တရုတ်နှစ်ကူး တပတ်အလို ကိုးကန့်ရဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် ကိုးကန့်ဒေသတွင်းမှာ အစိုးရတပ်တွေကို အပြင်းအထန် တိုက်ပွဲဆင်ပါတယ်။ ဖုန်ကြားရှင်ဟာ ၂၀၀၉ ခုနှစ် ကိုးကန့်အရေးအခင်းအတွင်း အာဏာလက်ကိုင်ရှိခဲ့ရာက မောင်းထုတ်ခံခဲ့ရချိန်ကစပြီး လူမြင်ကွင်းက ပျောက်နေခဲ့တယ်။ ကိုးကန့်ဒေသကို ဖုန်ကြားရှင် ပြန်ထိန်းချုပ်နိုင် မနိုင် လတ်တလော မသေချာပေမယ့် ဖုန်ကြားရှင် ပြန်ပေါ်ထွက်လာမှုနဲ့ ပြန်ဖြစ်လာတဲ့ ပဋိပက္ခတွေဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြီးအကျယ် မရေရာမှုတွေ ထပ်ဖြစ်စေပြီး ကျင်းပတော့မယ့် ရွေးကောက်ပွဲကိုလည်း ထိခိုက်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။
အသစ်ပြန်ဖြစ်လာတဲ့ ကိုးကန့်ပဋိပက္ခဟာ တရုတ်နိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွား ကြီးမားစွာ ရှိပါတယ်။ ၂၀၀၉ ကိုးကန့်အရေးအခင်းမှာဖြစ်ခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဒုက္ခသည်အကျပ်အတည်းဟာ တရုတ်ရဲ့ နယ်စပ်တည်ငြိမ်မှုနဲ့ အမျိုးသားလုံခြုံရေးကို ပျက်ပြားစေခဲ့တယ်။ ၂၀၁၂ နဲ့ ၂၀၁၃ မှာဖြစ်ခဲ့တဲ့ ကချင်တိုက်ပွဲတွေမှာလည်း အလားတူပါပဲ။ မတည်ငြိမ်မှုဟာ တရုတ်ရဲ့ အကြီးမားဆုံး စိုးရိမ်မှုပါ။ ဒုက္ခသည်အရေး ဖြေရှင်းဖို့ ယူနန် ဒေသခံ အစိုးရအရာရှိတွေ ဒီတကြိမ်မှာ ပိုပြင်ဆင် ကိုင်တွယ်တတ်မှာ ဖြစ်ပေမယ့် မရေရာတဲ့အနာဂတ်က နယ်ခြားဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို တရုတ်က ပိုပြီး အနုတ်သဘောဆောင်လာစေမှာ ဖြစ်ပါတယ်။
ကိုးကန့် ပဋိပက္ခဟာ တရုတ်နိုင်ငံတွင်းမှာ လုံခြုံရေးထက် ပိုပြီး အငြင်းပွားဖွယ်ရာကိစ္စတခု ဖြစ်လာနေပါတယ်။ အင်တာနက်နဲ့ မီဒီယာကို သုံးပြီး ဖုန်ကြားရှင်က “ကိုးကန့်တရုတ်တွေ”ကို ကူညီကြဖို့ ပန်ကြားချက်ဟာ တရုတ်ပြည်သူအကြားမှာ စာနာမှု အကြီးအကျယ် ရစေခဲ့တယ်။ မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုဟာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ဖုန်ကြားရှင်က ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဖော်တာဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ မယုံကြည်မှုတွေကို ပဲ့တင်ထပ်တာလည်း ဖြစ်တယ်။ ကချင်လွတ်မြောက်ရေးတပ်လို တခြား လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဆီက သွေးစည်းညီညွတ်ကြောင်း ပြတဲ့အနေနဲ့ ကူညီထောက်ပံ့တာတွေကလည်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် တရုတ်ရဲ့ ယုံကြည်စိတ်ချမှုအပေါ် တိုက်ဖျက်ပစ်နိုင်ပါတယ်။
ကိုးကန့်တိုက်ပွဲတွေနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ တရုတ်ရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပျော့ကွက်တွေကို အမြတ်ထုတ်ကြတာ ရှင်းလင်းစွာ သိနိုင်ပါတယ်။ တရုတ်နှစ်သစ်ကူး မစခင် စစ်ပွဲကို စခဲ့ပြီး ဒုက္ခသည်တွေကို တရုတ်ပြည်ထဲ မောင်းသွင်းလိုက်တာဟာ ဖုန်ကြားရှင်ရဲ့ ဗျူဟာတကျ တွက်ချက်ဆောင်ရွက်ခဲ့မှုပါ။ တင်းမာမှုတွေ လျှော့ချရေး မြန်မာအစိုးရကို ဘေဂျင်းက ဖိအားပေးဖို့ကို အကွက်ချ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ မြန်မာတပ်တွေ ဆုတ်ခွာမှုက ကိုးကန့်ဒေသကို ဖုန်ကြားရှင် ပြန်ထိန်းနိုင်ဖို့ ဖြစ်လာမယ်၊ နောက်ပြီး ကိုးကန့်ရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် နေရာယူမယ်၊ ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဝင်ပါမယ်၊ အဆုံးစွန် ရွေးကောက်ပွဲ ဝင်ဖို့အထိ အကွက်ချခဲ့ပုံပါ။ အန္တရာယ်များလည်းများ မတည်မငြိမ်ဖြစ်စေပြီး လူအသေအပျောက်ဖြစ်စေတဲ့ ဒီလုပ်ရပ်ကို နိုင်ငံရေး အကျိုးအမြတ် လိုချင်တဲ့ လူမျိုးစုလက်နက်ကိုင်တွေရဲ့ ကျဉ်းမြောင်းတဲ့ အကျိုးစီးပွားတွေက စေ့ဆော်ခဲ့တာပါ။ တရုတ်ရဲ့ အကျိုးစီးပွားအတွက်လည်း မဟုတ်သလို အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသခံလူထုအတွက် ထည့်သွင်းစဉ်းစားခြင်းလည်း မရှိပါဘူး။
ကိုးကန့်မှာ ဖြစ်နေတာဟာ ဘေဂျင်းရဲ့ ပေါ်လစီ ဦးစားပေး ဒါမှမဟုတ် အလိုရှိနေတဲ့ ရလဒ်တခု မဟုတ်ပါဘူး။ အသစ်ပြန်ဖြစ်လာတဲ့ ကိုးကန့်တိုက်ပွဲတွေဟာ နယ်စပ်တည်ငြိမ်ရေးကို ပျက်ပြားပြီး တရုတ်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတာ ရှင်းပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ဗျူဟာမြောက် ဆက်ဆံရေးတွေအတွက် တရုတ်က အလိုရှိနေတဲ့ တည်ငြိမ် ငြိမ်းချမ်းတဲ့ အခြေအနေကို ဒီတိုက်ပွဲက ဖျက်ဆီးနေပါတယ်။ ဒီထက်ပိုပြောရရင် ဒီပဋိပက္ခဟာ တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အနှောင့်အယှက်ကို ဖန်တီးနေပါတယ်။ တရုတ်နိုင်ငံက “ဗျူဟာမြောက် တွေးခေါ်သူ”ဆိုသူ တချို့နဲ့ နယ်စပ်က လူမျိုးစုတွေဟာ မြန်မာအပေါ် “ဗျူဟာမြောက် ဩဇာလွှမ်းမှု”တွေ ရှိစေဖို့ တရုတ်အနေနဲ့ လူမျိုးစုတွေကို ကူညီထောက်ပံ့ရေး တောင်းဆိုချက် ရှိပါတယ်။ ဒါပေမယ့် ဒီအတွေးအခေါ်ဂိုဏ်းကို တရုတ်ရဲ့ မူဝါဒချမှတ်သူတွေနဲ့ အထင်ကရ ပညာရှင်တွေက လက်မခံကြပါဘူး။
တရုတ်အတွက်တော့ မြန်မာရဲ့ ဗျူဟာကျကျ အရေးပါမှုဟာ နယ်စပ်က လူမျိုးစုတွေနဲ့ တရုတ်ရဲ့ အကျိုးစီးပွားထက် ပိုပါတယ်။ မြန်မာဟာ တရုတ်သမ္မတ ရှီကျင်ပင်းရဲ့ 1B1R strategy (One Belt and One Road: Silk Road Economic Belt and 21st Century Maritime Silk Road) ပိုးလမ်းမ စီးပွားရေး ပတ်လမ်းနဲ့ ၂၁ ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမ ဗျူဟာမှာ အရေးကြီးတဲ့ ဆက်ထုံးပါ။ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာဆီ တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့၊ စီးပွားရေး နိုင်ငံရေး ချိတ်ဆက်မှုနဲ့ ဗျူဟာမြောက် ဩဇာကို ဖြန့်ကျက်ဖို့ မြန်မာကို ဖြတ်သန်းသွားရပါမယ်။ အဲဒီအတွက် အခြေခံအဆောက်အအုံတွေနဲ့ ဆက်သွယ်ရေးပရောဂျက်တွေ တရုတ်က ဆောက်ချင်ပါတယ်။ တရုတ်-မြန်မာ ရေနံနဲ့ ဂတ်စ်ပိုက်လိုင်းဟာ တရုတ်ရဲ့ လောင်စာထောက်ပို့လမ်းတွေကို ပိုများလာစေပြီး အားနည်းချက်ကို ရှောင်လွှဲတဲ့ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာ ကြိုးပမ်းမှုပါ။ ပြောရမယ်ဆိုရင် ရှီကျင်ပင်းရဲ့ ဒီပလိုမေစီဘောင်အတွင်းမှာ မြန်မာဟာ ဦးစားပေးနိုင်ငံပါ။ နာမည်ပျက်တာတွေ အဖတ်ပြန်ဆယ်ရမယ်၊ ဆက်ဆံရေးတွေ ပြန်ပြင်ရမယ်၊ ရှိပြီး ဩဇာကိုလည်း ဆက်ထိန်းဖို့ လိုနေတာကိုး။
နှိုင်းယှဉ်ရရင် နယ်စပ်က လူမျိုးစုတွေဟာ ဒီမဟာဗျူဟာအတွက် တရုတ်ကို ဘာတခုမှ မဖြစ်စေခဲ့ပါဘူး။ သူတို့အတွက် မတည်ငြိမ်မှုတွေ ဖန်တီးပြီး ဒုက္ခသည်တွေကို တရုတ်လက်ထဲ ထည့်ပေးလိုက်ခြင်းဟာ သူတို့ရဲ့ ဖြစ်တည်မှုကို တရုတ်က ပိုပြီး တာဝန်ယူလာစေချင်ရုံသက်သက်ပါ။ အဖြေရှာဖို့ ကောင်းမွန်တဲ့ ပေးဆပ်မှုတွေ မလုပ်ဘဲ ပြဿနာရဲ့ အစအဖြစ် ရပ်တည်တင်ပြချက်တွေ တိုးပွားစေခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့အပေါ် အနည်းငယ် ကျန်ရှိနေတဲ့ တရုတ်ရဲ့ စာနာထောက်ထားမှုနဲ့ စိတ်သဘောထားကောင်းတွေကို လျှော့ချပစ်နေကြတယ်။ မြန်မာနဲ့ ဆက်ဆံရေး ကောင်းဖို့ တရုတ်က ကြိုးစားနေချိန် တရုတ်-မြန်မာ ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ ဗျူဟာမြောက် အင်အားစုဖြစ်လာမယ်လို့ နယ်စပ်က လူမျိုးစုတွေက ယုံကြည် လုပ်ကိုင်နေမယ်ဆို သူတို့မြင်လိုတဲ့ ဦးတည်ချက်နဲ့ တခြားတဖက်ဆီ တွန်းပို့သလို ဖြစ်မှာ အတိအကျပါပဲ။
