ဗုဒ္ဓဘာသာတွင် လက်ထပ် ထိမ်းမြားခြင်း ဆိုသည်မှာ လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ် မဟုတ်ပေ။
လက်ထပ်ခြင်းဆိုသည်မှာ လူမှုရေး သဘောတူညီချက် တခုဖြစ်သည်။ ဘဝကို ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်ရေးအတွက် လူသားက ဖန်တီးသော အဖွဲ့အစည်းတခု ဖြစ်သည်။ လူသားမျိုးနွယ်ကို တိရိစ္ဆာန်ကဲ့သို့သော အနေအထားမှ စည်းခြားလိုက်ခြင်းဖြစ်ပြီး မျိုးဆက်ပြန့်ပွားခြင်းကို စနစ်တကျနှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန် ဖြစ်သည်။ ဗုဒ္ဓဝါဒ ကျမ်းစာများတွင် တလင်တမယားစနစ် သို့မဟုတ် မယားပြိုင်စနစ်ဟူ၍ ခွဲခြားသတ်မှတ်ခြင်းမျိုး မရှိသော်လည်း ဗုဒ္ဓဘာသာဝင် ယောက်ျားတို့သည် ဇနီးမယားတယောက်သာ ယူရန် မိမိဖာသာ သတ်မှတ်ထားကြသည်။ ဗုဒ္ဓက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ စည်းကမ်းဥပဒေများ ချမှတ်ပေးခဲ့ခြင်း မရှိသော်လည်း အိမ်ထောင်သည်ဘဝတွင် ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကြံဉာဏ်များ ပေးခဲ့သည်။ ဗုဒ္ဓဟောကြားခဲ့သော တရားအမြောက်အများထဲတွင် ဇနီးမယား တယောက်ထဲကိုသာ သစ္စာရှိရှိ ပေါင်းသင်းရန်နှင့် ရမ္မက်တဏှာနောက်သို့ လိုက်ပြီး တခြားသောမိန်းမများ အတွက် ဇနီးမယားကို စွန့်ခွာခြင်းမပြုရန် ဆုံးမခြင်းများ ပါဝင်ခဲ့သည်။ ယောက်ျားတယောက်ကို ပျက်စီး ကျဆုံးစေသော အကြောင်များထဲတွင် မိမိ၏ ဇနီးမယားမှ အပဖြစ်သော တခြားမိန်းမများနှင့် ဖောက်ပြန်ခြင်းသည်လည်း တကြောင်းဖြစ်သည်ဟု ဗုဒ္ဓက သတိပေး ဟောကြားခဲ့သည်။
အမျိုးသားများကလည်း ကြုံတွေ့ရမည့် အခက်အခဲနှင့် အမှုကိစ္စများကို ဝန်ထုပ်ဝန်ပိုး တခုသဖွယ် သဘောပေါက် လက်ခံကြသည့်အတွက် ဇနီးမယား တယောက်နှင့် အိမ်ထောင်စု တခုကိုသာ စောင့်ရှောက် ထိန်းသိမ်းခဲ့ကြသည်။ သို့သော်လည်း ကံအကြောင်းမလှသည့် အခါမျိုးတွင် ပြဿနာကို ကြီးအောင် ချဲ့သလိုဖြစ်နေသည်။ လူသားသဘာဝ၏ အားနည်းချက်ကို သိနားလည်သော ဗုဒ္ဓက သူ့ကိုဆည်းကပ်သူများအား အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနှင့် မတရားသော လိင်မှုကိစ္စကို ရှောင်ကြဉ်ရန် တားမြစ်ခဲ့သည်။
လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော ဗုဒ္ဓဘာသာ၏ အမြင်မှာ လွတ်လပ်သည်။ လက်ထပ်ထိမ်းမြားခြင်းကို လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်တခု အဖြစ်သဘောထားပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ်ဟု မသတ်မှတ်ပေ။ ဗုဒ္ဓဘာသာတွင် လူတဦးတယောက်ကို လက်ထပ်ရန် သို့မဟုတ် လက်မထပ်ဘဲ ဗြဟ္မစရိယကျင့်ရန် အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များ မရှိပေ။
ထို့နည်းတူပင် ဗုဒ္ဓဘာသာဝင် မိသားစုများ အနေဖြင့် ကလေး မဖြစ်မနေ မွေးရမည် သို့မဟုတ် ကလေး အရေအတွက် မည်မျှ မွေးရမည် စသည်ဖြင့် စည်းကမ်း ချမှတ်ထားခြင်းမျိုး မရှိပေ။ ဗုဒ္ဓဘာသာက ၎င်း၏ ဘာသာဝင်တိုင်းကို အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသမျှကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသည်။
အိမ်ထောင်ပြုခြင်းကို ကန့်သတ် ပိတ်ပင်ထားသည့် ဥပဒေသများ မရှိသော်လည်း ဗုဒ္ဓဘာသာ ရဟန်းများ အဘယ်ကြောင့် အိမ်ထောင် မပြုကြသနည်းဟု မေးခွန်းထုတ်ရန် ရှိလာသည်။ ထင်ရှားစွာတွေ့ရသည့် အကြောင်းပြချက်မှာ ရဟန်းများသည် လူသားတို့ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ရန် ဗြဟ္မစရိယအကျင့်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ရဟန်းများသည် လောကီနှင့် စပ်ဆိုင်သော အိမ်ရာထူထောင်ခြင်းကို ရှောင်ရှားခြင်းအားဖြင့် စိတ်၏ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာ အခြားသူများကိုလည်း စိတ်အနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်ရန် ကူညီရေးအတွက် အိမ်ထောင်မပြုကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လက်ထပ်မင်္ဂလာ အခမ်းအနားများနှင့် စပ်ဆိုင်မှုမရှိဟု ဆိုနိုင်သော်လည်း လက်ထပ်သူများကို ဘာသာရေးအရ ဆုံးမသြဝါဒပေးရန်နှင့် ၎င်းတို့၏ လှူဒါန်းမှုစသော ကောင်းမှုများကို ချီးမြှောက်ပေးရန် ကြွရောက် ပေးလေ့ရှိကြသည်။
ဗုဒ္ဓ၏ အဆုံးအမများကို တင်းကျပ်စွာ လိုက်နာကြသည့်အတွက် လက်ထပ်ပြီးမှ ကွာရှင်းပြတ်စဲခြင်းများ နည်းပါးသော်လည်း ဗုဒ္ဓဘာသာတွင် ကွာရှင်းပြတ်စဲမှုကို တားမြစ်ပိတ်ပင်ထားခြင်း မရှိပေ။ ယောက်ျားနှင့် မိန်းမသည် တယောက်နှင့် တယောက် သဘောထားချင်း တိုက်ဆိုင်မှု အမှန်တကယ် မရှိတော့လျှင် လွတ်လပ်စွာ ကွာရှင်းပြတ်စဲနိုင်ခွင့် ရှိသည်။ ကွာရှင်းပြတ်စဲလိုက်ခြင်းအားဖြင့် နောင်တွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် ပြဿနာ အခက်အခဲများမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဗုဒ္ဓက အသက်ကြီးရင့်သော ယောက်ျားများ အနေနှင့် ငယ်ရွယ်သော ဇနီးမယား မယူသင့်ကြောင်း အကြံပြုခဲ့သည်။ အသက်အရွယ် ကွာခြားမှုကြောင့် လိုက်ဖက်မညီဖြစ်ပြီး မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ကာ အိမ်ထောင်ရေးကို ပျက်စီးဆုံးရှုံးစေနိုင်သည်။
