အမေရိကန်အစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၇ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းမှာဆိုရင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)တွေကို နည်းပညာနဲ့ လက်နက်မဟုတ်တဲ့ အကူအညီပေးဖို့တွေ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ခဲယမ်း ရောင်းဝယ်မှုတွေကို ထိန်းချုပ်ကန့်သတ်ဖို့နဲ့ စီးပွားရေး ထောက်တိုင်တွေကို ပိတ်ဆို့ အရေးယူရေး လုပ်ငန်းစဉ်တွေလည်း ထည့်သွင်းထားပါတယ်။
လက်ရှိမှာ NDAA ဥပဒေကြမ်းအနေနဲ့ အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပေမယ့် အထက်လွှတ်တော် မှာ ထပ်မံ မဲခွဲအတည်ပြုဖို့ လိုအပ်နေပါသေးတယ်။ အကယ်၍ အထက်လွှတ်တော်ကပါ မဲခွဲအတည်ပြုနိုင်ပြီး အမေရိကန်သမ္မတ လက်မှတ်ရေးထိုးပြီးပါက ဥပဒေတရပ်အနေနဲ့ ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ NDAA ဥပဒေမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EAOs) ဟူ၍ နာမည်တပ်ကာ ရေးသားဖော်ပြခဲ့သလို ကူညီထောက်ပံ့မှုတွေ၊ လူသားချင်း စာနာမှုအကူအညီပေးမယ့် အစီအစဉ်တွေ ပါဝင်လာတဲ့အတွက် လက်တွေ့အကောင်အထည်ပေါ်လာပါက စစ်အာဏာရှင်ဖြုတ်ချရေး ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် အထောက်အကူပြုမယ်လို့ အများက ယူဆထားကြပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်အာဏာရှင်တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတို့ရဲ့ NDAA ဥပဒေနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
ဦးကျော်ဇော (NUG သမ္မတရုံး ပြောခွင့်ရှိသူ)
အင်မတန်အပေါင်းလက္ခဏာရှိတဲ့ ဥပဒေကြမ်းပါ၊ ဒီဟာက ဥပဒေဖြစ်သွားတဲ့အခါကြရင် တော်လှန်ရေးအတွက် တော်တော်လေး အထောက်အကူဖြစ်မယ့် ဥပဒေပါ။ ဒုက္ခရောက်နေတဲ့ လူထုကိုလည်း ကူညီဖို့ကလည်း စစ်တပ်ကနေမသွားဘဲ တခြားလမ်းကြောင်းတွေ ရှာမယ်ဆိုတာပါတယ်။ နောက်တခုက မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲပြီး မြန်မာစစ်တပ် လက်နက်မရစေဖို့အတွက် ပိတ်ဆို့မှုတွေလုပ်မယ်။ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလမ်းကြောင်းတွေကို ပိတ်ဆို့ရမယ့်ဆိုတဲ့ဟာလည်း ပါတယ်ဆိုတော့ အင်မတန်ကောင်းတယ်။

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် နိုင်ငံရေးအရ ကူညီမယ်၊ လူသားချင်းစာနာမှု အကူအညီတွေပေးမယ်၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို နည်းပညာနဲ့ ကူညီထောက်ပံ့မှုတွေပါမယ်၊ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူဖို့အတွက် ကူညီမယ် စတဲ့ ကဏ္ဍအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါပေမယ့် ဘယ်ကဏ္ဍအတွက် ဘယ်လောက်ဆိုတာတော့ မတွေ့ဘူး၊ ကျနော်တို့တွေ တွဲပြီးလုပ်ရ မယ်။ ဘယ်လောက်အထိ ထိရောက်မလဲဆိုတာကလည်း နောက်ပိုင်းမှာ ချိတ်ဆက်ပြီး ကြည့်ရမယ်၊ ဒါပေမယ့် ဒီဟာက တရားဝင် ဥပဒေ အနေနဲ့ ဒီအချက်တွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေအတွက် ကူညီပေးရမယ်ဆိုတာ ပါလာတဲ့အတွက် အင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ယူကရိန်းရဲ့ အစိတ်အပိုင်းတခုလောက် ကာကွယ်ရေးပိုင်းမှာ ရတယ်ဆိုရင်တော့ တော်လှန်ရေးအရှိန်ကို ပိုပြီးတော့ အထောက်အကူပြုမှာပါ။
စစ်အာဏာရှင်ကျဆုံးဖို့အတွက် အဓိကတော့ ပြည်သူတွေရဲ့ အင်အားပါပဲ။ စစ်အာဏာရှင်ကျဆုံးဖို့အတွက် ယာယီသမ္မတကြီးလည်း နိုင်ငံတကာဆွေးနွေးပွဲတွေမှာ ထည့်သွင်းပြောကြားတာတွေရှိပါတယ်။ လူထုကို အကြမ်းဖက်စစ်တပ်က အကြမ်းဖက်ရက်စက်တာ ကမ်းကုန်နေတဲ့အပြင် တိုးချဲ့ပြီးလုပ်နေတယ်။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ လေကြောင်းရန်ကို ခုခံကာကွယ်ဖို့အတွက် လက်နက် တွေလိုအပ်နေတယ်။ လူထုအင်အားက ရှိနေပြီးသား၊ လက်နက်က ပြည့်ပြည့်စုံစုံမရှိသေးဘူး။ နောက်ပြီး အကြမ်းဖက်စစ်တပ်ကို ပိတ်ဆို့ အရေးယူမှုတွေကလည်း နိုင်ငံပေါင်းစုံက လုပ်ဖို့လိုအပ်တယ်။
ဒေါက်တာထွန်းမြင့်( အမေရိကန်၊ Carleton College နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ)
NDAA ဥပဒေနဲ့ ပတ်သက်လို့ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ PDF တို့၊ EAOs တို့ကို လိုအပ်တဲ့ ပညာရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုတွေ ပေးရမယ်ဆိုတာထည့်ထားတယ်၊ ဘယ်အထိ ပြောထားသလဲဆိုရင် PDF တွေ EAOs တွေအနေနဲ့ လူသတ်ဖြတ်တဲ့ဟာက လွဲလို ကျန်တဲ့ဟာအားလုံးကို Training လေ့ကျင့် သင်ကြားပေးလို့ရတယ်၊ ကာကွယ်ရေးဆိုင်ရာလည်း ပေးလို့ရတယ်၊ ကျန်းမာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာရော၊ အဲဒီဟာက အင်မတန်မှ ကျယ်ပြန့်တဲ့ ဥပဒေထဲက သေးသေးမွှားမွှားလေးတခုပဲ၊ အဲဒီထက် ကျယ်ပြန့်နက်ရှိုင်း တာတွေကအများကြီးရှိတယ်။

လူသားချင်းစာနာမှုကိစ္စတွေမှာ ထောက်ပံ့ရမှာတွေပါတယ်၊ ဆေးဝါးကိစ္စတွေပါတယ်။ ပြည်တွင်းမှာ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ကူညီရမယ်ဆိုတာပါတယ်၊ နောက်တခါ ပြည်ပမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေနဲ့ အခက်အခဲကြုံနေရတဲ့သူတွေကို ကူညီရမယ်ဆိုတာတွေအထိ သဘောဆောင်ပြီး ပါထားတာတွေအများကြီးရှိတယ်။ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီးလည်း အသေးစိတ် အကျယ်တဝင့် ရေးထားတာတွေရှိတယ်။ ပြောရရင် Training တွေလောက်ကို အသေးအမွှားပဲရှိသေးတယ်၊ ဒီထက်ကြီးမားတဲ့ ခြေလှမ်းကို NDAA ဥပဒေက လှမ်းထားတယ်ဆိုတာ တွေ့ရတယ်။
