မြန်မာနိုင်ငံတွင် အကွက်ချကြံစည် သီအိုရီများ (conspiracy theory) ခေတ်စားတတ်သည်။ အများစုမှာ စိတ်ကူးယဉ် ပုံပြင်များ ဖြစ်ကြသည်ကို တွေ့ခဲ့ပြီး ဖြစ်သော်လည်း အခုတကြိမ်တွင် နောက်တခု ပေါ်ထွက်လျှက်ရှိသည်။ သက်ရောက်မှု အလားအလာများအရ ဆင်ချင်သုံးသပ်ရန် ထိုက်တန် ပါသည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို ဖြုတ်ချ၍ စစ်အစိုးရသစ်တခု ဖွဲ့စည်းမည်ဟု အဆိုပါ သီအိုရီက ဆိုသည်။
၂၀၁၆ ခုနှစ် မတ်လတွင် NLD ပါတီ အာဏာရရှိခဲ့၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာပြီး တနှစ်ပြည့်သည့် အချိန်တွင် ထိုသီအိုရီက မီဒီယာ သတင်းများကြောင့် ပြန်လည် ပေါ်ပေါက်လာရသည်။ သမိုင်းဝင် အဖြစ်အပျက် ၂ ခုလုံးက စိတ်မသက်သာစရာ သုံးသပ်မှုများ ပေါ်ထွက်စေခဲ့ပြီး ခြွင်းချက်မရှိ အားလုံးနီးပါးက NLD အစိုးရ၏ ပထမဆုံး နှစ်ကို စိတ်ပျက်ကြောင်း ဖော်ပြခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်လည်း ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အများစု နေထိုင်ကြသည့် နိုင်ငံမဲ့ “ရိုဟင်ဂျာ” မွတ်ဆလင်များအတွက် ဝင်ရောက်ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်း စုကြည်က ညင်းဆန်ခဲ့ခြင်းအပေါ် စိတ်ပျက်နေကြသည့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ၏ ဝေဖန်မှု ဖြစ်သည်။
ထိုကဲ့သို့သော သုံးသပ်ချက်များ ထွက်ပေါ်လာပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် သူ၏ အစိုးရဘက်မှ ရှေ့နေလိုက်သူများက သူတို့၏ ခုခံကာကွယ်မှုကို အလျှင်အမြန် ပြောင်းလဲခဲ့ကြပြီး အစိုးရသစ်တခုကို အကဲဖြတ်ရန် စောလွန်းသေးကြောင်း ပြောဆိုခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က NLD အမွေဆက်ခံခဲ့ရသော ရှုပ်ထွေးသည့် ပြဿနာများကိုု သူတို့က ထောက်ပြခဲ့သည်။ ကိစ္စအချို့မှာ ကိုလိုနီခေတ် အထိပင် ပြန်ရောက်သွားသည်။ အချို့က ဝေဖန်မှုများကို ဒေါ်အောင်ဆန်းစုကြည်ထံမှ နေ၍ တပ်မတော်ဆီသို့ လမ်းကြောင်းလွဲသွားအောင် ကြိုးစားခဲ့ကြသည်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် ပြဿနာများ၏ အရင်းအမြစ် အကြောင်းတခု ဖြစ်သည်ဟု သူတို့ မြင်သောကြောင့် ဖြစ်သည်။
အချို့ကမူ ထိုထက်ပို၍ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို တမင်သက်သက် နည်းလမ်းအမျိုးမျိုးဖြင့် နှောက်ယှက်နေသည်ဟု ဆိုကြသည်။ စစ်ဗိုလ်ချုပ်ကြီးများ၏ အစီအစဉ် ဖြစ်သည်ဟု အမြဲတမ်း ပြောခဲ့ကြသည်။ ထိုကဲ့သို့ သုံးသပ်သူများ၏ အမြင်အရကြည့်မည်ဆိုလျှင် NLD အာဏာရသည့် အချိန်မှစ၍ အရပ်သား အစိုးရ အောင်အောင်မြင်မြင် တည်ထောင်ရမည့် အခွင့်အရေးကို ငြင်းပယ်ရန် နှင့် မြန်မာပြည်သူများကိုလည်း သူတို့လိုချင်သည့် အပြောင်းအလဲကို ခွန်အားရှိသည့် စစ်အစိုးရတခုကသာ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သွေးဆောင်ရန် တပ်မတော်က လူကြမ်းနေရာမှ ကခဲ့ သည်ဟူ၍ ဖြစ်ပေလိမ့်မည်။
အသွင်ကူးပြောင်းရေးက ပိုမို၍ ဒီမိုကရေစီဆန်သည့် စနစ်တခု ဖြစ်လာသော်လည်း တပ်မတော်က မြန်မာနိုင်ငံတွင် အာ ဏာ အပြည့်ဝဆုံး နိုင်ငံရေး အင်အားတခုအဖြစ် ဆက်လက်တည်ရှိနေသည်မှာ မှန်ကန်ပါသည်။ လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာ ၄ ပုံ ၁ ပုံကို ခန့်ထားခွင့် ရှိသည်။ အရေးပါသည့် ဝန်ကြီးဌာန ၃ ခုကို တိုက်ရိုက်ထိန်းချုပ်ထားပြီး အာဏာပြင်းသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း သွယ်ဝိုက်၍ ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဗျူရိုကရေစီတွင်လည်း တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိဟောင်းများက လွှမ်းမိုးထားဆဲ ဖြစ်သည်။
အကယ်၍ NLD အစိုးရကို အားနည်းစေရန် သို့မဟုတ်ဖြုတ်ချရန် ဗိုလ်ချုပ်ကြီးများတွင် ရေရှည်အစီအစဉ်တခု ရှိမည်ဆို လျှင် သူတို့တွင် နည်းလမ်းများ ရှိပါသည်။ သို့သော်လည်း ကျနော်တို့ သေချာစွာ ပြောနိုင်သည့် တခုတည်းသော အစီအစဉ် မှာ NLD အာဏာရရန် အထောက်အကူပေးခဲ့သည့် အစီအစဉ် ဖြစ်ပါသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်တခုကျော်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများသည် ယခင်စစ်အစိုးရဟောင်းက ဖော်ဆောင်ခဲ့သည့် ပုံစံအတိုင်း ဖြစ်ခဲ့သည်ကို သံသယရှိစရာ မလိုပါ။ ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်က အဆင့် ၇ ဆင့်ပါဝင်သည့် အစီအစဉ်တခုကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းကို စစ်အစိုးရက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လမ်းပြမြေပုံအဖြစ် သတ်မှတ်ခဲ့သည့်အတိုင်း ဖြစ်ခဲ့သည် မဟုတ်လော။
အားလုံး အစီအစဉ်တကျ
ပထမဆုံး အဆင့်မှာ အခြေခံဥပဒေသစ် တခုရေးဆွဲရန် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှ စ၍ ရပ်ဆိုင်း ထားခဲ့သည့် အမျိုးသား ညီလာခံကို ပြန်လည်ကျင်းပရန် ဖြစ်သည်။ ဒုတိယနှင့် တတိယ အဆင့်မှာ ပိုမို၍ ဒီမိုကရေစီ ကျ သော စနစ်တခုကို စတင် အကောင်အထည်ဖော်ရန် နှင့် အခြေခံဥပဒေသစ်တခု ရေးဆွဲရန် ဖြစ်သည်။ စတုတ္ထနှင့် ပဉ္စမ အဆင့်မှာ အခြေခံ ဥပဒေကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် နှင့် အစီအစဉ်တွင် ဖော်ပြသည့် အတိုင်း ရွေးကောက်ပွဲကျင်းပ၍ ဥပဒေပြု ကိုယ်စားလှယ်များ ရွေးချယ်ရန် ဖြစ်သည်။ ဆဌမ အဆင့်မှာ လွှတ်တော် အသစ်တခု ခေါ်ယူရန် ဖြစ်သည်။
နောက်ဆုံး အဆင့်မှာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတခု တည်ဆောက်ခြင်း အဖြစ် ဖော်ပြခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်၏ သဘောသဘာဝ၊ နောက်ဆုံးရလဒ်တို့ နှင့် ပတ်သက်သော မေးခွန်းများကို ဘေးဖယ်ထားမည် ဆို လျှင် စစ်အစိုးရက ဆောင်ရွက်ရန် ၎င်းတို့ ကတိပြုထားသည့် အတိုင်း အစီအစဉ်တကျ ဆောင်ရွက်သွားသည်ဟု ဆိုနိုင်ပါ သည်။ လမ်းပြမြေပုံ အတိုင်း အနီးစပ်ဆုံး ဆောင်ရွက်ခဲ့သည်။ အမျိုးသား ညီလာခံက ရေးဆွဲခဲ့သည့် အခြေခံ ဥပဒေ မူ ကြမ်းကို ဂရုတစိုက် စီမံထားသည့် ဆန္ဒခံယူပွဲမှ တဆင့် ၂၀၀၈ ခုနှစ်တွင် အခြေခံ ဥပဒေ သစ်တခု အဖြစ် အတည်ပြုနိုင် ခဲ့သည်။ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး နောက်နှစ်တွင် လွှတ်တော်ကိုယ်စားလှယ်သစ်များ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ မကြာမီမှာပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
ထို့ပြင် ၂၀၁၂ ခုနှစ်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ် လောင်းများက လစ်လပ်သော ကိုယ်စားလှယ် ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲမှာ အဘက်ဘက်က ကြည့်လျှင် အတော်လေးပင် လွတ်လပ်၍ တရားမျှတမှု ရှိခဲ့သည်။ NLD ပါတီက ကိုယ်စားလှယ်နေရာ ၈၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်း စုကြည် သမ္မတ တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိခဲ့သော်လည်း သူ့ကို သမ္မတ အထက်မှ နေရာတခုပေးနိုင်မည့် ဟာကွက်တခုကို ရှာဖွေနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းက မှတ်သားလောက်စရာ အသွင်ပြောင်းလဲလာခြင်းမှာ တပ်မတော်၏ ထိပ်တန်း အရာရှိများက ထိုသို့ လုပ်ဆောင်ရန် ခွင့် ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး၏ မည်သည့်အဆင့်တွင်မဆို ရပ်တန့်အောင် သို့မဟုတ် ကြိုးကိုင်ချယ်လှယ်ခြင်းကို ဗိုလ်ချုပ်ကြီးများက (လုပ်လိုပါက) လုပ်နိုင်ခဲ့ပါသည်။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးက အလွန် ကြောင်းကျိုး ဆီလျှော်သည်ဟု သူတို့ မျှော်လင့်ချင်မှ မျှော်လင့်ခဲ့ပါလိမ့်မည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ဖန်တီးခြင်းကတော့ သူတို့ကို အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က NLD ကို အာဏာရရှိအောင် ဦးဆောင်၍ တိုင်းပြည်၏ ခေါင်းဆောင် ဖြစ်လာမည်ကို သူတို့ ကြို တင် မျှော်လင့်ပြီး ဖြစ်ပါမည်။
ထိုကိစ္စနှင့် ပတ်သက်၍ NLD အာဏာရသည်ကို တပ်မတော်က မြင်ချင်ခဲ့သည်၊ သို့မှသာလျှင် NLD ကျရှုံးသည်ကို သူတို့ မြင်နိုင်ပြီး အရပ်သားများ၏ မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး နှင့် နိုင်ငံရေး အားနည်းချက်များကို ဖော်ပြရန် ဖြစ်သည် ဆိုသည့် အကြောင်းပြချက်ကတော့ လက်မခံနိုင်စရာ ဖြစ်သည်။
သို့သော် အောက်ပါအချက်အလက်များကမူ လက်ခံနိုင်စရာ ဖြစ်သည်။
အာဏာ ရရှိသည့် အချိန်ကစ၍ ဒေါ်အောင်ဆန်းစုကြည်သည် သြဇာ ဆက်လက် လွှမ်းမိုးထားဆဲ ဖြစ်သော တပ်မတော်၏ ကဖျက်ယဖျက် လုပ်မှုများ နှင့် ရင်ဆိုင်ခဲ့ကြသည်။ လွှတ်တော် အတွင်းမှ စစ်ဘက်ကိုယ်စားလှယ်များ အစုအဖွဲ့ အခြေခံဥ ပဒေ ပြင်ဆင်ရန် သူ၏ အားထုတ်မှုများကို ပိတ်ပင်ခဲ့သည်။ နိုင်ငံတော် လုံခြုံရေး နှင့် ပတ်သက်သော အရေးကိစ္စတိုင်း တွင် တပ်မတော်က လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိနေသည့် တပ်မတော်က မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများကို လွတ်လပ်စွာ ဆောင်ရွက်ခဲ့သည်။ စစ်ဘက်နှင့် ရဲတပ်ဖွဲ့ တို့က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင် အသိုင်းအဝိုင်း အပေါ်ကြမ်းတမ်းသော စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။
တပ်မတော်၏ ဝင်ရောက်စွက်ဖက်မှု
သဘောထားတင်းမာမှုကို သဘောကျသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ လက်ထဲတွင် တပ်မတော်၏ အခွင့် အာဏာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ခန့်နှင့် ကျယ်ပြန့်သော သဘောတူညီမှု တခု ရရှိရေးကို ဦးတည်သည့် ဒေါ်အောင်ဆန်းကြည်၏ ၂၁ရာစု ပင်လုံညီလာခံ အပေါ်တွင်လည်း သက်ရောက်မှု ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော ကြမ်းတမ်းသည့် နည်းဗျူဟာများက မြန်မာနိုင်ငံကို နိုင်ငံတကာမှ ပြင်းပြင်ထန်ထန် ဝေဖန်မှုများ ဖြစ်ပေါ် လာစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရမှာ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အမှန်တကယ်ပါ ဝင်ခဲ့ခြင်းမရှိဟု ဆိုလျှင်ပင် အားနည်းမှုများနှင့် ထိရောက်မှုမရှိသည့် အသွင် ဖြစ်စေခဲ့သည်။
အရပ်သား အစိုးရ၏ အရည်အချင်း မပြည့်ဝမှုနှင့် စာနာမှု ကင်းမဲ့မှုများ ပိုမိုပေါ်ထွက်လာသည်နှင့်အမျှ အများစုက ဆုံးဖြတ်ချက်ပြတ်သား၍ ထိရောက်စွာ ဆောင်ရွက်နိုင်သော စစ်အစိုးရတခုကို တောင်းဆိုလာလိမ့်မည်ဟု အကွက်ချကြံစည် သီအိုရီများက ဆိုသည်။
သို့သော်လည်း အဆိုပါ အယူအဆက NLD သည် ၎င်း၏ ကိုယ်ပိုင် ပြဿနာ အများအပြားအတွက် တာဝန်ရှိကြောင်း ဖော် ပြရန် ပျက်ကွက်ခဲ့သည်။ NLD က အသေးစိတ်ကျသော မူဝါဒ အနည်းငယ် သို့မဟုတ် အပြောင်းအလဲအတွက် နည်းဗျူ ဟာ အနည်းငယ်မျှ နှင့် အာဏာ ရယူခဲ့ခြင်း ဖြစ်သည်။ လုပ်ဆောင်ချက် အသစ်များက စည်းစနစ်ကျနမှု နည်းပါးပြီး ပြည့်သူ့ဆက်ဆံရေးကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သီးခြားနေတတ်မှု၊ သြဇာ လွှမ်းမိုးလိုသော စတိုင်နှင့် အရာရာတိုင်းကို ထိန်းချုပ်ရန် စိတ်အားထက်သန်ခြင်းတို့က မကျေနပ်မှုများ နှင့် အလုပ် မတွင် ကျယ်ခြင်းများ ဖြစ်စေခဲ့သည်။ ရိုဟင်ဂျာ မွတ်ဆလင်များ နှင့် ပတ်သက်၍ လူသိရှင်ကြား ပြောဆိုရန် ငြင်းဆန်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရ၏ နိုင်ငံတကာ ပုံရိပ်ကို ထိခိုက်ကျဆင်းစေခဲ့သည်။
အကွက်ချကြံစည် သီအိုရီသမားများက စစ်ဗိုုလ်ချုပ်များသည် ၂၀၁၁ ခုနှစ်တွင် အာဏာစွန့်လွှတ်ရန် မဖြစ်မနေလိုအပ် ခြင်း မရှိခဲ့သည့် အချက်ကိုလည်း မျက်စိမှောက်ခဲ့ကြသည်။ ထို့သို့ ပြုလုပ်ရန် သူတို့ စစ်ပွဲတွင် ရှုံးနိမ့်ခြင်း သို့မဟုတ် ပြင်ပဖိအားပေးမှုများ သူတို့ အပေါ်တွင် ရှိမနေခဲ့ပါ။ အမှန်စင်စစ်အားဖြင့် စစ်အစိုးရသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းသည့် အချိန်နောက်ပိုင်း မည်သည့် အချိန်ထက်မဆို အာဏာ ပို၍ပြည့်ဝနေပြီ ဖြစ်သည်။ သူတို့က တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားနိုင်စွမ်း ရှိပါသည်။ သို့သော်လည်း သူတို့က တိုင်းပြည်၏ အကျိုးစီးပွားနှင့် သူတို့၏ အကျိုးစီးပွားကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ အကူအညီများကို ဆွဲဆောင်နိုင်ပြီး ပိုမို လူကြိုက်များမည့် အရပ်သားတပိုင်း အစိုးရက အကောင်းဆုံး အထောက်အပံ့ ပေးနိုင်သည့်အတွက် အာဏာကို အဆုံးသတ်ခဲ့ကြသည့် အသွင်ရှိပါသည်။
စစ်ဗိုလ်ချုပ်များက မြန်မာနိုင်ငံကို အနည်းဆုံး တိုက်ရိုက် မအုပ်ချုပ်ချင်တော့ပါ။ တပ်မတော်က အမျိုးသားနိုင်ငံရေးတွင် ၎င်း၏ အဓိက နေရာကို ကာကွယ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ယခင် စစ်အစိုးရ၏ တို့တာဝန် အရေး ၃ ပါးဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စိန်ခေါ်လာမှု မှန်သမျှအား သူတို့ တုန့်ပြန်သွားမည် ဖြစ်သည်။
သို့သော်လည်း အဆိုပါ သတ်မှတ်ချက်များအတွင်း သူတို့၏ ရည်ရွယ်ချက်အများအပြားကို ဝေမျှခွဲပေးထားသဖြင့် NLD အစိုးရကို သူတို့က အောင်မြင်စေချင်သည်။ သူတို့ကလည်း မြန်မာနိုင်ငံကို အင်အားကောင်းသော၊ ခေတ်မီသော၊ အောင်မြင်သော၊ တည်ငြိမ်သော၊ စည်းလုံးသော၊ လွတ်လပ်သော အများလေးစားမှုကို ခံရသော နိုင်ငံတခု ဖြစ်စေလို ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီး ဖြစ်သည်။
တပ်မတော်ထဲမှ အဖွဲ့ဝင် အချို့က သူတို့ အာဏာလက်လွှတ်ခဲ့ရခြင်းကို နောင်တရပြီး NLD အစိုးရ၏ လက်ရှိ ဒုက္ခများကို ကျေနပ် နှစ်သိမ့်နေကြမည်မှာ သံသယရှိစရာ မလိုပါ။ အရေးပေါ် အခြေအနေတခုတွင် တပ်မတော်က တိုင်းပြည်ထိန်းချုပ် မှုကို ပြန်လည်ရယူရန် အရေးပေါ် အစီအစဉ်များလည်း ရှိကောင်းရှိနိုင်ပါသည်။ သို့သော်လည်း ထိပ်တန်းအရာရှိကြီးများ ကမူ အခက်အခဲများနှင့် အရှုပ်အထွေးများ စီမံခန့်ခွဲရခြင်းကို NLD လက်သို့ ပေးအပ်ပြီး ကျေနပ်ရောင့်ရဲနေကြသည့် အသွင် ရှိပါသည်။ တဘက်တွင်လည်း အကျိုးကျေးဇူးရှိမည့် အဓိကကျသော နေရာများ နှင့် စီပွားရေး အခွင့်အလမ်းများ၊ စစ်ရေးဆိုင်ရာ နိုင်ငံခြား အဆက်အသွယ်များ ကဲ့သို့သော ပြန်လည်ရရှိနိုင်မည်များကို သိမ်းပိုက်ရန် သေသေချာချာ စောင့်ကြည့်နေကြမည် ဖြစ်သည်။
ထို့ကြောင့် အကွက်ချကြံစည်မှု သီအိုရီသမားများကို အဖြေပေးရမည်ဆိုလျှင် … ဟုတ်ပါသည်။ စစ်ဗိုလ်ချုပ်ကြီးများတွင် အစီအစဉ်တခု ရှိပါသည်။ ထို အစီအစဉ်မှာ အစိုးရ၏ နေစဉ်တာဝန် ဝတ္တရားများမှ နောက်ဆုတ်ရန် နှင့် ပိုမို၍ ဒီမိုကရေစီ ဆန်သော အသွင်ကူးပြောင်းရေးကို ခွင့်ပြုရန်ဖြစ်သည်။ တပ်မတော်က ကြီးမားသော သြဇာလွှမ်းမိုးမှုကို ဆက်လက်ကျင့် သုံးနေဆဲ ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများထံတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကျရှုံးစေမည့် ဒုတိယ လျှို့ဝှက် အကြံအစည်တခု ရှိနေသည် ဆိုခြင်းက ယုံကြည်လက်ခံနိုင်လောက်စရာ မရှိပါ။ ရှိခဲ့လျှင် ထိုအကြံအစည်က ပထမပိုင်း ရည်ရွယ်ချက်များကို ပျက်ပြားသွားစေလိမ့်မည် ဖြစ်သည်။
တပ်မတော်က လက်ရှိ အစိုးရ၏ ပထမသက်တမ်းပြီးဆုံးသည်အထိ တာဝန်ယူခွင့်ပြုသွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီး ဖြစ်သည်။ ထိုနောက်ပိုင်းတွင်တော့ ဘာတွေဖြစ်လာမည်ကို မှန်းဆရန် ခက်ခဲပါသည်။ မြန်မာနိုင်ငံရေးရာ စောင့်ကြည့်လေ့လာသူ အချို့ သဘောကျသော ဖြစ်နိုင်ချေ ဇာတ်လမ်းတခု မှာ နောက်လာမည့် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် စစ်တပ်ကို ထောက်ခံသည့် ပါတီတခု အင်အားကောင်း လာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပင် ပါတီကို ဦးဆောင်လာနိုင်သည် ဟူ၍ ဖြစ်သည်။ ထိုသို့ ဖြစ်လာခဲ့ လျှင် အဆိုပါ ပါတီ၏ ကိုယ်စားလှယ်လောင်းများက NLD ၏ အားနည်းချက်များကို ထောက်ပြ၍ သူတို့၏ ခေါင်းဆောင် များက အများစု၏ မျှော်လင့်ချက်များ နှင့် ကိုက်ညီကြောင်း ပြောဆိုလာသည်ကို ကြားရလျှင် မည်သူမျှ အံ့သြမနေသင့်ပါ။
(Andrew Selth သည် Griffith Asia Institute မှ တွဲဖက်ပါမောက္ခ တဦး ဖြစ်ပြီး သူနောက်ဆုံးရေးသား ခဲ့သည့် စာအုပ်မှာ နယူးယောက်မြို့ရှိ Routledge စာအုပ်တိုက်မှ ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော “Burma, Kipling and Western Music: The Riff from Mandalay” အမည်ရှိ စာအုပ်ဖြစ်သည်။ ၎င်း၏ Nikkei Asian Review ပါ Why Myanmar’s military is not planning a coup ကို ဘာသာပြန်ဆိုသည်)