မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ထိတွေ့ဆက်ဆံရန် အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ထားပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အနေဖြင့်လည်း NUG နှင့် ထိတွေ့ဆက်ဆံရန် အမေရိကန်အဆင့်မြင့်အရာရှိတဦးက ယခုအပတ် အရှေ့တောင်အာရှ ခရီးစဉ်မတိုင်မီ တိုက်တွန်း ပြောကြားလိုက်သည်။
NUG သည် စစ်အာဏာသိမ်းဆန့်ကျင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသူများနှင့် ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားများ ပါဝင်ဖွဲ့စည်းထားပြီး ထိုအစိုးရမှ အဆင့်မြင့်အရာရှိများသည် ဘိုင်ဒင်အစိုးရ အရာရှိများနှင့် လွန်ခဲ့သောနှစ်ကတည်းက တွေ့ဆုံခဲ့သည်။ သို့သော် တက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်အမတ်အချို့က တောင်းဆိုနေသည့်ကြားမှာ အမေရိကန် ပြည်ထောင်စုသည် NUG ကို တရားဝင် အသိအမှတ်မပြုသေးပေ။
ဇွန်လ ၃ ရက်နေ့က Straits Times စင်ကာပူ သတင်းစာက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် NUG ကို အသိအမှတ်ပြုရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သည်တို့ လိုအပ်နေသလဲဟု မေးသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက် ချိုးလက်က အမေရိကန် ပြည်ထောင်စုသည် NUG ခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံနေပြီး စွမ်းရည်တည်ဆောက်ရေးကို အာရုံစိုက်နေကြောင်းပြောသည်။
“လွန်ခဲ့တဲ့ ၈ လကျော် ၉ လအတွင်းမှာ ကျနော်တို့က NUG ခေါင်းဆောင်ပိုင်းနဲ့ ဗီဒီယိုက ပုံမှန်ထိတွေ့ဆက်ဆံမှုရှိသလို သူတို့ကို စွမ်းရည်တည်ဆောက်ပြီး သူတို့ရဲ့ဖွဲ့စည်းမှု ပိုမိုထိရောက်အောင်နဲ့ ပြည်သူတွေကို ဖြည့်ဆည်းနိုင်အောင် ကူညီနေတယ်။ အဲဒါတွေက အခုလောလောဆယ် ကျနော်တို့ အာရုံစိုက်နေတာတွေပဲ” ဟု ချိုးလက်ပြောကြားသည်။ သူ၏ ရာထူးတာဝန်တွင် မြန်မာ့အရေးအပါအဝင် ကျယ်ပြန့်သော လုပ်ငန်းဆောင်တာများပါဝင်သည်။
ချိုးလက်သည် ထိုင်း၊ စင်္ကာပူနှင့် ဘရူနိုင်း နိုင်ငံများသို့ တပတ်ကြာ ခရီးကို ဇွန်လ ၇ ရက်နေ့တွင်စတင်သည်။
သူသည် ထိုခရီးစဉ်အတွင်း မြန်မာ့အရေးသာမက နှစ်နိုင်ငံကြား အခြားကိစ္စများကိုလည်း အာရုံစိုက်မည်ဖြစ်ပြီး စင်္ကာပူတွင် ယခုအပတ်ကုန်တွင်ကျင်းပမည့် Shangri-La Dialogue ဆွေးနွေးပွဲတက်ရောက်စဉ် အဆင့်မြင့်အရာရှိများနှင့် မြန်မာ့အရေးဆွေးနွေးမည်ဖြစ်သည်။
“ခရီးတထောက်ရပ်နားတိုင်း မစ္စတာ ချိုးလက်ဟာ လွန်ခဲ့တဲ့လက ဝါရှင်တန်မှာ ကျင်းပတဲ့ US-Asean ထိပ်သီးဆွေးနွေးပွဲ ရလဒ်တွေကို ဆက်လက်အကောင်အထည်ဖေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ မဟာမိတ်တွေ မိတ်ဘက်တွေနဲ့လုပ်ဆောင်ရေး ကတိကဝတ်ကို ထပ်မံ အတည်ပြုပြောကြားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံတွင် မစ္စတာ ချိုးလက်သည် နိုင်ငံတကာ လူသားချင်း စာနာမှုအဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အခြားသူများကို တွေ့ဆုံပြီး မြန်မာပြည်သူများကို ထောက်ခံရန် အမေရိကန်ပြည်ထောင်စု၏ အားထုတ်မှုများကို ဆွေးနွေးမည်ဖြစ်သည်။
NUG နှင့် Asean ထိတွေ့ဆက်ဆံမှုများကို သူအပြည့်အဝထောက်ခံကြောင်း အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် သူပြောသည်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာသည် NUG နှင့် ထိတွေ့ဆက်ဆံရေးကို လွန်ခဲ့သောလက စတင်လုပ်ဆောင်ခဲ့သည်။
ဆိုင်ဖတ်ဒင်သည် ဝါရှင်တန်တွင် ကျင်းပသည့် Asean-US ထိပ်သီးဆွေးနွေးပွဲတွင် သီးခြားဆွေးနွေးပွဲအဖြစ် NUG နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး NUG အစိုးရနှင့် လူသိရှင်ကြား ပထမဆုံး တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံခြင်းကို မထောက်ခံသည့် စစ်ကောင်စီခေါင်းဆောင်များက ထိုလုပ်ရပ်ကို ရှုတ်ချသည်။
“ဒီမိုကရက်တစ် အတိုက်အခံအင်အားစုနဲ့ ထိတွေ့ဆက်ဆံရေးက အရေးကြီးတယ်။ ဒီပြဿနာကို စစ်ကောင်စီတဘက်တည်းနဲ့ထိတွေ့ဆက်ဆံလို့ ပြေလည်မှာ မဟုတ်ဘူး” ဟု မစ္စတာ ချိုးလက်ပြောသည်။
ဝါရှင်တန်သည် စင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံခြင်းမရှိ သို့မဟုတ် လူသိရှင်ကြား ထိတွေ့ဆက်ဆံခြင်းမရှိသည့် အခြားအရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ထိုသို့ပိုမိုလုပ်ဆောင်ရန်တိုက်တွန်းနေသည်။ “အထူးသဖြင့် စစ်ကောင်စီက မြန်မာပြည်တွင်းက ဒီမိုကရက်တစ်အတိုက်အခံနဲ့ မတွေ့ဖို့ လူတိုင်းကို ကန့်သတ်နေချိန်မှာ ဒီကိစ္စက အရမ်း အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။
မြန်မာဆိုင်ရာ Asean အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းသည် မြန်မာသို့ နောက်တကြိမ်သွားရောက်သောအခါ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံတွင်းမှ သူတွေ့လိုသူ မည်သူ့ကိုမဆို တွေ့နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း မစ္စတာချိုးလက်ပြောသည်။
မြန်မာနှင့် ပတ်သက်သည့် Asean ဘုံသဘောတူညီချက် ၅ ချက်တွင် အထူးသံတမန်ကို သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့် ပေးရမည်ဟု ဖေါ်ပြထားသည်။
သူ၏ အရှေ့တောင်အာရှခရီးစဉ်အတွင်း မြန်မာအတွက် နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးမည်ဟု မစ္စတာ ချိုးလက်ပြောသည်။
“မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ရေးမှာ ကျနော်တို့သောင်မတင်ရေမကျ ဖြစ်နေတယ်။ အခုလောလောဆယ် အခြေအနေက အရမ်းဆိုးနေတယ်” ဟု သူပြောသည်။
“ဒါကြောင့်မို့လို့ပဲ မြန်မာအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိတဲ့ အနာဂတ်အတွက် စိတ်ဝင်စားတဲ့ Asean နဲ့ အခြားနိုင်ငံတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံရေးကို ကျနော်တို့ အားပေးနေတာဖြစ်တယ်” ဟုလည်း သူပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် ဒုတိယအရေးအပါဆုံး သံတမန်ဖြစ်သော ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှားမင်းသည်လည်း တောင်ကိုရီးယား ခရီးစဉ်အပြီး ယခုအပတ်အတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် လာအိုသို့ သွားရောက်မည်ဖြစ်သည်။
ဝင်ဒီရှားမန်းနှင့် ချိုးလက်တို့ ခရီးစဉ်အတွင်း Asean ၁၀ နိုင်ငံအနက် ၆ နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အရှေ့တောင်အာရှနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါကြောင်း ကတိကဝတ်ကို မီးမောင်းထိုးပြမည်ဖြစ်သည်။
You may also like these stories:
ဂျိုးဘိုင်ဒင် ပထမဆုံး အာရှခရီး ဘာထူးလဲ
အထူးသံတမန်ခန့်အပ်ခြင်းဖြင့် အာဆီယံကို အလေးထားကြောင်း ဘိုင်ဒင်ပြသ
စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေကြ
မြန်မာ့အရေး အာဆီယံ ချဉ်းကပ်ပုံ အလုပ်မဖြစ်သေး