ဒီဥပဒေရဲ့ ဝိဉာဉ်က စစ်ကောင်စီနဲ့ မြန်မာ့တပ်မတော်ကို ဘယ်လိုသတ်မှတ်ထားသလဲဆိုရင် အကြမ်းဖက်အဖွဲ့အစည်းတခု ပုံစံမျိုးအထိ သတ်မှတ်ထားတယ်။ ဒါကို စကားလုံးအရ သုံးမထားပေမယ့် ဥပဒေရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းအသေးစိတ်တွေရယ်၊ အမေရိကန်ရဲ့ ကုလသမဂ္ဂ သံအမတ်ကိုလည်း တိတိကျကျ ဘာလုပ်ရမယ်ဆိုတာ ပြောထားတာရှိတယ်၊ အဲဒီအထဲမှာ မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းများ မရောက်နိုင်ဖို့အတွက် ကမ္ဘာကနေပြီးတော့ ပိတ်ဆို့ရန် လုပ်ငန်းတွေကအစ အသေးစိတ်ရေးထားတာတွေ ရှိတယ်။ ဆိုလိုချင်တာက မြန်မာနိုင်ငံရဲ့ စစ်တပ်ကို ဒီအက်ဥပဒေက တရားမျှတမှုမရှိတဲ့အဖွဲ့တခု၊ ရမ်းကားမိုက်ရိုင်းနေတဲ့အဖွဲ့တခု၊ လူမဆန်တဲ့ အဖွဲ့တခုလို့ သတ်မှတ်တဲ့ ပုံစံရှိတယ်။
ရှင်းရှင်းပြောရရင် ဒီဥပဒေရဲ့ အာနိသင်က ဘယ်လောက်အထိ ပြောထားတဲ့ပုံစံရှိသလဲဆိုရင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ဝင်တွေကို ပညာရေး၊ အကုန်လေ့ကျင့်သင်ကြားမှုတွေ ပေးနိုင်တဲ့ လုပ်ငန်းတွေကို ကူညီရမယ်လို့ပြောထားတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ Training တွေက ဘယ်လို Training တွေလည်းဆိုတာ တွေးကြည့်ရင် ရှင်းတယ်။ အဲလောက်အထိကို ငွေကထောက်ပံ့တော့မယ်လို့ ပြော ထားခြင်းဟာ ဘာကိုဆိုလိုသလဲဆိုရင် စစ်မကြေညာရုံ သာသာပဲ။ ဒါက စစ်ကောင်စီကို ရာဇသံပေးလိုက်တာ၊ နောက်ဆုံးသတိပေးလိုက်တာပဲ။
ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အတွင်းရေးမှူး-၂)
ကျနော်တို့ကတော့ ဒီဥပဒေအပေါ် အထူးတော့ပြောစရာမရှိပါဘူး၊ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်တယ်လို့ပဲ သတ်မှတ်ပါတယ်။ ဒီထက်တောင်မှ ပိုပြီးတော့ အရေးယူပိတ်ဆို့မှုတွေ လုပ်သင့်တာပေါ့၊ ဘာကြောင့်လဲဆိုရင် အခုက စစ်ကောင်စီကို ဆက်ဆံနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကလည်း အများကြီးရှိသေးတယ်။ ကျနော်တို့အနေနဲ့ ဒီထက်ပိုပြီးတော့မှ လုပ်ချင်သေးတယ်။ ပြည်သူလူထု တရပ်လုံးက မလိုလားတဲ့ စစ်အုပ်စုကို အမြန်ဆုံးဖိအားပေးနိုင်တဲ့ နည်းလမ်းတွေကို နိုင်ငံတကာကလည်း ဖိအားပေး ဆောင်ရွက်သင့်ပါတယ်။
အခုလောလောဆယ် သိရသလောက်ကတော့ အမေရိကန်အစိုးရအနေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ PDF တွေ၊ လက်နက်ကိုင်အဖွဲ့ အစည်းတွေကို တိုက်ရိုက်မဟုတ်တောင် အထောက်အပံ့ပြုနိုင်တဲ့ ကူညီမှုတွေ ဆောင်ရွက်သွားမယ်ဆိုတာ အများကြီး ဝမ်းသာပါတယ်၊ ဒါတွေကို တဖက်တလမ်းကနေ ရလာခဲ့ရင် ကျနော်တို့ ပြည်နယ်တခုတည်းတင် စစ် တခုတည်းတင်မကဘဲ စစ်ကြောင့် ဒုက္ခသည်တွေက အများကြီးရှိတယ်။ လူထုရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးလုပ်ချင်တယ်။ ဒါကလည်း နိုင်ငံရေးပိုင်းမှာ ပြေလည်မှပဲ ဆောင်ရွက်သွားလို့ရနိုင်မယ့် အနေအထားရှိတယ်။ အဲဒါကြောင့် အခုလိုမျိုး ဖိအားပေးမှုတခုအနေနဲ့ ပေါ်လာတာ အများကြီးကြိုဆိုတယ်။

လိုအပ်ချက်တွေအနေနဲ့တော့ ဒေသတခုနဲ့တခုကတော့ မတူညီဘူး၊ ကွဲပြားနေကြတယ်၊ ကျနော်တို့လို နေရာမှာတော့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အများကြီးလိုအပ်တာရှိမယ်။ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ ဒါတွေကို ပြန်လည်ထူထောင်ရမှာတွေ အများကြီးရှိတယ်။ တချို့ဒေသတွေမှာ ကျတော့ လူထုရဲ့စိုးရိမ်ကြောင့်ကြမှုတွေ၊ အချိန်မရွေး တရားဥပဒေစိုးမိုးရေး မရှိတဲ့ အောက်မှာနေနေရတဲ့ အခါမှာ ဒီနေ့လား၊ မနက်ဖြန်လားဆိုတဲ့ အသက်ရှင်သန်ပိုင်ခွင့် အခွင့်အရေးတောင် မရှိတော့တဲ့ ဆိုးရွားတဲ့အနေအထားတွေ ရှိတယ်။ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ နိုင်ငံတကာကနေ နည်းမျိုးစုံနဲ့ ကူညီပြီး ဖိအားပေးဆောင်ရွက်တာ ကျေးဇူးတင်ပါတယ်။
သို့သော်လည်း ခက်တာက အနီးကပ်ဆုံး အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ မြောက်ကိုရီးယား ဒီနိုင်ငံတွေက စစ်အုပ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့အခါကျတော့ အာဏာသိမ်းအဖွဲ့ကို ဖိအားပေးရုံသာမက သူနဲ့ အကျိုးတူလုပ်နေတဲ့ နိုင်ငံတွေကိုလည်း ဖိအားပေးဖို့တော့လိုမယ်။ ကျနော်တို့မှာ အဲဒါမျိုး လိုချင်ပါတယ်။
ပဒိုမန်းမန်း(ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ-၅ ပြောခွင့်ရှိသူ)
NDAA ဥပဒေနဲ့ပတ်သက်လို့ အဓိကတော့ ဒီဆုံးဖြတ်ချက်အပေါ်မှာ လက်တွေ့ကျကျ အကောင်အထည်ဖော် ဖို့လည်း အရေးကြီးပါတယ်။ တကယ်လို့သာ လက်တွေ့ကျကျ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ကျနော်တို့ တော်လှန်ရေးအတွက် အားတခုပါပဲ။ပထမတချက်က နိုင်ငံတကာရဲ့ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအပေါ်မှာ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှု ဘယ်လောက်ရှိသလဲဆိုတာ ပြသဖို့လည်း လိုတယ်၊ ရှိဖို့လည်းလိုတယ်။စစ်အာဏာရှင်စနစ်ကို ကျနော်တို့က ညီညီညွတ်ညွတ်နဲ့ အားလုံးက ဝိုင်းဝန်း တော်လှန်နေတယ်ဆိုတဲ့ ပြယုဂ်ကိုတော့ နိုင်ငံတကာမှာ ထင်ထင်ရှားရှားရှိဖို့လိုတယ်။

နိုင်ငံတကာအကူအညီက စစ်လက်နက်မဟုတ်တဲ့ နည်းပညာတွေ၊ တခြားအထောက်အပံ့တွေ ကူညီရုံမကဘဲနဲ့ အကြမ်းဖက်စစ်ကောင်စီဘက်ကို အားပေးတဲ့ ကူညီမှုတွေကိုလည်း နိုင်ငံတကာက မလုပ်ဆောင်ဖို့ လိုပါတယ်။ အထူးသဖြင့် စစ်လေယာဉ်တွေ အသုံးပြုတဲ့ လေယာဉ်ဆီတွေ တင်ပို့ရောင်းချပေးတာတွေ မလုပ်ဖို့လိုပါတယ်။
ကျနော်တို့ရဲ့ တော်လှန်ရေးအပေါ်မှာကို အကူအညီမပေးရင်တောင်မှ စစ်ကောင်စီကို ကူညီမှုမပေးရင် အများကြီး အကျိုးရှိတယ်။ အခုက ကျနော်တို့ကိုပါ ကူညီမှုပေးမယ်ဆိုရင်တော့ ကျနော်တို့အတွက် အားတခု ဖြစ်ပါတယ်။ သို့သော်လည်း အခြားတဖက်မှာလည်း စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေကို အခြားတဖက်ကနေ နိုင်ငံတကာက ကူညီမှုရှိနေမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးက နှောင့်နှေးမှုရှိနေဦးမှာပဲ။ တပြိုင်တည်း ကျနော်တို့ကို ကူညီရုံမကဘဲ စစ်ကောင်စီဘက်ကိုလည်း စစ်ဖက်ဆိုင်ရာ အကူအညီပေးနေတာတွေ နိုင်ငံတကာက ဖြတ်တောက်ဖို့လည်း လိုအပ်နေပါတယ်။
မလွေးပိုးငယ် ( တအာင်း အမျိုးသမီးအဖွဲ့အစည်း(TWO)၊ အကြံပေး)
နိုင်ငံတကာအကူအညီနဲ့ပတ်သက်လို့ ဥပမာ ယူကရိန်းကိစ္စဆို သူတို့က ကူညီနေတာ တော်တော်လေးကို ကြာခဲ့ပြီ။ လက်နက်ပိုင်းရော၊ လိုအပ်တဲ့ နည်းပညာတွေကအစ ပံ့ပိုးပေးနေတာတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာကျတော့ ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတာရှိပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ လည်းရှိပါတယ်။ ဒါပေမယ့် လက်နက်ကိုင်နဲ့ပတ်သက်လို့ ကူညီလို့မရဘူးဆိုတဲ့ သူတို့ရဲ့ ပေါ်လစီတွေက ရှိနေတယ်။

ကျမတို့နိုင်ငံလည်းပဲ ယူကရိန်းလို အကူအညီတွေက အများကြီးလိုနေတယ်။ ငွေကြေးအရ လိုအပ်သလို နည်းပညာလည်း အများကြီးလိုတယ်။ အဲဒီအတွက် ဒီဥပဒေက ကျမတို့နိုင်ငံအတွက် တစုံတရာ ကောင်းကျိုး ရှိလိမ့်မယ်လို့တော့ မျှော်လင့်တယ်။ ဒါပေမယ့် အဓိက လိုအပ်တာက အခုဆို တအာင်း(ပလောင်)ဒေသဆို လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်ခတ်နေတယ်၊ ရွာတွေထဲကို ပစ်နေတာတွေ ရှိတယ်။ ဒါက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ ဒါကိုကြည့်ချင်းအားဖြင့် စစ်ကောင်စီက ပြည်သူတွေကို လုံးဝဖိနှိပ်ပြီးတော့ ရန်သူလို သဘောထားနေတဲ့အပေါ်မှာ နိုင်ငံတကာက လျစ်လျူရှုလို့မရတဲ့အပြင် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီကိုလည်း ထိထိရောက်ရောက် ပံ့ပိုးပေးရမှာတွေ ရှိတယ်။
တဖက်တည်းမှာ PDF ဆိုတာကလည်း အရပ်သားကနေ ထွက်ပေါ်လာတဲ့ လူငယ်တွေပဲဖြစ်တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ၊ သူတို့ရဲ့ တော်လှန်ရေးကို အသိအမှတ်ပြုပြီးတော့မှ ဝိုင်းဝန်းကူညီသင့်တယ်လို့ မြင်တယ်။ အဲဒါကြောင့် နိုင်ငံတကာအနေနဲ့ လက်နက်ကိုင်မလို့ မကူညီဘူးဆိုတဲ့ အမြင်တွေ၊ ပေါ်လစီတွေကို ဆန်းစစ်သုံးသပ်သင့်တယ်လို့ မြင်တယ်။ ဒီလူငယ်တွေက ဘာကြောင့် လက်နက်ကိုင်ရသလဲဆိုတဲ့ အပေါ်မှာ အခြေခံပြီးတော့ ပေါ်လစီတွေပြောင်းလဲသင့်တယ်လို့ မြင်တယ်။ အောက်ခြေမှာကတော့ အကုန်လုံးလိုအပ်နေတာပဲ။ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်နေတာဖြစ်တဲ့အတွက် အရာရာတိုင်းက ပျက်စီးနေတယ်။
You may also like these stories:
မြန်မာ ရွေးကောက်ပွဲအစီအစဉ် အမေရိကန် လက်မခံ
မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး
ထိုင်းဝန်ကြီးချုပ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး တွေ့ဆုံမှုနောက်ကွယ်
NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို












