ဗလီများအတွင်း လွတ်လပ်စွာ ဝင်ရောက် လေ့လာခွင့် ပြုပြီးသည့်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မြောက်ဥက္ကလာပ မြို့နယ်တွင် ဗလီဝတ်ကျောင်းအတွင်း သံဃာတော် ၁၁ ပါးကို နေ့ဆွမ်းကပ်၍ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးခြင်းကို ယနေ့ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်ရှိ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအဖွဲ့က ဦးဆောင်ကာ ယနေ့နံနက် ၁၀ နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်ရှိ ဗလီ၌ ပြုလုပ်ခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ်တွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များ၊ ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) အပြင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ပြည်သူပေါင်း ၉၀ ကျော် တက်ရောက်သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် ဒီမိုကရေစီ အမှောင်ကျသွားခြင်းအပြင် အောက်ခြေ အခြေခံ လူတန်းစားများသည် သူတပါး ကိုးကွယ်သည့် ဘာသာတရားကိုသာမက မိမိတို့ကိုးကွယ်သည့် ဘာသာတရားကို သေချာတိကျစွာ မသိရှိကြခြင်းကြောင့် ဘာသာတရား ပဋိပက္ခများ ဖြစ်နေရခြင်း ဖြစ်သည်ဟု မြန်မာ မွတ်စလင် ကွန်ရက် သဘာပတိ ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) က ဆိုသည်။
“နှစ် ၆၀ ကျော် ဒီမိုကရေစီ အမှောင်ကျသွားတဲ့အတွက် ဘာသာတရားနဲ့ ပတ်သက်လို့ ရေးချင်သလို ရေးလို့မရ၊ ဘာသာမတူသူချင်း ရင်းရင်းနှီးနှီး တွေ့ဆုံလို့လည်း မရ၊ ဆွေးနွေးပွဲ လုပ်လို့မရ စတဲ့ အချက်တွေ ရှိလာတော့ ဘာသာတရားတွေကို ပြည်သူတွေက သေသေချာချာ ဂဃနဏ မသိတာတွေ ဖြစ်လာကြတဲ့အပြင် တဘာသာနဲ့ တဘာသာကြား တင်းမာမှုတွေ၊ မညီညွတ်မှုတွေ ရှိလာတယ်” ဟု ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) က ပြောသည်။
ဘာသာတရားနှင့် ပတ်သက်သော ပဋိပက္ခများအပြင် တခြားပဋိပက္ခများအား ဖြေရှင်းနိုင်ရန် ကာယကံ၊ ဝစီကံ၊ မနောကံ စသည့် ကံ ၃ ပါးအပြင် သည်းခံစိတ်နှင့် မေတ္တာတရား ထားနိုင်မှ ငြိမ်းချမ်းမည်ဖြစ်ကြောင်း စိန်ပန်းကျောင်းတိုက်မှ စိန်ပန်းဆရာတော် ဦးပညာသီရိက ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မိန့်ကြားသည်။
“ငြိမ်းချမ်းဖို့အတွက် သည်းခံစိတ်ထားရမယ်၊ ဒါ့အပြင် ကိုယ်ချင်းစာစိတ် ထားရမယ်၊ အရာရာကို မေတ္တာထားမယ်ဆိုရင် ငြိမ်းချမ်းမယ်။ ကိုယ့်ကိုလာပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရင်လည်း ကိုယ်က ဘာမှပြန်မကျူးလွန်ဘဲ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို၊ ရပ်ကွက်က အကြီးအကဲတွေကို၊ ဥပဒေအရ တာဝန်ရှိသူတွေကို အသိပေးပြီး အပြစ်ပေး အရေးယူခိုင်းမယ် ဆိုရင်လည်း ရတာပဲလေ။ ဘုန်းကြီးပြောသလို လုပ်ကြည့်ပါ။ တကယ်ကို ငြိမ်းချမ်းလာပါလိမ့်မယ်။ ပဋိပက္ခတွေ အေးချမ်းသွားပါလိမ့်မယ်” ဟု ဆရာတော် ဦးပညာသီရိက မိန့်သည်။
ပုဂံခေတ် မတိုင်ကတည်းက အစ္စလမ် ဘာသာဝင်များက မြန်မာနိုင်ငံတွင် နေထိုင်နေကြခြင်း ဖြစ်ကြောင်း၊ အများပြည်သူများနှင့် တခြား ဘာသာဝင်များ ထင်နေကြသကဲ့သို့ ဗြိတိသျှ အစိုးရ အုပ်ချုပ်ရေးကာလ နောက်ပိုင်းမှ မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာဝင်များ နေထိုင်ကြခြင်း မဟုတ်ကြောင်း၊ ထို့အပြင် ဗလီဝတ်ကျောင်းတော် ဆိုသည်မှာ တရားဓမ္မ နာခံရသည့်နေရာ၊ ဝတ်ပြုသည့်နေရာ၊ သန့်ရှင်း မွန်မြတ်သည့်နေရာ ဖြစ်သည့်အတွက် အဓမ္မပြုကျင့်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ စစ်ရေးအတွက် ပြင်ဆင်ခြင်းများ မပြုလုပ်ကြောင်း ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) က ဆိုသည်။
“နောက်တခုက ဝါဒနဲ့ ဝါဒီကို ခွဲခြားမြင်တတ်ဖို့လည်း လိုတယ်။ ဘာသာတရားတိုင်းဟာ သစ္စာတရားတွေ အပေါ်မှာ အခြေခံပြီး လှုပ်ရှားနေကြတာ။ ဘာသာတရားတိုင်းမှာ မတူညီတဲ့၊ ကွဲပြားတဲ့ အမြင်တွေ၊ ပုံဖော်မှုတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ကမ္ဘာပေါ်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့တွေက အရှိန်အဟုန်ကောင်းစွာနဲ့ လှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင်တော့ ဘာသာတရားတွေ ကြားထဲမှာ တူညီတဲ့အချက်တွေ အများကြီး တွေ့ရမှာပါ” ဟု ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) က ပြောသည်။
မိမိတို့ တိုင်းပြည်တွင်ရှိသော နောင်လာနောက်သားများအတွက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်တွင် ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေး ပဋိပက္ခများ အများအပြား ရှိနေမည်ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ကွယ်ပျောက်သွားမည်ဖြစ်ပြီး ထိုအခါတွင် မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလည်း မှေးမှိန်သွားနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုစံနီက ပြောသည်။
“ဘာသာရေး ပဋိပက္ခတွေကို ငြိမ်းချမ်းသွားဖို့ဆိုရင် ဖြစ်နေတဲ့ ပြဿနာတွေကို မှန်မှန်ကန်ကန် သုံးသပ်တက်ဖို့ လိုတယ်။ အဓိကက မုန်းတီးရေးဝါဒီတွေ ဖြန့်နေသူတွေကို တားဆီးပေးမယ်ဆိုရင် အောင်မြင်လာနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
မြောက်ဥက္ကလာပ မြို့နယ်ရှိ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အဖွဲ့က ဦးဆောင်ပြီး တွေ့ဆုံ ဆွေးနွေးပွဲများကို ယခုနှစ် မတ်လမှ စတင်၍ ယခု ဇူလိုင်လအထိ ၁ လ တကြိမ် ဘုန်းကြီးကျောင်းများ၊ ဟိန္ဒူ ဘုရားကျောင်းများ၊ အစ္စလမ် ဗလီ ဝတ်ကျောင်းများတွင် ပုံမှန် ပြုလုပ်ခဲ့ကြောင်း၊ လာမည့်လတွင် ခရစ်ယာန် ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။