မိုဘိုင်းလ်ဖုန်းတလုံး ထုတ်လုပ်လိုက်ကတည်းက ထည့်သွင်းဖော်ပြရသော International Mobile Equipment Identity (IMEI) နံပါတ်များကို မှတ်ပုံတင်စာရင်းသွင်းခိုင်းရန် စစ်ကောင်စီက ပြင်ဆင်လျက် ရှိသည်။
အဆိုပါ IMEI နံပါတ်သည် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ၏တည်နေရာကို အလွယ်တကူသိရှိနိုင်သလို IMEI နံပါတ်များအား သုံးစွဲသူအမည်၊ မှတ်ပုံတင်နံပါတ်များနှင့်ပါ တွဲပြီး မှတ်ပုံတင်စာရင်း သွင်းလာနိုင်လျှင် အဆိုပါဖုန်းကို မည်သူက သုံးနေပြီး ဘာတွေလုပ်နေသလဲ ဆိုသည်ကို အလွယ်တကူ သိရှိနိုင်မည် ဖြစ်သည်။
ထို့အတွက်ကြောင့် IMEI နံပါတ်သည် သုံးစွဲသူတဦးချင်းစီအပေါ် မည်သို့ ထောက်လှမ်းစုံစမ်းနိုင်သနည်း၊ မည်မျှထိ အရေးပါသနည်းနှင့် စစ်ကောင်စီက ယင်းနည်းလမ်းကို အတင်းအကျပ် လုပ်ဆောင်လာပါက မည်သို့ ပြင်ဆင်ထားသင့် သနည်း စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ အိုင်တီနည်းပညာသုတေသီတဦးဖြစ်သူ ကိုသူရိန် (အမည်လွှဲ) အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ စစ်ကောင်စီက မှတ်ပုံတင်ခိုင်းဖို့ စီစဉ်လာနေတဲ့ မိုဘိုင်းလ်ဖုန်းတွေမှာပါတဲ့ International Mobile Equipment Identity (IMEI) နံပါတ်တွေက ဘယ်လောက်အထိ အရေးပါပါသလဲ။
ဖြေ ။ ။ အလွယ်ပြောရရင်တော့ IMEI နံပါတ်တွေက ကျနော်တို့ လူတွေရဲ့ မှတ်ပုံတင်တွေနဲ့ တူတယ်။ ပတ်စပို့စ် (Passport) လိုမျိုးပေါ့။ ဒါက တခြားနံပါတ်တူတလုံး မရှိသော Identity ဖြစ်တယ်။ ကိုယ်ဝယ်တဲ့ ဖုန်းပဲဖြစ်ဖြစ်၊ အီလက် ထရောနစ် ပစ္စည်းတွေမှာပါတဲ့ အဲဒီနံပါတ်က စက်ရုံတွေကနေ ထုတ်ကိုထုတ်ရတယ်။ အဲဒီ နံပါတ်က ပါကိုပါရတယ်။ မိုဘိုင်းလ်ဖုန်းတွေမှာကတော့ အဓိကပေါ့။
ဘယ်လောက်အထိ အရေးကြီးလဲဆိုတော့ ဥပမာ ပတ်စပို့စ်ကို ကြည့်ပြီးတော့ ဒီလူက ဘယ်ကလဲ၊ ဘယ်နေ့မှာ မွေးသလဲ၊ ဘယ်နိုင်ငံကလဲ၊ ဘယ်ကို သွားမှာလဲဆိုတာကို သိရသလိုမျိုး IMEI ကလည်း အဲဒီလို သဘောမျိုးပဲပေါ့။ IMEI ကို သိထား ရင် ဒီဖုန်းက ဘယ်နေရာမှာ ရှိနေတာလဲ အစရှိသဖြင့် အဲဒီ အချက်အလက်တွေကို လွယ်လွယ်နဲ့သိလို့ရတဲ့ အနေအထား ရှိတယ်။
မေး ။ ။ စစ်ကောင်စီသာ ဖုန်းသုံးစွဲသူတွေရဲ့ IMEI နံပါတ်တွေ ရထားပြီဆိုရင် သုံးစွဲသူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာ လုံခြုံရေးကို ဘယ်လောက်ထိ ချိုးဖောက်လို့ရနိုင်လဲ။
ဖြေ ။ ။ အနည်းဆုံး သူတို့ ဒီဖုန်းတွေရဲ့ နေရာတွေကို ရှာလို့ရမယ်။ အခု စစ်ကောင်စီရဲ့ ဒစ်ဂျစ်တယ်ပေါ်ကနေ စုံစမ်း ထောက်လှမ်းနေတဲ့ခြေလှမ်းကို ကြည့်မယ်ဆိုရင် ဖုန်းနံပါတ်တွေနဲ့ ငွေကြေးကူညီထောက်ပံ့မှု အလွှဲအပြောင်းတွေကို လိုက် ပြီး စောင့်ကြည့်ထောက်လှမ်းနေတာတွေ ရှိတယ်။
ကြားဖြတ်နားထောင်တာမျိုးဆိုရင် ဖုန်းဆင်းမ်ကတ်နံပါတ်ကို သိရင်လည်း လုပ်လို့ရတယ်ပေါ့။ IMEI ကိုသိလို့ တခြားသော စုံစမ်းထောက်လှမ်းနိုင်မယ့် နည်းအသစ် ရသွားတာ၊ နောက်ထပ် Features အသစ် ထပ်ရတာတော့ မဟုတ်ဘူး။ ဥပမာ- ရုပ်ပါမြင်ရမယ့် Features ထပ်တိုးသွားတာမျိုး မဟုတ်ဘူး။ သို့သော် သူတို့ လိုက်ချင်တဲ့လူ၊ ပစ်မှတ်ကို ပိုပြီးတော့ တိတိ ကျကျ လိုက်လို့ရသွားတယ်။ သတင်းအချက်အလက်ကို ပိုပြီးသွားတော့ ရသွားမယ်။ နေရာဆိုရင်လည်း အတိအကျ သိသွားနိုင်တာမျိုးပေါ့။
ကျနော်တို့ ဆင်းမ်ကတ်ကို ဖြုတ်ပြီးတော့၊ ပစ်ခဲ့ပြီးတော့ နောက်ဆင်းမ်ကတ်တခု ထည့်လိုက်လို့ရှိရင်၊ တကယ်လို့ IMEI ကို သိမနေဘူးဆိုရင် သူတို့ ခြေရာခံဖို့အတွက် ခက်ခဲတယ်။ IMEI နံပါတ်ကို သိနေတဲ့အခါမှာကျတော့ ဘယ်ဆင်းမ်ကတ် ကို ဘယ် IMEI နဲ့ထည့်ပြီး သုံးခဲ့တယ် ဆိုတာကို တိုက်စစ်လိုက်လို့ရှိရင် ဆင်းမ်ကတ်ကတော့ ပြောင်းသွားတယ်၊ ဒီပုဂ္ဂိုလ် ကတော့ အတူတူပဲဆိုတာ သိနိုင်တာမျိုးပေါ့။
တကယ်လို့ အဲဒီလိုကို သူတို့ ပစ်မှတ်ထားပြီး စောင့်ကြည့်နေတယ်ဆိုရင် ဒီလူက ဆင်းမ်ကတ်ပြောင်းပြီးတော့ ဒီဖုန်းကို ဆက်ပြီးသုံးနေတယ် ဆိုတာကို သူတို့ သိနေမယ်။ IMEI နံပတ်ကို သူတို့ ရသွားပြီဆိုရင် အစိုးရတခုမှာရှိတဲ့ ထောက်လှမ်း ပစ္စည်းတွေနဲ့မှ မဟုတ်ဘူး။ ဥပမာ- အွန်လိုင်းပေါ်မှာ အလွယ်တကူ download ဆွဲပြီး ယူလို့ရတဲ့ IMEI Tracker App တွေ နဲ့တောင် ကိုယ့်ဖုန်းကို နောက်ယောင်ခံလိုက်လို့ ရသွားမယ်။ အနီးစပ်ဆုံး တည်နေရာကို လိုက်ရှာလို့ ရတယ်။
မေး ။ ။ စစ်ကောင်စီကတော့ IMEI နံပါတ်တွေ မှတ်ပုံတင်ခိုင်းတာက အခွန်ရဖို့၊ တရားမဝင် ဝင်လာနေတဲ့ ဈေးကွက်ကို ထိန်းချုပ်ဖို့ဆိုပြီး အကြောင်းပြတယ်ပေါ့။ အဲဒီအပေါ်ကို အိုင်တီသုတေသီ တယောက်အနေနဲ့ ဘယ်လိုထင်လဲ။
ဖြေ ။ ။ စီးပွားရေးအရ အခွန်ဆောင်စေဖို့ IMEI ကို မှတ်ပုံတင်လုပ်ရမယ်ဆိုတာက ဘယ်လိုမှကို အဓိပ္ပာယ် မရှိဘူး။ ဒီဖုန်းတွေဘာတွေ ဆိုတာကလည်း အကောက်အခွန်တို့ဘာတို့ကို ဖြတ်ပြီးမှ ဈေးကွက်ထဲကို ရောက်လာတာ ဖြစ်တယ်။ ကျနော်တို့ ဖုန်းဆိုင်တခုခုမှာ ဖုန်းသွားဝယ်ရင် အဲဒီဖုန်းမှာ တံဆိပ်ခေါင်းတွေ အများကြီးကပ်ထားတာ တွေ့ရလိမ့်မယ်။ အဲဒါ တွေက အခွန်ဆောင်ထားပြီးဆိုတဲ့ သက်သေတွေပဲလေ။
တရားမဝင် ဈေးကွက်ကတော့ ရှိတာတော့ရှိမှာလေ အနည်းနဲ့အများပေါ့။ ဖုန်းနဲ့ပတ်သက်ပြီးတော့ တရားမဝင်ဈေးကွက် မရှိတဲ့ နိုင်ငံရယ်လို့မှ မရှိတာ။ နယ်စပ်တွေက ဝင်တာတို့ဘာတို့တွေပေါ့။ တဖက်က ကြည့်လိုက်မယ်ဆိုရင် IMEI ကို မှတ်ပုံ တင်ခိုင်းခြင်းအားဖြင့် အခွန်တိုးကောက်လို့လည်း မရသလို၊ အခွန်ကောက်သော စနစ်ကြီးကိုလည်း ပိုမိုကောင်းမွန်လာ အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အခုအခြေအနေမှာက သူတို့ ဖုန်းတွေ ကြားဖြတ်နားထောင်တွေ ရှိတယ်။ အဲဒီဖုန်းတွေ ကတဆင့် ပြည်သူတွေကို လိုက်ပြီးဖမ်းဆီးတာတွေ၊ အိမ်တွေကို လိုက်ပြီးတော့ ချိတ်ပိတ်တာတွေ လုပ်နေတာမျိုး ရှိတယ်။ တဖက်မှာက ကိုယ့်ဆင်းမ်ကတ်ကို ထုတ်ပြီးတော့ တခြားဆင်းမ်ကတ်ကို သုံးမယ်ဆိုရင် သူတို့ဘက်က လိုက်ပြီးခြေရာခံရ တာမှာ အခက်အခဲတွေ ရှိတဲ့ပုံစံမျိုး ယူဆရတယ်။
ဆင်းမ်ကတ်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့တချိန်ထဲမှာပဲ သူတို့ရဲ့ နောက်ယောင်ခံလိုက်ပြီး ထောက်လှမ်းနိုင်မယ့် စွမ်းရည်ကို ပိုပြီးတော့ကောင်းလာအောင် မြှင့်တင်တဲ့အနေနဲ့ မိုဘိုင်းလ်ဖုန်းတွေကိုပါ ထိန်းချုပ်လာတဲ့သဘောလို့ ပြောလို့ရ တယ်။ အခုလောလောဆယ်ဆိုရင် တယ်လီကွန်းအော်ပရေတာ ၄ ခု ရှိတယ်။ ၃ ခုလောက်က သူတို့ ထိန်းချုပ်နိုင်စွမ်း ရှိ တယ်။ စစ်ကောင်စီ လက်ထဲမှာလို့ ပြောရင်လည်း ရတယ်ပေါ့။ အဲဒီတော့ ဆင်းမ်ကတ်တွေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု တွေက သူတို့ ထိန်းချုပ်လာနိုင်တဲ့ အခြေအနေတွေ အများကြီးရှိတယ်။ အဲဒီအချိန်မှာ သူတို့အတွက် တခုလွတ်နေတာက ဒီမိုဘိုင်းလ်ဖုန်းတွေပေါ့။ အခုခြေလှမ်းက ဒီပစ္စည်းတွေကိုပါ သူတို့ ထိန်းချုပ်ဖို့ ကြိုးစားလာနေတဲ့သဘောလို့ ပြောလို့ရ တယ်။
မေး ။ ။ သူတို့ဘက်ကလည်း ပိုပြီးထိန်းချုပ်လာနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားလာမှာပဲဆိုတော့ အဲဒီလို အခြေအနေတွေ ကို သုံးစွဲသူတွေဘက်ကရော ဘယ်လို ကာကွယ်လို့ရမလဲ၊ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။
ဖြေ ။ ။ ဒီနေရာမှာ ကျနော်တို့ ပြောနိုင်တာကတော့ သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ Risk (အန္တရာယ်) ကို ကိုယ်ပြန်ပြီး တော့ စိစစ်ထားဖို့ လိုမယ်။ စစ်ကောင်စီဘက်က ဒါမျိုးတွေလုပ်လာလို့ ဒီနံပါတ်ရသွားလို့လည်း အလွန်ကြောက်စရာ မလို ဘူး။ ဘာကြောင့်လဲဆိုရင် ဥပမာ- IMEI ကို သူတို့ မှတ်ပုံတင်ခိုင်းမယ်၊ အချက်အလက် ကောက်မယ်ပေါ့။ IMEI ပေါင်း သန်း ၁၀၀ ရတယ်ဆိုပါစို့။ သူတို့အနေနဲ့ သန်း ၁၀၀ လောက်ကို တပြိုင်တည်း ထောက်လှမ်းနေနိုင်ဖို့ Real Time မှာ မလုပ်နိုင်ဘူး။ စစ်ကောင်စီရဲ့ လက်ရှိ ရှိနေတဲ့ လုပ်ဆောင်နိုင်စွမ်းအရရော၊ နည်းပညာအရရော၊ အမျှော်အမြင် အရရောပေါ့။ ဒါကတော့ တချက်။
ဒါပေမဲ့ ကျနော်တို့ ကိုယ့်ရဲ့လုံခြုံရေးကိုတော့ ကိုယ့်ရဲ့ Risk က ဘယ်လောက်ရှိလဲ၊ သူတို့က ကိုယ့်အပေါ် ဘယ်လောက် အထိ ပစ်မှတ်ထားလာနိုင်လဲ၊ ကိုယ်က ဘယ်လောက်အထိ Risk များတဲ့အထဲမှာ ပါလဲပေါ့။ နောက်ပြီးတော့ ကိုယ့်ရဲ့ ဒစ် ဂျစ်တယ်နဲ့ ပတ်သက်တဲ့ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တွေ။ ဥပမာ- ရိုးရိုးဖုန်းကနေ ခဏခဏ ခေါ်ဖြစ်လား၊ App အပေါ်က ပိုခေါ်ဖြစ်လားပေါ့။ ဒါတွေ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဖို့ လိုမယ်ပေါ့။ ရိုးရိုးဖုန်းကနေ ခေါ်ဖြစ်နေတာ များတယ်ဆိုရင် အင်တာနက်သုံးပြီး App ကနေပဲ အဆက်အသွယ် လုပ်တာမျိုးကို ပိုလုပ်သင့်တယ်။
ပြီးတော့ ဖုန်းတွေကိုလည်း IMEI မှတ်ပုံတင်တာကို သူတို့ဘက်က ကြပ်ကြပ်မတ်မတ် လုပ်လာမယ်ဆိုရင် ကျနော် ထင်ပါ တယ်။ IMEI မှတ်ပုံတင်ထားတာက ဈေးတမျိုးတို့၊ မလုပ်ရသေးတာက ဈေးတမျိုးတို့ဆိုပြီး အဲဒီလိုဈေးကွက်တွေ ပေါ်လာ လိမ့်မယ်။ အခုလောလောဆယ်မှာ ကျနော်တို့ ဖုန်းတွေက IMEI ပေးထားတာ မရှိသေးတဲ့အတွက် အဲဒီလိုလုပ်ရပ်တွေ မလာခင် ဖုန်းအပိုလေးတွေဖြစ်ဖြစ် ရအောင်လုပ်ထားလိုက်၊ ဝယ်ထားလိုက်ပေါ့။ ဒါကတော့ လက်တွေ့အကျဆုံး ဖြစ်မယ် လို့ ကျနော်ထင်တယ်။ နောက်တခုက ဘယ် Device ထဲမှာ ဘယ်လို အချက်အလက်မျိုးတွေ၊ ဘာတွေ သိမ်းဆည်းထား မလဲ ဆိုတာမျိုးတွေလည်း စီစဉ်ထားသင့်တယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက ဒီလို ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းတဲ့ နိုင်ငံတွေဆိုရင်လည်း အများစုက အာဏာရှင်နိုင်ငံတွေ ဖြစ်နေတာပေါ့။ ဥပမာ- တူရကီ၊ လက်ဘနွန်၊ အီရန်၊ ပါကစ္စတန် အစရှိသဖြင့်ပေါ့။ အခု စစ်ကောင်စီကလည်း ဒီခြေလှမ်းစလာတဲ့အပေါ် ဘာများပြောချင်လဲ။
ဖြေ ။ ။ မှန်ပါတယ် အဲဒီအခြေအနေက။ IMEI နံပါတ်ကို မှတ်ပုံတင်ခိုင်းသော နိုင်ငံတွေကို ကြည့်မယ်ဆိုရင် အာဏာရှင် နိုင်ငံတွေနဲ့ အာဏာရှင်ဆန်သော နိုင်ငံတွေမှာပဲ လုပ်တာအများဆုံးပေါ့။ ဥပမာ- တူရကီဆိုရင် ကိုယ်က နိုင်ငံခြားဖုန်း ဝယ် လာရင်တောင် IMEI ကို သူတို့ လေဆိပ်ရောက်တာနဲ့ မှတ်ပုံတင်ရတယ်။ အဲဒီတော့ စစ်ကောင်စီ လုပ်လာတာကလည်း တမူထူးခြားသော ပေါ်လစီမဟုတ်ဘူး။ အာဏာရှင်တွေ၊ ပြည်သူကို ဖိနှိပ်တတ်သော အစိုးရရှိတဲ့နိုင်ငံတွေမှာ လုပ်တဲ့လုပ် ရပ် ဖြစ်တယ်။
သူတို့အနေနဲ့ဆိုရင် ထွေထွေထူးထူး အားစိုက်လာရတာမျိုး မဟုတ်ဘူး။ တခြားလူတွေ၊ အရှေ့ကလူတွေ လုပ်ခဲ့ပြီးသား ပုံစံတွေပဲပေါ့။ သူတို့အနေနဲ့ဆိုရင် အဲဒါတွေဆီက လေ့လာဖို့အတွက် အရင်းအမြစ်တွေ အများကြီး ရှိနေပြီးသားပေါ့။ သုံးစွဲ သူတွေ ဘက်ကတော့ ဒီလိုအခြေအနေတွေ ဖြစ်လာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့လုံခြုံရေးကို ပိုပြီးတော့ အားစိုက်ထုတ်ရမယ်လို့ တော့ ကျနော် အကြံပေးချင်တယ်။