လူ့အဖွဲ့အစည်းသည် လူသားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ရက်မှတဆင့် ဖွံ့ဖြိုးတိုးတက်လာသည်။ ဆက်သွယ်မှုတိုင်းသည် မိမိတို့ အသိုင်းအဝိုင်းအတွင်းမှ အခြားသူများကို ထောက်ကူခြင်း၊ ကာကွယ်ခြင်းကို ရင်ထဲမှလာသော စိတ်အမှန်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းသည် ကူညီလို၊ ကာကွယ်လိုသော ဆက်သွယ်မှု၏ အရေးပါသော အားကောင်းသည့် အစိတ်အပိုင်းတခု ဖြစ်သည်။
ကောင်းမွန်သော လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုသည်မှာ စစ်မှန်သော သစ္စာရှိခြင်းနှင့် နားလည်ခြင်းမှ အရှိန်မှန်မှန် ဖွံ့ဖြိုးလာခြင်းဖြစ်ပြီး တယောက်အလိုကို တယောက်က လိုက်လျောခြင်း သက်သက် မဟုတ်ပေ။ လက်ထပ်ထိမ်းမြားခြင်းကြောင့် လူ့အသိုက်အဝန်းကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ လူသားနှစ်ယောက် ပေါင်းစည်းခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော အသိုက်အမြုံတခုကို တည်ထောင်နိုင်ပြီး အထီးကျန်ခြင်း၊ ချို့ငဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှလည်း ကင်းဝေးစေနိုင်၏။
လက်ထပ်ထိမ်းမြားခြင်းအားဖြင့် နှစ်ဦး နှစ်ဖက်လုံး၏ အခန်းကဏ္ဍကို မြင့်တက်စေနိုင်ပြီး ခွန်အားနှင့် သတ္တိများကို အပြန်အလှန် ပေးအပ်နိုင်ကြသည်။ တယောက်၏ စွမ်းရည်ကို တယောက်က ထောက်ကူပြီး အသိအမှတ်ပြုကာ ကျေနပ် လက်ခံနိုင်စေသည်။ ယောကျာ်နှင့် မိန်းမတွင် မည်သူကပို၍ သာလွန်ကြီးမြတ်သည်ဟူ၍ မရှိ။ တန်းတူညီမျှဖြစ်ခြင်း၊ ပွင့်လင်းသော ကြင်နာခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စိတ်ကိုငြိမ်းအေးစေခြင်း စသည်တို့ဖြင့် အပြန်အလှန် အမှီသဟဲ ပြုခြင်းမျိုးသာ ရှိသည်။
လူသားသည် မိသားစုကို ၎င်း၏ ကိုယ်ပိုင်အယူအဆဖြင့် စီစဉ် တည်ဆောက်နိုင်သော်လည်း ကိုယ်ဝန်ဖျက်ချ ခြင်းကိုမူ တရားမျှတမှုဟု မဆိုနိုင်ပေ။
ကလေးမွေးဖွားခြင်းကို ထိန်းချုပ်ကြပ်မတ်ရန် ဗုဒ္ဓဝါဒတွင် အကြောင်းပြချက်မရှိပေ။ ပဋိသန္ဓေ တားဆီးရာတွင်လည်း ခေတ်ဟောင်း ခေတ်သစ်နည်းများကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိသည်။ ကလေးမွေးဖွားမှု ထိန်းချုပ်ခြင်းကို ဆန့်ကျင် ကန့်ကွက်ခြင်းသည် လိုက်နာကျင့်သုံးရမည့် ဗုဒ္ဓ၏ တရားများကို ဆန့်ကျင်ခြင်းပင်ဖြစ်ပြီး ၎င်းတို့၏ အယူအဆသည် ကြောင်းကျိုး ဆီလျော်မှု မရှိသည်ကို သတိပြုသင့်သည်။ ပဋိသန္ဓေ တားဆီးခြင်းဆိုသည်မှာ အသက်ရှင်သန်မှုတခု ဖြစ်ပေါ်မလာမီ ကြိုတင်တားဆီးခြင်းသာ ဖြစ်သည်။
ယင်းကိစ္စတွင် သတ်ဖြတ်ခြင်း မပါဝင်သကဲ့သို့ အကုသိုလ်လည်း မဖြစ်ပေ။ သို့သော် ဖြစ်လာပြီးသော ကိုယ်ဝန်ကို ဖျက်ချလျှင်ကား မှားယွင်းမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျက်လုံးဖြင့် မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ဘဝတခုကို ဖျက်ဆီး ဖယ်ထုတ်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကိုယ်ဝန်ဖျက်ချခြင်းသည် မတရားသောအမှု ဖြစ်သည်။
ဗုဒ္ဓ၏ အဆုံးအမများအရဆိုလျှင် ဖော်ပြပါ အကြောင်းငါးချက်နှင့် ငြိစွန်းပါက သူ့တပါးအသက်ကို သတ်ခြင်း မည်သည်။ ၎င်းတို့မှာ (၁) အသက်ရှိခြင်း၊ (၂) အသက်ရှိကြောင်းကိုသိခြင်း (သို့) သတိပြုမိခြင်း၊ (၃) သေစေလိုသော ဆန္ဒရှိခြင်း၊ (၄) သတ်ရန်အားထုတ်ခြင်း နှင့် (၅) အထက်ပါ အကြောင်းတို့ကြောင့် သေဆုံးရခြင်းတို့ ဖြစ်သည်။
အမျိုးသမီးတယောက် ကိုယ်ဝန်ရှိလာပါက သူ၏သားအိမ်တွင်းတွင် အသက်တခု ဖြစ်လာသည်။ ၎င်းက အမှတ်စဉ် (၁) အချက်နှင့် ကိုက်ညီသည်။ လအနည်းငယ် ကြာပြီးသည့်အခါ ကိုယ်အတွင်းတွင် ရှိနေသောအရာမှာ သက်ရှိဖြစ်သည်ကို သိလာသည်။ ၎င်းက အမှတ်စဉ် (၂) အချက်နှင့် ကိုက်ညီသည်။ ထို့နောက် အကြောင်းပြချက် တစုံတရာဖြင့် ကိုယ်ဝန်ကို ဖြစ်သည့်နည်းနှင့် ဖယ်ထုတ်ရန် ဆန္ဒရှိလာသည်။ ထို့ကြောင့် ဖျက်ချပေးမည့်သူကို ရှာဖွေပြီး ဖျက်ချပေးရန် ခိုင်းစေသည်။ ၎င်းက အမှတ်စဉ် (၃) အချက်နှင့် ကိုက်ညီသွား၏။
ကိုယ်ဝန်ဖျက်ချသူက ၎င်း၏အလုပ်ကို ဆောင်ရွက်လိုက်သည့် အခါ အမှတ်စဉ် (၄) အချက်နှင့် ကိုက်ညီသွားပြီး နောက်ဆုံးတွင် သူတပါးအသက်ကို သတ်ခြင်း ဖြစ်သွားတော့သည်။ ယင်းသို့ဆိုလျှင် “သူ့အသက်ကို မသတ်ရာ” ဆိုသည့် ပထမဆုံးသော သီလ (ပါဏာတိပါတာ) ကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီဖြစ်၍ လူ့အသက်ကို သတ်ရာရောက်ပေသည်။ ဗုဒ္ဓဘာသာတွင် အခြားသူတဦး တယောက်၏ အသက်နှင့်ဘဝကို ဖျက်ဆီးခွင့် ပေးအပ်ထားခြင်း လုံး၀ မရှိပေ။ တိကျသော အခြေအနေတခု၏ အောက်တွင် လူတို့သည် မိမိတို့အတွက် အဆင်ပြေရာကို လုပ်ရန်အတွက် အတင်းအကြပ် တားဆီးထားသလို ခံစားကြရသည်။ သို့သော်လည်း ကိုယ်ဝန်ဖျက်ချခြင်း ကဲ့သို့သော အမှုကို ကျူးလွန်ပါက အပြစ်မှ ကင်းလွတ်ခွင့် မရသင့်သလို အခြားနည်းလမ်းအားဖြင့်လည်း ဆိုးဝါးသည့် ကံကြမ္မာနှင့် ကြုံဆုံနိုင်သေးသည်။ အချို့ သော နိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုထားသည်။ သို့သော် ခွင့်ပြုထားသည့်အတွက် ပြဿနာများလည်း ရှိနေသည်။ ဘာသာရေး စည်းမျဉ်းစည်းကမ်းများသည် လူသားတို့၏ စိတ်ဆန္ဒကို နေရာတိုင်းတွင် အလျှော့ပေးနေ၍ မဖြစ်နိုင်ပေ။ စည်းကမ်းဆိုသည်မှာ လူသားမျိုးနွယ်တခုလုံး၏ ချောင်ချိမျှတမှုအတွက်သာ ရပ်တည်ရမည်ဖြစ်သည်။
မည်သည့် အခြေအနေအရဖြစ်စေ တစုံတယောက်၏ အသက်ကို ရယူခြင်းသည့် လူ့ကျင့်ဝတ်အရရော ကိုးကွယ်ရာ ဘာသာတရား အတွက်ပါ မှားယွင်းသောအမှု ဖြစ်သည်။ တစုံတယောက်၏ အသက်ကို ဖျက်ဆီး နှောက်ယှက်သူသည် ပြင်းထန်သော ဝဋ်ကြွေးကို ခံစားရမည် ဖြစ်သည်။