေရဲတော့ဘူး။ စိုးရိမ်ကြောင့်ကြစိတ်တွေ များနေတာပေါ့။ အိမ်ပြန်ရောက်စက ဆိုရင် ထမင်းလည်း မစားနိုင်ဘူး၊ အိပ်လည်း မအိပ်နိုင်တော့ဘူး။ စိတ်ဓာတ်ကိုလည်း မနည်း ပြန်ထူထောင်နေရတယ်။ ဒီကြားထဲ တချို့လူတွေက အဲဒီ အိမ်နဲ့ သွားမပတ်သက်နဲ့ ပလောင်တွေ ဆွဲစိထားတာ၊ သွားပတ်သက်တဲ့ သူတွေပါ ဆွဲစိခံနေရမယ် နော်လို့ ပြောဆို ခံရသေးတယ်။

၁၀ ရက်ကြာ ဖမ်းဆီးရိုက်နှက်ခံရသည့် အမျိုးသမီး (ဓာတ်ပုံ-ဆက်ပိုင်တိုး/ဧရာဝတီ)

မေး။ ။ ဒီဖြစ်စဉ်ကြောင့် မြို့ကို ဘယ်လို ထိခိုက်လာမယ်လို့ ယူဆလဲ။

ဖြေ။ ။ ဆိုးလာနိုင်တယ်။ မိုးကုတ်မြို့က သူတို့ နယ်ပေါ့နော်။ မိုးကုတ်ကိုလည်း ရအောင် သိမ်းမယ်ပေါ့။ သူတို့နယ် ဖြစ် အောင်လုပ်မယ် လို့တော့ ဒေါ်လေးကို ပြောတယ်။

မေး။ ။ အခုလို ငွေပေးရတာ ပထမဆုံး အကြိမ်လား။ လာမခေါ်ခင်ကရော စာပို့ အကြောင်းကြားတာရှိလား။

ဖြေ။ ။ ဟုတ်တယ်။ အရင်က မတောင်းဖူးဘူး။ ကြိုတင် စာပို့တာလည်း မရှိဘူး။ လွန်ခဲ့တဲ့ ၄ လလောက်ကတော့ ဒေါ်လေး တို့လို ချဲရောင်းတဲ့ တယောက်ကို ခေါ်သွားတာတော့ ရှိတယ်။ သူလည်း ငွေပေးလိုက်ရတယ်။ ရိုက်တော့ အရိုက်မခံခဲ့ရဘူး တဲ့။

မေး။ ။ သူတို့ဆီမှာ ၁၀ ရက်နေခဲ့တုန်းက ထမင်းရော ပုံမှန်ကျွေးလား။ တခြား တိုက်ခိုက်တဲ့ အပြောအဆိုတွေရော သုံးနှုန်း ပြောဆိုတာမျိုး ရှိလား။

ဖြေ။ ။ ထမင်းတော့ နပ်မှန်ပါတယ်။ သူတို့ စစ်ကြောင်းရောက်ရာ ရွာတွေမှာ ကြက်ရတဲ့နေ့ ကြက်သားနဲ့ ကျွေးတယ်။ ကျန်တဲ့နေ့တွေတော့ ဂေါ်ရခါးသီးနဲ့ ဖရုံသီးနဲ့ ကျွေးတယ်။ လူမျိုးရေးနဲ့ ပတ်သက်ရင်တော့ ဒေါ်လေးက ရှမ်းဖြစ်နေတော့ လေ။ နင်တို့ ရှမ်းတွေက ငါတို့ကို နှိမ်တယ်ပေါ့။ ဖိနှိပ်တယ်ဆိုပြီး တိုက်ခိုက်ရေး စစ်သားတွေကတော့ လာလာပြောတယ်။ ဒေါ်လေး ရောက်ခဲ့တဲ့ ရွာတွေမှာဆို ရှမ်းစကားပြောရင် ၁ သိန်း ဒဏ်ရိုက်တယ်။ ဗမာ စကားပြောရင် ၁ သိန်းခွဲ ဒဏ်ရိုက် တယ်။ နေအိမ်တွေမှာ ပလောင် ဝတ်စုံ မပါတဲ့ ဓာတ်ပုံ ချိတ်ထားရင် ၁ သိန်း ဒဏ်တပ်တယ်။

မေး။ ။ ဒီဖြစ်စဉ်တွေက ဘယ်သူတွေမှာ တာဝန်ရှိနေပြီလို့ ယူဆလဲ။

ဖြေ။ ။ မြန်မာပြည်ကြီး မငြိမ်းချမ်းလို့ အဲဒီလို ထင်တာပဲ။ အခွင့်အရေးတွေ တန်းတူ မရှိကြလို့၊ သူတို့စိတ်ထဲမှာလည်း အဲဒီလိုတွေ ထင်နေကြတယ်။ ဒေါ်လေး သူတို့နဲ့ သွားခဲ့ရတဲ့ ရွာတွေမှာဆို ရေမရှိ၊ မီးမရှိနဲ့ တချို့ဆို ကားလမ်း မရှိဘူး။ အားလုံး တန်းတူ ညီမျှလာရင်၊ ငြိမ်းချမ်းသွားရင်တော့ ဒီကိစ္စတွေ ထပ် ဖြစ်မလာတော့ဘူးလို့ ထင်တယ်။

မေး။ ။ အစိုးရ အပိုင်းကရော ဘယ်လို ကူညီပေးဖို့ လိုအပ်နေပြီလို့ ယူဆလဲ။

ဖြေ။ ။ မြို့အင်အားနဲ့ လုံခြုံရေး အင်အားက မလုံလောက်တော့ဘူးလို့ ထင်တာပါပဲ။

မေး။ ။ နောက်ဆုံးနေ့ ပြန်လွတ်လာတော့ ဘာ ကတိတွေ ပေးခဲ့ရလဲ။

ဖြေ။ ။ ပိုက်ဆံပေးတဲ့ နေ့ကတော့ ပြောတယ်။ တိုင်ချင်ရာ တိုင်။ လုပ်ချင်ရာ လုပ်။ မင်းတို့ အခု စစ်တပ်ခေါ်လည်းရတယ်။ မီဒီယာမှာ ဖွင့်ချချင်လည်း ရတယ်။ မကြောက်ဘူးလို့တော့ ပြောတယ်။ ဘာ ကတိမှတော့ မပေးခဲ့ရပေမယ့် သူတို့က လူ စိတ်မရှိဘူး။ သနားညှာတာမှု မရှိတော့ အခုချိန်ထိ ကြောက်နေတုန်းပဲ။ ဒေါ်လေးကို ဘယ်ချိန် ပြန်လာလုပ်ကြဦးမလဲလို့ အမြဲ ကြောက်လန့်ပြီး နေ နေရတယ်။

မေး။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးပါ ခင်ဗျာ။

You may also like these stories:

မိုးကုတ်၌ TNLA စစ်ကြောင်းကို တပ်မတော်က တိုက်ခိုက်

NLD ကိုယ်စားလှယ်လောင်း ကျောက်မဲတွင် ပစ်သတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading