စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းမှ လက်ရှိတိုင် မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၌ နုတ်ထွက်သည့် ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးပေါင်း ၄၀ ကျော်ထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းတို့ကို စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က နုတ်ထွက်ခွင့်မပြုသဖြင့် တချို့လည်း ရပ်ရွာတွင် ဆက်မနေရဲတော့ဘဲ တိမ်းရှောင်နေရကြောင်း သိရသည်။
မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက “အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ဆန္ဒမပါဘဲနဲ့ စစ်မှုထမ်းခိုင်းနေတာတွေကြောင့် တော်လှန်ရေးအင်အားစုတွေက အရေးယူတာ၊ ဖမ်းဆီး တာ၊ ရှင်းလင်းတာတွေကြောင့် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်လာကြတာပဲ။ စစ်ကောင်စီကလည်း သူတို့ရဲ့ ယန္တရားကြီး ပျက်စီးယိုယွင်းနေတယ်ဆိုတဲ့ ပုံရိပ်မျိုး လူထုနဲ့ နိုင်ငံတကာက သိမှာစိုးလို့ ဖိအားပေး၊ အကျပ်ကိုင် ခြိမ်းခြောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ခိုင်းတဲ့ အနေအထားမျိုးတွေပေါ့” ဟု ပြောသည်။
မင်းဘူးခရိုင်သည် မကွေးတိုင်းအနောက်ခြမ်းတွင် တည်ရှိပြီး မင်းဘူး၊ ငဖဲ၊ စလင်း၊ ပွင့်ဖြူ၊ စေတုတ္တရာမြို့နယ်များ ပါဝင်ကာ အုပ်ချုပ်ရေးမှူး နုတ်ထွက်မှုနှင့် နုတ်ထွက်ခွင့်မရ၍ တိမ်းရှောင်မှုအနေဖြင့် စလင်းမြို့နယ်မှ ၁၅ ဦးကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။
စလင်းမြို့နယ်တွင် စလင်း၊ ဆင်ဖြူကျွန်း မြို့နှစ်မြို့ ပါဝင်ပြီး ဆင်ဖြူကျွန်းတွင် မြို့ပေါ်ရပ်ကွက် ၉ ခု၊ သူကြီးပိုင်နယ် (ကျေးရွာအုပ်စု) ၅၂ အုပ်စု၊ ကျေးရွာပေါင်း ၁၁၆ ရွာ ရှိကာ စလင်း၌ မြို့ပေါ်ရပ်ကွက် ၆ ခု၊ သူကြီးပိုင်နယ် (ကျေးရွာအုပ်စု) ၅၁ အုပ်စု၊ ကျေးရွာပေါင်း ၂၀၄ ရွာ ပါဝင်သည်။
စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေအရ တပ်သားသစ်စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများ ဧပြီလအတွင်း ဆက်တိုက် သတ်ဖြတ်ခံရမှုများ ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးများ အပြိုင်အဆိုင် နုတ်ထွက်စာတင်ခဲ့ရာ အချို့အုပ်ချုပ် ရေးမှူးများက ၎င်းတို့ နုတ်ထွက်ပြီးဖြစ်ကြောင်း လော်စပီကာဖြင့်ပါအော်၍ အသိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပကဖ တပ်ဖွဲ့ဝင် တဦးက “စစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေကြောင့် အုပ်ချုပ်ရေးမှူးတွေ ဖိအားပေးခံရတယ်။ သူတို့က ပြည်သူ တွေကို ဖိအားပြန်ပေးတဲ့အခါ တော်လှန်ရေးအဖွဲ့တွေက သူတို့ကို ချေမှုန်းတာတွေ ရှိလာတဲ့အခါမှာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်တယ်။ တချို့ဆိုရင် နေအိမ်တွေကနေ ထွက်ပြေးတယ်။ စစ်ကောင်စီဘက်ကလည်း သူတို့ကို ဖမ်းတာ၊ ဆီးတာတွေလုပ်မှာစိုးလို့ ခရီးသွားသလိုလို၊ အလုပ်သွားသလိုလိုမျိုးနဲ့ အကြောင်းတခုခုပြပြီး ရှောင်ထွက်သွားတာမျိုးပေါ့” ဟု ပြောသည်။
လက်ရှိတွင် မင်းဘူးခရိုင်အတွင်း တော်လှန်ရေးအင်အားစုများ၏ အရေးယူနိုင်မှု အားကောင်းလာသဖြင့် စစ်မှုထမ်းရန် အတွက် အဓမ္မလူသစ်စုဆောင်းမှုများ ရပ်ဆိုင်းလာသလို စစ်ကောင်စီ၏ အောက်ခြေအုပ်ချုပ်ရေးယန္တရားလည်း ပျက်စီး ယိုယွင်းလာကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
နုတ်ထွက်စာတင်ခဲ့သည့် အုပ်ချုပ်ရေးမှူးတဦးက “ကျနော် အုပ်ချုပ်ရေးမှူးကနေ နုတ်ထွက်ထားတာ မှန်ပါတယ်။ နုတ်ထွက် ခွင့် ပြုတယ်၊ မပြုဘူးဆိုတာတော့ မသိရသေးပါဘူး။ အခုကလည်း ထွက်ပြေးတာမျိုး မဟုတ်ပါဘူး။ ကျန်းမာရေးမကောင်း လို့ ဆေးကုနေရတာပါ။ အဲဒါကြောင့် အိမ်မှာ မရှိတာပါ” ဟု ပြောသည်။
ဧပြီ ၁၉ ရက်တွင် ဆင်ဖြူကျွန်းမြို့ရှိ အမှတ် (၁) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဇင်၊ အမှတ် (၂) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ အမှတ် (၃) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ ဆုံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်စိုးတို့ နုတ်ထွက်ခဲ့ပြီး ဧပြီ ၂၂ ရက်၌လည်း စလင်းမြို့ရှိ သမြင်ကင်း၊ ပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးများလည်း နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ဆင်ဖြူကျွန်း မြို့ခံတဦးက “အနီးအနားမှာရော၊ သတင်းတွေမှာရော အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ အသတ်ခံနေရတာတွေ သိနေမြင်နေတော့ သူတို့လည်း သေမှာကြောက်ပြီး နုတ်ထွက်ကြတာမျိုးပေါ့။ အချို့လည်း နုတ်ထွက်စာတင်ပေမယ့် စစ်တပ်က ဖိအားပေးခိုင်းနေတော့ ဆက်လုပ်နေရတာမျိုးတွေရှိတယ်။ ဆင်ဖြူကျွန်းဘက်က အုပ်ချုပ်ရေးမှူး တော်တော် များများက တော့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး လုပ်ပေးချင်စိတ် မရှိကြဘူး။ အရင်က ပုံမှန်အတိုင်းလေးပဲ အလိုက်အထိုက် နေခဲ့ကြတယ် ဆိုတာ တမြို့လုံး သိနေကြတာပဲလေ။ လတ်တလော နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး ၄ ယောက်ကတော့ မြို့မှာကို မရှိတော့ဘူး” ဟု ပြောသည်။
ဆင်ဖြူကျွန်းမြို့နှင့် စလင်းမြို့ကြားတွင် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) လက်အောက်ခံ ခြေလျင်တပ် ရင်း ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တပ်ရင်းများဖြင့် ဖွဲ့စည်းထားသော စလင်းတပ်နယ်အထိုင်ရှိကြောင်း သိရသည်။
ယခုအခါ ဆင်ဖြူကျွန်းမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် တညောင်ကျေးရွာ၌ စစ်တပ်က အထိုင်ချတပ်စွဲထားကာ မြို့ပြင်တွင် ကင်းလှည့်ပြီး ညတိုင်းနီးပါး သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်နေသလို ညပိုင်းအချိန် အပြင်၌ တွေ့သည့် သူများကိုလည်း ပေါ်တာဆွဲမည်ဆိုသောသတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။
ဆိပ်ဖြူမြို့နယ်တွင်မူ အုပ်ချုပ်ရေးမှူးများ ရှင်းလင်းသတ်ဖြတ်ခံရမှု မရှိသော်လည်း နုတ်ထွက်မှုများ ရှိလာနေပြီး မြို့နယ်၏ ၆၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားနိုင်ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းက “လက်မခံတာကတော့ သူတို့ရဲ့ ဒေါက်တိုင်တွေပျက်စီးပြီး အောက်ခြေယန္တရား ဆက်မလည်ပတ်နိုင်မှာ စိုးရိမ်တဲ့ အတွက်ကြောင့်လို့ သုံးသပ်ရတာပေါ့။ လက်ရှိ သူတို့ စိုးမိုးထားနိုင်ပါတယ်ဆိုတဲ့ ကျေးရွာတွေမှာတောင် ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိဘူး။ အဲဒါကို သူတို့က သိနေတော့ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမရှိရင် သူတို့လိုချင်တာ၊ ခိုင်းချင်တာ မရမှာစိုးရိမ်တဲ့အတွက် အခုလိုမျိုး နုတ်ထွက်ခွင့်မပြုတာလို့ပဲ မြင်တယ်” ဟု ဆိုသည်။
စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက နုတ်ထွက်ခွင့်မပြုသော အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်ဆက်လက် ထမ်းဆောင်နေပြီး စစ်မှုထမ်းရန် စာရင်းကောက်ခံပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ဒေသများ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှု အများဆုံးဖြစ်ကာ ကျန်ရှိနေသူများကိုလည်း စစ်ကောင်စီလက်အောက်မှ အချိန်မီနုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသလို ဆက်လက်ပြီး စစ်ကောင်စီအလိုကျ လုပ်ကိုင်နေမည်ဆိုပါက ထိရောက်သောအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထုတ်ပြန်ထားသည်။
You may also like these stories:
စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ
သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်
အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်