အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက တာဝန်ယူချိန်မှ စကာ ၎င်း၏ ပထမဦးစားပေးမှာ နိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်ဖြစ်သည်ဟု ပြောဆိုထားသည်။
သို့သော် မွန်ပြည်နယ်မှ တံတားတခုကို မြန်မာလွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့် အနေဖြင့် “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် မတ်လ ၁၄ ရက်နေ့က ဆုံးဖြတ်လိုက်သောလုပ်ရပ်မှာ ထိုကတိကဝတ်ကို အပြင်းအထန် အင်အားချည့်နဲ့သွားစေခဲ့သည်။
ထိုအဆိုပြုအမည်နှင့်ပတ်သက်၍ ဒေသခံများက ဆန့်ကျင်ကန့်ကွက်နေကြသော်လည်း ပြည်သူ့လွှတ်တော်သည် ဗိုလ်ချုပ်အောင်ဆန်းတံတားဟူသော အမည်ပေးရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုအဆိုကို မဲခွဲဆုံးဖြတ်ရာ ၂၁၇ မဲ ထောက်ခံမှုရပြီး မဲများသောကြောင့် အတည်ပြုခဲ့ကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးတို့က ကန့်ကွက်ခဲ့ကြပြီး ၁၁၆ ဦးက မဲမပေးဘဲ ကြားနေခဲ့ကြသည်။
သံလွင်မြစ်ကို ဖြတ်ပြီး မော်လမြိုင် နှင့်ချောင်းဆုံမြို့နယ်ကို ဆက်သွယ်သည့် ၁.၅ ကီလိုမီတာရှည်သောတံတားကို ဗိုလ်ချုပ်အမည်ပေးခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားတည်ကြည်မှုကို ဂုဏ်ပြုရန်၊ သူ၏အမွေအနှစ်ကို အသိအမှတ်ပြုရန်နှင့် သူပျိုးထောင်ခဲ့သော ပြည်ထောင်စုစိတ်ဓါတ်ကို အထိမ်းအမှတ်ပြုရန်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ဒေသခံပြည်သူများနှင့် အစိုးရတို့ကြား ညှိုနှိုင်းခြင်းဖြင့် လွယ်လင့်တကူဖြေရှင်းနိုင်မည်ဟု ပြည်သူအများ ယုံကြည်သော ထိုအငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ကို NLD ကြီးစိုးသော လွှတ်တော်နှင့်အစိုးရက ချမှတ်ခြင်းသည် ဒေသခံပြည်သူများ၏ ဆန္ဒကို မသိကျိုးကျွန်ပြု လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။
ထိုတံတားသည် ယခင်အစိုးရလက်ထက် စတင်တည်ဆောက်စဉ်က သံလွင်တံတား(မော်လမြိုင်) ဟု အမည် ရှိခဲ့သည်။ ယခင်လကမှ နုတ်ထွက်သွားသော ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး ခေါင်ဆောင်သော ပြည်နယ်အစိုးရကလည်း ထိုအတိုင်း သဘောတူခဲ့သည်။
ဆောက်လုပ်ဆဲတံတားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် အမည်ပေးဖွင့်လှစ်နိုင်ရန် ကြိုးစားခဲ့ရာမှ ကျယ်ကျယ်လောင်လောင် ဆန့်ကျင်မှုများရှိလာသည်။ ဒေသခံများက ထိုတံတားအရေးကို လူမှု ကွန်ရက်များတွင်လည်း ရက်သတ္တပတ်များစွာ ဝေဖန်ဆန့်ကျင်နေသည်သာမက ပြင်ပတွင် ဆန္ဒထုတ်ဖော် ပြသခဲ့သည်။
လွှတ်တော်၏ဆုံးဖြတ်ချက်ကြောင့် NLD အပေါ် လူမျိုးစုများ၏ အယုံအကြည် ပိုမိုကင်းမဲ့လာနေပြီး လူများစု ဗမာများအပေါ်လည်း ရွံမုန်းမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ သို့သော် ဗမာတိုင်းရင်းသားများသည်လည်း ထိုဆုံးဖြတ်ချက်ကြောင့် လူနည်းစုများအပေါ် အားနာကြရပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ် မနှစ်သက်ကြကြောင်း ပြောဆိုကြသည်။
ဒေသခံ လူနည်းစု၏ ဆန္ဒကို ပယ်ချခြင်းသည် ဒီမိုကရေစီနိုင်ငံတခုကို ကိုယ်စားမပြုဘဲ ပိုမို၍သာ သွေးကွဲစေမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနများ၏ တာဝန်သက်သက်သာ ဖြစ်သင့်သော တံတားအမည်ပေးခြင်းထက် ပိုမိုအရေးပါသောပြဿနာများစွာ ရှိသည်။
သံလွင်တံတားကိစ္စသည် NLD လွှမ်းမိုးသော လွှတ်တော်က ပြည်သူ့အသံကို နားထောင်ဖြည့်ဆည်းရန် (လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ကတိကဝတ်) တာဝန်ကို ပျက်ကွက်ခြင်း ဖြစ်သည်။
ပါတီ ဆုံးဖြတ်ချက်အပေါ် မကြိုက်ကြသော်လည်း NLD အဖွဲ့ဝင်အများစုက ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင် ပြောကြားခြင်းမပြုဘဲနှင့် NLD ဗျူရိုကရေစီ ချုပ်ကိုင်မှုအပေါ် မျက်ကန်း သဖွယ်ပြုနေခြင်းမှာ ဝမ်းနည်းစရာကောင်းသည်။
ထိုကိစ္စကို လွှတ်တော်တွင် မည်သည့်အချိန်တွင်မျှ မတင်သင့်ခဲ့ပေ။
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူတို့၏ နှလုံးသားတွင် အစဉ်အမြဲ အမှတ်ရနေမည်မှာ မလွဲဘဲ ထိုလွှတ်တော်၏ အပြုအမူကသာ ဗိုလ်ချုပ်အား ထပ်မံ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်ဟု လေ့လာသူများက ရှုမြင်သည်။
တပြိုင်တည်းတွင် NLD လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီဗဟိုကော်မတီ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ရှိနေသည်၊ ၎င်းတို့သည် အဆိုမတင်သွင်းမီ ပါတီ၏အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၏ အတည်ပြုမှုရယူရန်လိုသည် ဟုလည်း သတင်းများထွက်ပေါ်နေသည်။ သံလွင်တံတားဆိုင်ရာ ဆုံးဖြတ်ချက်မှာ ထိပ်ဆုံး အာဏာပိုင်များထံမှ လာသည်ဟုလည်း သတင်းများထွက်လျက်ရှိသည်။
ယခုအချိန်သည် NLD မူဝါဒများ မည်သည်တို့ မှားယွင်းနေသလဲဆိုသည်ကို သုံးသပ်ရန်အချိန်ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းရာတွင် မြန်မာစစ်တပ်နှင့် လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအကြား သင့်မြတ်ရေးရရှိအောင် ဆောင်ရွက်ခြင်းသာမက ပြည်သူလူထုပါ ပါဝင်သင့်သည်။
NLD အစိုးရသည် တံတားကိစ္စတွင် ၎င်းတို့ တပ်ချင်သော အမည်ကို ကမ္မည်းရေးထိုးခွင့်ရလိုက်မည် ဖြစ်သော်လည်း အငြင်းပွားမှု ဖြစ်ခဲ့ရသော တံတားတစင်းအဖြစ်သာ ပြည်သူများက အမှတ်ရနေကြလိမ့်မည် ဖြစ်သည်။ ထို့အတူ အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်မှုတည်ဆောက်ရေးအတွက် အဓိကသော့ချက် ဖြစ်သည့် လူနည်းစုတိုင်းရင်းသားများ၏ ယုံကြည်မှုကို ဆုံးရှုံးလိုက်ရသည်။