မြန်မာအစိုးရနဲ့ နယ်စပ်က တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ ပြောဆိုညှိနှိုင်းရေး တရုတ်က လိုလားပါတယ်။ ဒါဟာ လတ်တလော ယိမ်းယိုင်သွားတဲ့ အခြေအနေတွေချည်းကြောင့် မဟုတ်ပါဘူး။ စစ်ရေးအရဖြစ်စေ ဖိအားနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးဖြစ်စေ တခုကမှ ပြဿနာကို လုံးဝ ပြီးဆုံးစေပြီး ရေရှည်တည်ငြိမ်မှု ရှိစေမှာ မဟုတ်လို့ပါ။ ဘယ်လိုဖြစ်ဖြစ် ငြိမ်းချမ်းစွာ အဖြေရှာရေးမှာ တရုတ်ပါဝင်ရေးဟာ မြန်မာရဲ့ ပြည်တွင်းရေးမှာ တရုတ် ဆရာဝင်လုပ်တယ်ဆိုပြီး မြန်မာတွေ မြင်လာမှာ စိုးတဲ့အပြင် တရုတ်ရဲ့ “ကြားမဝင်ရေး” ကိုယ်ပိုင်စည်းမျဉ်းတွေကြောင့် ရှေ့တိုးမရဖြစ်နေရတယ်။ ဒါပေမယ့် နယ်စပ်တည်ငြိမ်ရေး အကျိုးစီးပွားနဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေး တရုတ်ရဲ့ ဦးစားပေးချက်ဟာ တိုင်းရင်းသားတွေကို မျက်နှာသာပေး ထောက်ပံ့ရေး မူဝါဒလို့ အနက်အဓိပ္ပါယ်လို့ မကောက်ယူသင့်ပါဘူး။
ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်တိုက်ပွဲတွေမှာ ဖုန်ကြားရှင်ကို တရုတ်က ထောက်ပံ့မှုတွေ ရှိတယ်ဆိုပြီး ကောလဟလတွေ ထွက်နေပါတယ်။ တကယ်တော့ မြန်မာနယ်စပ်က တိုင်းရင်းသားတွေနဲ့ တရုတ်က နယ်မြေခံ လှုပ်ရှားသူတွေအကြား ဆက်ဆံရေးဟာ သမိုင်းနဲ့ချီကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီနယ်မြေခံတွေဟာ ခြားနားတဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေကို ဆွဲဆောင်ဖို့ ဘေဂျင်းအစိုးရနောက်ကွယ်က ကြိုးကိုင်နေကြတာလို့ မြင်လို့ လုံးဝ မဖြစ်ပါဘူး။ လတ်တလော ဖြစ်ရပ်တွေအောက်မှာ မြန်မာအစိုးရ စဉ်းစားသင့်တာက အခု နယ်စပ်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားတွေနဲ့သာ ဘေဂျင်းကို တရားဝင် စောဒက တက်ဖို့ပါ။ ခိုင်မာတဲ့ အထောက်အထားနဲ့ တိကျတဲ့ စွဲချက်တွေမဟုတ်ရင် ထင်ရာပြောဆိုချက်တွေနဲ့ပဲ မြန်မာတို့ ရစရာ နည်းသွားပါလိမ့်မယ်။ တခြားတဖက်မှာလည်း တရုတ်ဟာ မြန်မာနဲ့ ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားအကျိုးစီးပွားကို ကိုယ့်လူတွေနဲ့ သူတို့ရဲ့ အကျင့်အကြံတွေက ဖျက်ဆီးနေသလားလို့ သတိကြီးကြီးနဲ့ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။
တရုတ်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးဘက်ကို ရပ်တည်တာနဲ့ တပြိုင်နက် ဒီအရေးကို ဘယ်လောက် မြန်မာက ကိုင်တွယ်နိုင်စွမ်း ရှိမလဲဆိုတာ တရုတ်ပါဝင်လာရေးရဲ့ အဓိကသော့ချက်ပါ။ နယ်စပ်က လူမျိုးစုတွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို တရုတ်က ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမယ့် သူတို့ကို ရှင်းလင်းပစ်ဖို့ မူဝါဒ ချမှတ်မှာတော့ မဟုတ်ဘူး။ ဆိုလိုချင်တာက မြန်မာအနေနဲ့ ကိုယ့်ကိုယ်ပိုင် ပြည်တွင်းပုန်ကန်မှုကို မထိန်းချုပ်နိုင်ရင် တရုတ်ကလည်း ဒီအလုပ်ကို လုပ်မှာ မဟုတ်ပါ။ တကယ်လို့ ကိုးကန့်ဒေသကို အင်အား ၁၀၀၀ ရှိ သူပုန်တွေ လက်ထဲ မြန်မာ့တပ်မတော်က အလွယ်တကူ ပြန်ပေးလိုက်ရတယ်ဆိုရင်တော့ တပ်မတော်ဟာ နိုင်ငံတော်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သူလို့ ပြောနေတာကို လူတွေက မေးငေါ့လာကြမှာ ဖြစ်ပါတယ်။
နိုင်ငံတော်မူဝါဒအနေနဲ့ ဖုန်ကြားရှင်ကို တရုတ်က မထောက်ခံပါ။ ဒါပေမယ့် တကယ်လို့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်ထိန်းချုပ်ရေး အောင်မြင်သွားရင် သူ့ကို တရုတ်က ဆန့်ကျင်လို့ မရနိုင်တော့ပါ။ အရှိအတိုင်း လက်ခံရတော့မှာပါ။ ပို အန္တရာယ် များပြီး မရေရာမှုတွေလည်း ပိုလာမှာဖြစ်တယ်။ (ပါကစ္စတန် ဒါမှမဟုတ် အာဖဂန်နစ္စတန်တို့လို ပြည်တွင်း မတည်ငြိမ်မှုနဲ့ ပြိုကွဲနေတဲ့ တိုင်းပြည်တွေမှာ ဖြစ်နေတဲ့ အလားတူကိစ္စတွေလို တရုတ်ဟာ ဗဟိုအစိုးရနဲ့ရော ဒေသခံ လူမျိုးစုတွေ၊ စစ်ဘုရင်တွေနဲ့ရော ဆက်ဆံရေး ချောမွေ့အောင် တည်ထောင်ခဲ့ရတဲ့ အတွေ့အကြုံရှိပါတယ်။) မရေရာမှုတွေကို စီမံကွပ်ကဲဖို့၊ ပဋိပက္ခကို ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေဆီက ခွန်အားနဲ့ ဉာဏ်ပညာတွေ ရေရှည်ခိုင်မာနေဖို့ လိုပါတယ်။ တရုတ်ကို သင်္ကာမကင်းဖြစ်နေမှု ရှိနေသမျှ အတူတူပဲ မြန်မာတွေရဲ့ ပြဿနာကို တရုတ်က ကူညီ ဖြေရှင်းပေးဖို့ မျှော်လင့်နိုင်မှာ မဟုတ်ပါ။
(ယွန်ဆန်သည် ဝါရှင်တန်အခြေစိုက် ပညာရှင်များအဖွဲ့တခုဖြစ်သည့် Henry L. Stimson Center မှ အရှေ့အာရှဆိုင်ရာ ပရိုဂရမ်၏ အဖွဲ့ဝင်တဦးဖြစ်သည်။ Brookings Institution ၏ ပြင်ပပညာရှင်လည်း ဖြစ်သည်)