ကယ်တင်ရှင် ပေါက်ဖော်ကြီး

အောင်ဇော်
နိုဝင်ဘာလ ၂၄ ရက်နေ့ ဘေဂျင်းတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင်ဖျင့်က လက်ခံတွေ့ဆုံစဉ်
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အကျပ်အတည်း ရင်ဆိုင်ရတိုင်း နိုင်ငံတကာက တရုတ်နိုင်ငံကို မီးမောင်းထိုးပြသည်။ သို့သော် မြန်မာခေါင်းဆောင်ပိုင်းအတွက် အချိန်အခါရွေးချယ်မှုသည် အရေးပါသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော်၏ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးများသည် လူမျိုးစု သန့်စင်ရှင်းလင်းမှုဖြစ်သည်ဟု ပထမဆုံးအကြိမ် ပြောကြားလိုက်ပြီး ထိုစက်ဆုပ်စရာ ရက်စက်ကြမ်းကြုတ်မှုဟု ၎င်းတို့သတ်မှတ်သော လုပ်ရပ်များအတွက် တာဝန်ရှိသူများကို ပစ်မှတ်ထား အရေးယူမှုပြုလုပ်မည်ဟု ခြိမ်းခြောက်သည်။

သြဇာကြီးမားလှသော မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ထွက်ခွာသွားပြီး ၂ ရက်အကြာတွင် အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် လီကျူးဝေါ်ချင်းကမူ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုသည် မြန်မာနိုင်ငံအတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးပွဲတခုတွင် ပြောသည်။

“ရှုပ်ထွေးပြောင်းလဲလွယ်သော လုံခြုံရေးအခြေအနေများကို တွေ့ကြုံရသော အချိန်များတွင် နှစ်နိုင်ငံတပ်မတော်များအကြား သေနင်္ဂဗျူဟာကျသောဆက်ဆံရေးကို ထိန်းသိမ်းထားရန် တရုတ်နိုင်ငံက လိုလားသည်” ဟု လီက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားကြောင်း ကိုးကားရေးသားကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားသော တပ်မတော် ထိပ်တန်းခေါင်းဆောင်များသည် အမေရိကန်ပြည်ထောင်စု၏ အရေးယူမှုပစ်မှတ်များတွင် ပါကောင်းပါနိုင်သော်လည်း တရုတ်နိုင်ငံက သူတို့ကို ကြိုဆိုသည်ဟု ခံစားရစေသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော တွက်ချက်ထားသည့် သေနင်္ဂဗျူဟာ လှုပ်ရှားမှုတခု ထပ်မံ လုပ်ဆောင်လိုက်ပြန်ပြီ။

နေပြည်တော်ရောက် ဝမ်ယိ

တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်အပြီး မကြာမီမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေတွင် ကြားဝင်ညှိနှိုင်းရန် အာရှ ၂ နိုင်ငံဖြစ်သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် ထူးခြားလှသည်။ တရုတ်နိုင်ငံသည် ထိုအာရှ ၂ နိုင်ငံလုံးတွင် သက်တမ်းရှည်သော မိတ်ဆွေနှင့် သေနင်္ဂဗျူဟာကျသော မိတ်ဖက်များအဖြစ် ရင်းနှီးမြှုပ်နှံပြီး တရုတ်နိုင်ငံ၏ ရေရှည်အမြင်ကို ပြသလိုက်သည်။

မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း ဝမ်ယိသည် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။

ကြားဝင်ညှိနှိုင်းသူ အခန်းကဏ္ဍကို ယူပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနှင့် ဘဂ်လားဒေ့ရှ်တို့ အနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ အစီအစဉ်တခုအရ လုပ်ဆောင်ခြင်းထက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောလာသည်။ နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ထိုသို့သော အနေအထားမျိုး ဖြစ်ပေါ်လာစေရန် လိုအပ်သော ခိုင်မာသည့် အခြေအနေများ ဖန်တီးပေးသင့်သည်ဟူသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲတခုတွင်လည်း အလေးထားပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ရခိုင်ပြည်နယ်အရေးအပေါ် တရုတ်နိုင်ငံ၏ နားလည်မှုကို ကျေးဇူးတင်ခဲ့ကြပြီး တရုတ်နိုင်ငံက အဆိုပြုသော ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေး အဆင့် ၃ ဆင့်ပါ စီမံကိန်းကို သဘောတူကြသည်။ လက်ရှိအနေအထားသည် မဝေးကွာလှသေးသော အတိတ်ကို ပြန်ပြောင်း သတိရစရာ ဖြစ်နေသည်။ မြန်မာနိုင်ငံ စစ်အစိုးရအောက်တွင် ရှိနေစဉ်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ကုလသမဂ္ဂတွင် ခြွင်းချက်မရှိ ထောက်ခံပြီး ယခု ရခိုင်ပြည်နယ် အကျပ်အတည်းတွင် လုပ်ဆောင်သည့်အတိုင်း ပြဿနာအများအပြားတွင် မြန်မာနိုင်ငံကို ဝေဖန်မှုများမှ အကာအကွယ် ပေးထားသည်။

အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံများသည် ထိုစဉ်က စစ်အစိုးရကို ပြစ်တင်ရှုတ်ချကြပြီး အရေးယူပိတ်ဆို့မှုများလည်း ချမှတ်ထားချိန်တွင် တရုတ်နိုင်ငံသည် ထိုအပစ်ပယ်ခံ အစိုးရကို အဓိကထောက်ခံကာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်သည် မမျှော်လင့်ထားသော ခရီးစဉ် မဟုတ်သော်လည်း (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားထားသည်မှာ လအတန်ကြာပြီဖြစ်သော်လည်း အများမသိသော အကြောင်းများကြောင့် ထိုခရီးကို ဆိုင်းငံ့ထားပြီး) ဝမ်ယိနှင့်တွေ့ပြီး မကြာမီ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်အတွက် အချို့သောလေ့လာသူများ အံ့သြသွားစေခဲ့သည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု စီမံကိန်း- BRI အရ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တည်ဆောက်ရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုထားပြီးဖြစ်သည်။ ထိုစီးပွားရေးစင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကို ဖြတ်သန်းပြီး အရှေ့ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ပါဝင်သဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေးသည် တရုတ်နိုင်ငံအတွက် လွန်စွာ အရေးပါသည်။ တရုတ်နိုင်ငံသည် ထိုစီးပွားရေးစင်္ကြန်ကို အိန္ဒိယသမုဒ္ဓရာသို့ ချဉ်းကပ်လမ်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ လက်တွေ့တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး သေနင်္ဂဗျူဟာစီမံကိန်းအတွက် ကုန်သွယ်ရေးချိတ်ဆက်မှုအရ၊ စွမ်းအင်လုံခြုံမှုအရနှင့် အလွန်ကြီးမားလှသော ပိုးလမ်းမကြီးစီမံကိန်းအရ ဗဟိုအချက်အခြာ ဖြစ်နေသည်။ ထိုစီမံကိန်းကြီးကို အနောက်နိုင်ငံများက ဝင်ရောက် သြဇာလွှမ်းမိုးမည်ကို တရုတ်နိုင်ငံက လက်မခံနိုင်သလို ထိုထက်ပိုမိုအရေးကြီးသော အချက်မှာ မြန်မာနိုင်ငံတွင် ပြည်ပစစ်စခန်းများကို လက်မခံနိုင်ခြင်းဖြစ်သည်။

၎င်း၏ ရည်မှန်းချက်ကြီးမားလှသော BRI စီမံကိန်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာသည် အရေးပါသောကြောင့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှု ပြန်လည်ရရှိသည်ကို မြင်လိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း အဓိကကျသော အခန်းမှ ပါဝင်မည်ဟု ကတိပြုထားသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးသည် တရုတ်နိုင်ငံ၏ ဩဇာအောက်တွင် ရှိနေပြီး တရုတ်နိုင်ငံ၏ ထောက်ခံမှုကိုပါ ရရှိထားသည်။ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ဆွေးနွေးပွဲစားပွဲဝိုင်းသို့ လာရောက်ရေး ဖျောင်းဖျပြောဆိုပေးရန် တရုတ်နိုင်ငံ၏ အကူအညီ လိုအပ်သည်။

