မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု သို့မဟုတ် အမှားအယွင်းအတွက် တိုက်ပွဲ

လျူယွန်း
တရုတ်-မြန်မာ နယ်စပ်ရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) / Reuters
Want create site? Find Free WordPress Themes and plugins.

တိတ်ဆိတ်၍ ချမ်းအေးသော ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်စောစောတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အခြားသော မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ခုတို့သည် မြောက်ပိုင်း မဟာမိတ် တပ် ပေါင်းစု (NAB) အမည်ဖြင့် ပူးပေါင်း၍ တရုတ်-မြန်မာနယ်စပ် တလျှောက်မှ မြန်မာ့တပ်မတော် အမာခံစခန်းများနှင့် ရဲ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို တုန့်ပြန်သည့် အနေဖြင့် ထိုသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၂၄ နာရီပင် မရှိသည့် အချိန်အတွင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက တိုတောင်းသော်လည်း ပြတ်သားသည့် ကြေညာ ချက်တစောင်ကို အလျှင်အမြန် ထုတ်ပြန်ခဲ့သည်။ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံရုံးက အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့ကြောင်း နှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေး ပြန်လည် ရရှိစေမည့် အပစ်အခတ်ရပ်စဲရေးတခု အတွက် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်း အားလုံးက အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း” အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရက ၎င်းတို့၏ ကြီးမားသော စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများကို ကာကွယ်ရန် တိုးချဲ့ရန်နှင့် တချိန်တည်းမှာပင် ၎င်းတို့၏ “အနောက်တောင်ဘက် နယ်စပ်သို့ အနောက်တိုင်း သို့မဟုတ် ဂျပန်၏ စီးပွားရေးလုပ်ငန်းများ ကျူးကျော်ရောက်ရှိလာခြင်းကို တားဆီးရန် ရည်ရွယ်သည်”ဟု စကားမျိုးကို ပညာရှင်အချို့က ကျယ်ကျယ်လောင်လောင် သုံးစွဲလာခြင်းသည် ကာလရှည်ကြာစွာ ကျင့်သုံးခဲ့သော မက်လုံးပေးလိုက် ခြိမ်းခြောက်လိုက် ကစားနည်းမှ စွန့်ခွာပြီး လက်ရှိအခြေအနေကို မနှစ်မြို့ကြောင်း ပြသခြင်း ဖြစ်ပါသည်။

ပိုမို၍ တိတိလင်းလင်းပြောရလျှင် အဖြစ်အပျက်နောက်ကွယ်မှ ဉာဏ်ကြီးရှင်မှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့် ကာလရှည်ကြာစွာ ဆက်သွယ်မှု တည်ဆောက်ခဲ့ သော တရုတ်စစ်ထောက်လှမ်းရေးအဖွဲ့ ဖြစ်ဖွယ်ရာရှိသည်ဟု ယူဆမှုများ ရှိခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပိုင်နက်နယ်မြေများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ကြေညာထားသည့် ဒေသများ ဖြစ်ကြပြီး အစဉ် အလာအရ တရုတ် ယဉ်ကျေးမှု လွှမ်းမိုးသည့် နေရာများလည်း ဖြစ်ကြသည်။ သို့သော်လည်း မြောက်ပိုင်း မဟာမိတ် တပ် ပေါင်းစု (NAB)က တရုတ်နိုင်ငံ ပါဝင် စွက်ဖက်ရန် ထပ်တလဲလဲ တောင်းဆိုနေသည့်တိုင် တရုတ်နိုင်ငံတွင် တာဝန်ရှိသည်ဟု မှန်းဆခြင်းက လက်ခံနိုင်သည်ထက် ကျော်လွန်နေပါသည်။

မြို့တံခါးဝက မီးများ

တိုက်ပွဲများပေါ်ပေါက်လာသည့် နောက်ပိုင်းတွင် တရုတ်နိုင်ငံကိုယ်တိုင်လည်း စိုးရိမ်ခဲ့ပြီး တရုတ်နှင့် မြန်မာ ၂ နိုင်ငံကြား တွင် ပထမဆုံး အနေဖြင့် တဘက်စီမှ ဝန်ကြီး ဌာန ၂ခုစီ (ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများ) ပါဝင်သည့် အဆင့်မြင့်ဆွေးနွေးပွဲတခုကို တိုက်ပွဲများဖြစ်ပွားပြီး ၅ ရက်အကြာတွင် ကျင်းပခဲ့ခြင်းက ပဋိပက္ခ အဆုံးသတ်ရန် တရုတ် ဘက်က အမှန်တကယ် ဆန္ဒရှိနေကြောင်း အကောင်းဆုံး ဖော်ပြနေခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တရုတ်ဘက်မှ အဆင့်မြင့် စစ်ဘက်အရာရှိများက ထိပ်တန်း အဆင့်သံတမန်များ ပါဝင်ခဲ့ကြသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ချုပ်ကြီး Xu Fenlin က တရုတ်စစ်တပ် အနေဖြင့် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေး နှင့်တည်ငြိမ်မှုကို ပျက်ပြားစေရန် သို့ မဟုတ် နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တရုတ်ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ထိခိုက်စေရန် မည်သူ့ကိုမျှ ခွင့်ပြုလိမ့်မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည် ကိုတွေ့ရသည်။

ဗိုလ်ချုပ်ကြီး Xu Fenlin ၏ စကားလုံးများက မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုသို့ ရှင်းရှင်းလင်းလင်း အလေးအနက် သတိပေးလိုက်ခြင်း ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် နားလည်ယူဆနိုင်သည်။ “မြို့ရိုးတံခါးဝတွင် လောင်သော မီးက ကျုံး အတွင်းမှ ငါးအတွက်လည်း ဒုက္ခဖြစ်စေသည်” ဆိုသော တရုတ်ရှေးဟောင်းဆိုရိုးစကား တခုကို ခေါင်းထဲသို့ ဝင်လာစေ ခဲ့သည်။ နယ်စပ်ဒေသမှ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု ၏ တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ ပရမ်းပတာ အခြေအနေ များက တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေမည်မှာ သံသယ ရှိရန် မလိုပါ။ ဒေသခံ အနည်းဆုံး ၃၀၀၀ ခန့် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေးခဲ့ကြရပြီး တရုတ်အစိုးရနှင့် စစ်တပ်ကလည်း အမြင့်ဆုံး တပ် လှန့်ခဲ့ရသည်။ ၂ နိုင်ငံ ကုန်သွယ်ရေးလည်း ရပ်တန့်သွားခဲ့ရပြီး ကျည်ဆန်များ တရုတ်နိုင်ငံ အတွင်းသို့ ကျရောက်သည့် အတွက် တရုတ်နိုင်ငံသား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကျဉ်းမြောင်းလာသော နိုင်ငံရေးနယ်ပယ်

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းအားဖြင့် အားသာချက် ရနိုင်သည့် အခွင့် အရေး မရှိပါ။ ဤသို့ဆိုလျှင် သူတို့က မည်သည့်အတွက်ကြောင့် စွန့်စားရမှု အလွန်များသည့် စစ်ဆင်ရေးလမ်းကြောင်းကို ဆက်လက်ရွေးချယ်ခဲ့ပါသနည်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်က တပ်မတော်၏ ရပ်တည်ချက်နှင့် ထပ်တူနီးပါးဆုံမိသည့် အချိန်မှစ၍ တိုင်းရင်းသားအဖွဲ့များအတွက် နိုင်ငံရေးနယ်ပယ်က သိသိသာသာ ကျဉ်းမြောင်းသွားခဲ့သည်မှာ ထင်ရှားပါသည်။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွင်းသို့ ဆွဲဆောင်ယူရန် ကြိုးစားလာပြီး တပ်မတော်ကလည်း သူတို့၏ စစ်ဆင်ရေး များ တရားဝင် ဖြစ် စေရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အသိအမှတ်ပြုမှုကို အရေးတကြီးလိုအပ်နေသည့် အချိန်တွင် မြန်မာနိုင်ငံမှ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးက အပြန်အလှန် အမှီသဟဲပြုသည့် ပုံစံမျိုး ဖြစ်လာသည်။

မကြာသေးမီက ၆၉ နှစ် မြောက် လွတ်လပ်ရေးနေ့ အခန်းအနားသို့ ပေးပို့သော သမ္မတ ဦးထင်ကျော်၏ သဝဏ်လွှာတွင် အမျိုးသားရေး ဦးတည်ချက် ၄ ရပ် ကို ကြေညာခဲ့ရာ၌ တပ်မတော်က ကာလရှည်ကြာစွာ ကိုင်စွဲခဲ့သော အယူအဆဖြစ်သည့် တို့တာဝန် အရေးသုံးပါး (ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး) ကို ဒုတိယနေရာတွင် စာရင်းသွင်းဖော်ပြခဲ့သည်ကို တွေ့ရသည်။

အကျိုးဆက် အနေဖြင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုက လက်ထဲတွင်ရှိသမျှ အနေအထားများ (ဝင်ထွက်ရ လွယ်ကူ သော တရုတ်-မြန်မာနယ်စပ်၊ ပူးပေါင်း စစ်ဆင်ရေး၊ ထိရှလွယ်သော နယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်နိုင်ငံ၏ အရှိန်အဝါ) ကို စုပေါင်း၍ ရင်ဆိုင်တိုက်ခိုက်ရန်မှ အပ အခြားရွေးချယ်စရာ မရှိတော့ဟု ယုံကြည်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ကိုးကန့် ဒေသ ပဋိပက္ခတွင် နယ်စပ်ကို ကျော်ဖြတ်၍ တရုတ်နိုင်ငံ အတွင်းသို့ ကျည်ဆန်များ ကျရောက်ခဲ့ရာတွင် တရုတ် နိုင်ငံတွင် အမျိုးသားရေးဝါဒ ခေါင်းထောင်လာစေခဲ့ပြီး အချို့သော သဘောထားတင်းမာသူများက မြန်မာ့တပ်မတော်နှင့် ရင်ဆိုင် တိုက်ခိုက်နေသည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို တရုတ်အစိုးရက ကူညီသင့် ကြောင်း လူမှုမီဒီယာများတွင် ရေးသားခဲ့ကြသည်ကို တွေ့ခဲ့ကြရသည်။

တရုတ်နိုင်ငံက နယ်စပ်ကိစ္စများတွင် သူ၏ ထိန်းချုပ်မှုကို စွန့်ပစ်မည် မဟုတ်ပါ။ ထိုအချက်နှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၏ ထင်မြင်ချက် လုံးဝ မှန်ကန်ခဲ့ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံက တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေသည့် အရာမှန်သမျှကိုလည်း သည်းခံမည် မဟုတ်ပါ။ ကံမကောင်းစွာဖြင့်ပင် မြောက်ပိုင်းမဟာမိတ် အဖွဲ့က ထို အချက်ကို သတိမမူမိခဲ့ကြပါ။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဘေဂျင်းမြို့၌ တွေ့ဆုံ သည့် အချိန်တွင် တရုတ်သမ္မတ Xi Jinping က တရုတ်-မြန်မာ မိတ်ဖက်အဖြစ် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်နှင့် ၂ နိုင်ငံ ပြည်သူများအတွက် ပိုမို အကျိုးစီးပွားဖြစ်ထွန်းစေမည့် အရာများ ဖော်ဆောင်ပေးရန် အခိုင် အမာ ကတိပြုခဲ့သည်။ ၂ နိုင်ငံ ဆက်ဆံရေးမှ ရိုးရှင်းသော အခြေခံသဘောတရားများကို အသိအမှတ် ပြုရန် ပျက်ကွက်ခဲ့သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ အနေဖြင့် စစ်မြေပြင်မှ ပြန်လည် ဆုတ်ခွာရသည်သာမက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သို့ ဦးတည်သည့် လမ်းကြောင်းပေါ်မှလည်း လမ်းပျောက်ခဲ့ရပြီ ဖြစ်သည်။

(Liu Yun သည် တရုတ်နိုင်ငံအခြေစိုက် အလွတ်တန်း လေ့လာသုံးသပ်သူ တဦးဖြစ်ပြီး မြန်မာနိုင်ငံအရေး ကိစ္စများကို ပုံမှန် ရေးသားလျှက် ရှိသည်။ Oxford တက္ကသိုလ်က ပြုလုပ်သည့် မြန်မာ့အရေးဖိုရမ် တခုဖြစ်သော Tea Circle တွင် ဖော်ပြခဲ့သော The Northern Alliance: Fight For a Fault ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading