မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးတဦးကို လုပ်ကြံမှုဖြင့် ထောင်ကျခံရပြီး ယမန်နေ့က ပြန်လည် လွတ်မြောက်လာသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ ဦးလဖိုင်ဇော်ဆိုင်းက ကချင် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောသည်။
“လောလောဆယ်ကတော့ ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ရှိပါတယ်” ဟု ဦးလဖိုင်ဇော်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
ကချင် ပြည်နယ်အတွင်း အစိုးရနှင့် KIA တပ်ဖွဲ့ဝင်များ စစ်ဖြစ်ပွားနေသည့် ကိစ္စများနှင့် ပတ်သက်၍လည်း ၎င်းအနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ဆိုသည်။
“ကျနော် ကိုယ်တိုင် ခံစားနေရပါတယ်၊ လုံး၀ စိတ်မကောင်းပါဘူး။ ဒါကြောင့်လည်း ရန်ကုန်ကို ဆင်းလာတာပါ၊ ဒီမှာရှိတဲ့ နိုင်ငံရေး ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အမြန်ဆုံး အဆင်ပြေလာဖို့အတွက် ကျနော် အခု သူငယ်ချင်တွေကို ပြောပြနေပါတယ်” ဟု ဦးလဖိုင်ဇော်ဆိုင်းက ဆက်ပြောသည်။
ဦးလဖိုင်ဇော်ဆိုင်းသည် ၁၉၈၅ ခုနှစ်တွင် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံမှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရရပြီး ယမန်နေ့က နိုင်ငံတဝန်း အကျဉ်းထောင်များရှိ အကျဉ်းသား ၅၁၄ ဦးကို အစိုးရက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုရာ မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံမှုနှင့်ပတ်သက်၍ KIA ခေါင်းဆောင်များ၏ တာဝန်ပေးချက်အရ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း အသက် ၂၂ နှစ်အရွယ်မှ စတင်၍ အဖမ်းခံရပြီး အကျဉ်းထောင်ထဲတွင် ၂၇ နှစ်အကြာ ကျခဲ့သည့် ဦးလဖိုင်ဇော်ဆိုင်းက ပြောသည်။
ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်သည် နာမည်ကျော် အဆိုတော် အယ်လ်ခွန်းရီ၏ ဖခင်ဖြစ်သည်။
ထိုအချိန်က ဦးလဖိုင်ဇော်ဆိုင်းနှင့် တခြား KIA တပ်ဖွဲ့ဝင် ၃ ဦးတို့သည် ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို မြစ်ကြီးနားမြို့ရှိ ဂေါက်ကွင်းအနီးတွင် စောင့်၍ လုပ်ကြံခဲ့ကြောင်း သိရသည်။
ဦးလဖိုင်ဇော်ဆိုင်းသည် အထက်တန်း ကျောင်းသားဘဝမှစ၍ KIA တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ပြီး စစ်သင်တန်းများနှင့် ရန်ကုန်မြို့ရှိ နာမည်ကျော် ကွန်ဖူး စိုးမြင့် သင်တန်းများကို တက်ရောက်ခဲ့ဖူးကြောင်း သိရှိရသည်။
ဧရာဝတီဘလော့ဂ်မှ “တိုင်းမှူးကို လုပ်ကြံခဲ့တဲ့ KIA ကွန်မန်ဒို” ကို ဖတ်ရန်
(ဦးလဖိုင်ဇော်ဆိုင်းနှင့် ဧရာဝတီ အင်တာဗျူးကို မကြာမီ ဖော်ပြပေးပါမည်။)