ယခင်ကအတိုင်း တရုတ်နိုင်ငံသည် နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပလျှင် လူူမျိုးစုခေါင်းဆောင်များ တက်ရောက်ကြရန် ပြောထားသည်။ နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည့်ရက်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

‘အကိုကြီး၏’ အခန်းကဏ္ဍ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ‘အကိုကြီး’ နေရာယူနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီ ဖြစ်သည်။ ရိုဟင်ဂျာပြဿနာ၏ နိုင်ငံတကာဖိအားများအလယ်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ယခုထက်ပိုပြီး ဆက်ဆံရေး တိုးတက်နက်ရှိုင်းအောင် မည်သို့မည်ပုံ လုပ်ဆောင်ကြမည်ကို စောင့်ကြည့်လေ့လာရသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

ကွယ်လွန်သူ ဝန်ကြီးချုပ်ဦးနု၏ ကျော်ကြားလှသော စကားတခွန်းမှာ “ ကျနော်တို့လို နိုင်ငံငယ်လေးက ဘယ်အင်အားကြီးနိုင်ငံနဲ့မှ ပြဿနာဖြစ်ဖို့ အင်အားမရှိပါဘူး၊ အနည်းဆုံးတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပြဿနာဖြစ်လို့ မရပါဘူး”ဟူ၍ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံကို ကူညီနေသည်မှာ တရုတ် တနိုင်ငံတည်း မဟုတ်ပေ။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက လှုပ်ရှားမှုတခုခု လုပ်လိုက်တိုင်း အိန္ဒိယနိုင်ငံက မျက်ခုံး ပင့်ကြည့်တတ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပွားပြီး ရက်သတ္တပတ် အတန်ကြာတွင် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး အစိုးရနှင့် တပ်မတော်ကို အပြည့်အ၀ ထောက်ခံသောအခါ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကို ရခဲ့သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့ပြီး လေ့ကျင့်ရေး၊ အပြန်အလှန် လည်ပတ်ရေးနှင့် ထောက်လှမ်းရေးသတင်း ဖလှယ်ရေးတို့ လုပ်ဆောင်ရန်လည်း သဘောတူထားသည်။ အိန္ဒိယနိုင်ငံသည် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ထောက်ခံအားပေးမှုနှင့် အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်လည်း အိန္ဒိယနိုင်ငံက စိတ်အားထက်သန်သည်။ အိန္ဒိယနိုင်ငံသည် မေလက တရုတ်နိုင်ငံတွင် ကျင်းပသည့် ရပ်ဝန်းတခု၊ လမ်းတခု ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်ပြီး ဒေါ်လာဘီလျှံများစွာ ကုန်ကျမည့် BRI စီမံကိန်းကို ကန့်ကွက်သည်။

တရုတ်နိုင်ငံကို အန်တုရန် ဂျပန်နိုင်ငံသည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြီး အကူအညီများ တိုးပေးသည်။ ဂျပန်နိုင်ငံသည် မကြာသေးမီက ရန်ကုန်-မန္တလေး ရထားလမ်းပြုပြင်ရန်၊ လယ်သမားများ ဝင်ငွေတိုးတက်စေရန် အားထုတ်မှုများနှင့် အသေးစား အလတ်စားလုပ်ငန်းများ၊ နေထိုင်မှုဆိုင်ရာနှင့် လူမျိုးစုများကို ထောက်ကူရေးအတွက် ချေးငွေနှင့် အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ ဘီလျှံပေးမည်ဟု မကြာသေးမီက ကြေညာသည်။

ရုရှနိုင်ငံသည်လည်း ရခိုင်အရေးနှင့် ပတ်သက်ပြီး ချိန်ဆနေသည်။ “အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်မလာနိုင်လို့ ပြင်ပကနေ အလွန်အကျွံ စွက်ဖက်တာမျိုးကို ကျနော်တို့ ဆန့်ကျင်တယ်” ဟု ရန်ကုန်အခြေစိုက် ရုရှသံအမတ် နစ်ကိုလေ လစ်စတိုပါဗော့က မကြာသေးမီက ပြောသည်။

“ဖိအားပေးရုံ၊ အပြစ်တင်ရုံ၊ စွပ်စွဲရုံနဲ့တော့ အလုပ်မဖြစ်ဘူး” ဟုလည်း သူက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် ပြောသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ ရုရှ သံအမတ်က “ဒါကို မြန်မာဖက်က လုံးဝ လက်မခံနိုင်ဘူး။ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ဒီလိုလုပ်တာ အကျိုးမရှိဘဲ နစ်နာစေတယ်” ဟု ပြောသည်။

၂၀၀၉-၁၀ တွင်ရုရှသည် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ထိုထက် ပိုမိုအရေးပါသော ကိစ္စမှာ MIG-29 ကဲ့သို့သော တိုက်လေယာဉ်များကို မြန်မာနိုင်ငံက ရုရှထံမှ ဝယ်ယူနေခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်သည် ရာနှင့်ချီသော အရာရှိများကို နှစ်စဉ် ရုရှသို့ စေလွှတ်သင်တန်းတက်စေသည်။

သို့သော် တရုတ်နိုင်ငံက ထိုနိုင်ငံအားလုံးထက် ခြေလှမ်းများစွာ ဦးနေသည်။

အိမ်နီးချင်း တရုတ်သည် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု နှင့် အကူအညီများမှတဆင့် ထောက်ခံပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ဆိပ်ကမ်းများ၊ ဆည်များ စသည့် သေနင်္ဂဗျူဟာကျသော အခြေခံ အဆောက်အအုံ ရင်းနှီးမြှုတ်နှံမှု တည်ဆောက်ရာတွင် ထောက်ပံ့သည်။ သို့သော် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ယခုအခါ ပိုမိုနီးကပ်သော စစ်ဘက် ဆက်ဆံရေးသည်လည်း အစီအစဉ်တွင် ပါဝင်နိုင်သည်။ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း ရရှိခဲ့သော ကြီးမားလှသည့် မည်သည့်သဘောတူညီမှုမဆို၏ အသေးစိတ် အချက်အလက်များကို လေ့လာသင့်သည်။

နဂါးမယ်တော် ဖြစ်လာမလား

၂၀၁၆ ဧပြီလတွင် စတင်တာဝန် ထမ်းဆောင်ချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံနှင့်နွေးထွေးစွာ ဆက်ဆံပြီး အနောက်နိုင်ငံများကို အံ့အားသင့်စေခဲ့သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကလည်း အဆင့်မြင့်အရာရှိများ လည်ပတ်မှုကို အလျှင်အမြန် တိုးမြှင့်ပြီး မြန်မာနိုင်ငံအတွက် အကူအညီ၊ အထောက်အပံ့နှင့် သံတမန်ရေးရာလှုပ်ရှားမှုများ တိုးမြှင့်လိုက်သည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန်မှစ၍ မြန်မာနိုင်ငံကို ကူညီနေပုံရသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ရင်းနှီးမြှုပ်နှံခဲ့သော အနောက်နိုင်ငံများသည် သူမ၏ အစိုးရ အပေါ် ဩဇာကျဆင်းလာသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု၊ ရှုတ်ချမှုများ မြင့်မားလာသည်ကို တွေ့ရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသတွင်းအစိုးရများ၊ အစဉ်အလာ မဟာမိတ်များနှင့် လုပ်ကိုင်ရသည်မှာ ပိုမိုအဆင်ပြေသည်ဟု ယူဆလာမည်ဖြစ်သည်။ သို့သော် သူမသည် အနောက်နိုင်ငံများကို လျစ်လျူရှုထားခြင်း မရှိခဲ့ဘဲ အာဏာချိန်ခွင်လျှာ ချိန်ညှိရန်သာ ကြိုးစားခဲ့သည်။ သူမသည် ထိုအခြေအနေကို ထိန်းထားနိုင်မည်လား။ ထိန်းနိုင်လျှင်လည်း မည်မျှကြာကြာ ထိန်းထားနိုင်မည်နည်း။

မြန်မာနိုင်ငံသည် တံခါးဖွင့်ပြီး ဒေသတွင်း နှင့် အခြားဒေသများတွင် မဟာမိတ်များ အလျင်အမြန် ဖွဲ့နေစဉ် မဟာအင်အားကြီးနိုင်ငံများ၏ လွန်ဆွဲကွင်း ဖြစ်လာသည်မှာ သံသယ ရှိရန် မလိုပေ။ တရုတ်နိုင်ငံက စိတ်ပူပန်နေမည်ကိုလည်း သံသယ ရှိရန် မလိုပေ။

လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ တရုတ်နိုင်ငံသည် ၎င်း၏ မူလအခြေအနေကို ပြန်လည်ရရှိပြီးဖြစ်ကာ အနောက်အင်အားကြီးနိုင်ငံများနှင့် အိမ်နီးချင်း အင်အားကြီး နိုင်ငံများ တခါက အားပြိုင်နေသော မြန်မာနိုင်ငံတွင် ဩဇာကြီးမားပြီး အုပ်မိုးထားသော ပါဝင်ပတ်သက်သူဖြစ်နေမည်သာ ဖြစ်သည်။

တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်

မြန်မာပြည်သူများသည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို ပြန်လည်သုံးသပ်ရန် အသင့်ဖြစ်မဖြစ်ပြောရန် စောနေသေးသည်။ တရုတ်နိုင်ငံသည် ဖိနှိပ်သော ယခင်အစိုးရကို အဓိကထောက်ခံသူနှင့် တိုင်းပြည်၏ သယံဇာတများကို အဓိက အမြတ်ထုတ်သူ ဖြစ်ခဲ့သည်ဟု အကျယ်အပြန့်မြင်ကြသည်။ မြန်မာပြည်သူများသည် တရုတ်နိုင်ငံနှင့် ၎င်း၏ ရည်ရွယ်ချက်ကို အပြည့်အဝ လက်ခံကြသည်တော့ မဟုတ်ပေ။

မြန်မာပြည်သူများကို စည်းရုံးသိမ်းသွင်းနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ညိုးနွမ်းနေသော ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆည်ရမည်။

သို့သော် ရှုပ်ထွေးလှသော ရခိုင်ပြည်နယ်အရေးတွင် အကျိုးမရှိသော နည်းလမ်းကို သုံးပြီး အနောက်နိုင်ငံများက ကျင့်ဝတ်အရ အပေါ်စီးယူရန် ကြိုးစားခြင်းကြောင့် သာမန်ပြည်သူများ၏ ပြင်းထန်သော စိတ်ခံစားချက် တုံ့ပြန်မှုကို ဖြစ်စေသည်။ ထိုအခြေအနေကြောင့် ပြောင်ကျသော အနောက်တိုင်းဆန့်ကျင်ရေး စိတ်ဓာတ်များ မဖြစ်လျှင်ပင် အနောက်တိုင်း၏ သဘောထားအပေါ် သံသယဝင်လာနိုင်သည်။

ရခိုင်ပြည်နယ် အကျပ်အတည်း၏ နောက်ဆက်တွဲဖြစ်ရပ်များကို ကြည့်ပါက တရုတ်နိုင်ငံ အနိုင်ရသူဖြစ်သည်။ အချို့သော လေ့လာသူများ ယူဆသကဲ့သို့ အမေရိကန်ပြည်ထောင်စုသည် ပြိုင်ပွဲမှ ထွက်ခွာသွားရပြီလားဟု မေးရမည်။ တရုတ်နိုင်ငံသည် ဤအကျပ်အတည်းမှ မည်သည့်အကျိုးကျေးဇူး ခံစားရမည်ကို အတိအကျခန့်မှန်းရန် ခက်ခဲသော်လည်း မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများ ဩဇာကျဆင်းနေသည်ကိုကား သံသယဖြစ်ရန် မလိုပေ။

ကမ္ဘာအနံှ့အပြားတွင် အနောက်တိုင်းဩဇာ ကျဆင်းနေခြင်းနှင့်အတူ တရုတ်နိုင်ငံဩဇာ ကြီးထွားလာနေခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းတွင် သက်ရောက်မှုများ၊ အကျိုးဆက်များ ပေါ်ပေါက်လာမည် ဖြစ်သည်။ ယနေ့ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး အရေးပါမှု ဆက်လက်ကြီးထွားနေမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အချိန်မနှောင်းမီ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ရမည်လည်း ဖြစ်ပေသည်။

(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူ အယ်ဒီတာချုပ် ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Big Brother to the Rescue  ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading