• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာကုန်သည်တွေ တရုတ်ဘဏ်စာရင်း အပိတ်ခံရတော့

by မောင်မောင်စိုး
23 June 2017
in စီးပွားရေး
A A
တရုတ်-မြန်မာ နယ်ခြားဖြတ်ကျော်သော တံတားတစင်း / Reuters

တရုတ်-မြန်မာ နယ်ခြားဖြတ်ကျော်သော တံတားတစင်း / Reuters

14k
VIEWS
Share on FacebookShare on Twitter

တရုတ် – မြန်မာနယ်စပ်တွင် ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ၏ တရုတ်နိုင်ငံအတွင်း အထူးသဖြင့် ရွှေလီနှင့် တေဟုန်တိုင်းအတွင်း ဖွင့်လှစ်ထားရှိသော ဘဏ်စာရင်းများသည် ၂၀၁၇ ဇွန်လ ၁၅ရက်တွင် ထိန်းချုပ် ပိတ်သိမ်းခြင်း ခံခဲ့ ရသည်။ ထိုသို့ ထိန်းချုပ်ခြင်းသည် တရုတ်ရဲ၏ ညွှန်ကြားချက်အရဟု ဆိုကာ ၁ နှစ်မှ ၃ နှစ်အထိ ပိတ်သိမ်းမည်ဖြစ်ကြောင်း ငွေစာရင်း ပိုင်ရှင်များကို တရုတ်ဘဏ် တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာကုန်သည်တို့၏ ပြောကြားချက်အရ မြန်မာတို့၏ ငွေစာရင်း ၁၀၀၀ကျော် ပိတ်သိမ်းခံရပြီး ပိတ်သိမ်းခံရသည့် ငွေ ပမာဏမှာလည်း မြန်မာကျပ်ငွေဖြင့်ဆိုလျှင် ဘီလီယံ ၄၀၀ခန့် ရှိမည်ဟု ဆိုသည်။ ပိတ်သိမ်းခံရသူများတွင် ဆန်၊ ပြောင်း၊ ဖရဲ၊ သကြား စသည့် လယ်ယာထွက်ကုန်လုပ်ငန်း ကုန်သွယ်သူများနှင့် ထိုကုန်သွယ်မှု လုပ်ငန်းပေါ်တွင် အခြေပြုသည့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်သည်။

တရုတ်ဘဏ်များတွင် အပ်နှံထားကြသည့် မြန်မာနိုင်ငံသားတိ့ု၏ ဘဏ်စာရင်းများ ထိမ်းချုပ်ခံရခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်တွင် မဲခေါင်မြစ်အတွင်း ပြဿနာဖြစ်ပွားသည့် စိုင်းနော်ခမ်း အမှုဖြစ်ပွားစဉ် ထိုအမှု နှင့် နွယ်သည်ဟု ယူဆခံရသည့် ဘဏ်စာရင်းအချို့ အပိတ်ခံရခြင်းဖြစ်သည်။ ထိုစဉ်က ပမာဏ နည်းပါးပြီး အပိတ်ခံရ သူများလည်း ကြိတ်မှိတ် ကျော်လွှားခဲ့ရသည်ဟု ဆိုသည်။

ယခုအကြိမ် စတင်ဖြစ်ပွားသည်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဟုန်မြို့ ( မြန်မာပိုင် ကျိုင်းတုံ – မိုင်းလား ဒေသမှ ကားဖြင့် ၂ နာရီ ခရီးခန့် အကွာ) တွင် စတင်သည်ဟု ဆိုသည်။ ထိုကျင်းဟုန်မြို့ရှိ အင်တာနက် လောင်းကစားဝိုင်းတခုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအတွင်း မွန်ဂိုးလီးယားဒေသမှ ရဲများက လာရောက် စစ်ဆေးရာမှ စကာ ပါဝင်ပတ်သက်သည်ဟု ယူဆရသည့်သူများ၏ ငွေစာရင်းများကို တရုတ်ဗဟိုအစိုးရ ရဲချုပ်အမိန့်ဖြင့် ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။ အပိတ်ခံရသော ငွေစာရင်း ၅၀၀၀ ခန့် ရှိပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ငွေစာရင်း ၁၀၀၀ ကျော် ပါဝင်သည်ဟု ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
237
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

လက်ရှိ မူဆယ် – ရွှေလီ တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် တရုတ်ဘဏ်များ၌ မြန်မာကုန်သည်များ ငွေစာရင်း ဖွင့်ရ ခြင်းမှာ မျှတမှု မရှိသော နယ်စပ်ကုန်သွယ်ရေးကြောင့် ဖြစ်သည်ဟု မြန်မာကုန်သည်များက ဆိုပါသည်။ လက်ရှိ မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် ပုံမှန် ကုန်သွယ်မှုများ ရှိသကဲ့သို့ ပုံမမှန်သည့် ကုန်သွယ်မှုများလည်း ရှိနေသေးသည်။

မြန်မာဘက်က နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တင်သွင်းသည့် သစ်၊ ကျောက်မျက်နှင့် တွင်းထွက်အချို့မှာ မြန်မာ ဘက်တွင် တရားဝင်ခွင့်ပြုခြင်း မရှိသည့် မှောင်ခိုပစ္စည်းများ ဖြစ်သည်။ သို့သော် ထိုသစ်များ၊ ကျောက်မျက်များသည် တရုတ်နိုင်ငံဘက်သို့ ရောက်သွားလျှင် တရားဝင်ဖြစ်ပါသည်။ မကြာသေးမီက တရုတ်နိုင်ငံအတွင်းပိုင်း မြို့တမြို့တွင် ပြသထားသည့် သစ်လုံးတလုံးတည်းဖြင့် ထွင်းထုထားသည့် ကြီးမားသော ပန်းပုရုပ်ကြီးကို မြန်မာသစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း တရားဝင် တင်သွင်းထားသည့် သစ်မဟုတ်ပေ။ မှောင်ခိုတင်သွင်းသွားသည့် သစ်ဖြစ်သည်ဟု မြန်မာအစိုးရ အရာရှိများက ဆိုသည်။

သို့သော် မြန်မာဘက်က တရားဝင် တင်သွင်းနေသည့် ဆန်၊ သကြား၊ ပြောင်း၊ ဖရဲ စသည်တို့ကို တရုတ်ဘက်က တရားဝင် ကုန်သွယ်မှု အဖြစ် အသိအမှတ်ပြုမထားပေ။ အဆိုပါ မြန်မာ့ထွက်ကုန်များ အနေဖြင့် မြန်မာနိုင်ငံဘက်တွင် တရားဝင်၂ ရာခိုင်နှုန်း အခွန်ဆောင်ကာ ထွက်နေရသော်လည်း တရုတ်ဘက်တွင်တော့ တရားမဝင် သွင်းကုန်များ ဖြစ်နေ သည်။ ထို့ကြောင့် ငွေပေးချေမှုတွင် တရားဝင် LC/TT တို့ဖြင့် လွှဲခွင့်မရပေ။ ကုန်သည်များအနေဖြင့် မူဆယ်ဘက်က မြန်မာဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်ရန် အစည်းအဝေးများ၌ တင်ပြဖူးသော်လည်း အကောင်အထည် မပေါ်သေးဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းမှ ဒေါက်တာစိုးထွန်းက ထောက်ပြထားသည်။

သို့နှင့် မြန်မာကုန်သည်များအနေဖြင့် အန္တရာယ်ရှိမည်ကို သိသော်လည်း လက်ရှိတွင် ရောင်းရလွယ်နေသော တရုတ်နိုင်ငံ သို့သာ ရောင်းချကြပြီး တရုတ်ဘဏ်များတွင် အရဲစွန်၍ ဘဏ်စာရင်း ဖွင့်ထားရသည်ဟု ဆိုသည်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးမှ တရုတ်သို့ ပိ့ုနေသည်မှာ ပြည်ပပို့ဆန်၏ ၆၀ ရာခိုင်နှုန်း၊ ပြည်ပပို့ပြောင်း၏ ၉၉ ရာခိုင်နှုန်း၊ ပြည်ပပို့ ဖရဲ၏ ၉၀ ရာခိုင်နှုန်းနှင့် သကြား၊ ပဲ၊ နှမ်း ရေထွက်ပစ္စည်းများ ဖြစ်ကြသည်။ ပထမအချက်အနေဖြင့် တရုတ် ဈေး ကွက်ပျောက်ပြီး အခြားဈေးကွက် မရှာနိုင်ပါက ကုန်သည်များသာမက တောင်သူများပါ ထိခိုက်နိုင်သည်။

ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကကဏ္ဍ လှည့်ပတ်ငွေမှာ ကျပ် ဘီလီယံ ၂၀၀၀ ခန့်ရှိရာ လက်ရှိ တရုတ် ဘဏ်များ၏ ထိန်းချုပ်ခံရသည့် ငွေပမာဏမှာ ကျပ်ငွေဘီလီယံ ၄၀၀ ခန့် ရှိ၍ ပြည်တွင်းငွေကြေး လှည့်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်နိုင်သကဲ့သို့ ပြည်တွင်းစီးပွားရေးကို အကျပ်အတည်းတခု ဆိုက်ရောက်စေနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာစိုးထွန်းက ထောက်ပြထားသည်။

သို့ဖြစ်ရာ တရုတ်တို့၏ ပိတ်ဆို့မှုကြောင့် ကုန်သည်များသာမက တောင်သူလယ်သမားများပါ ထိခိုက်နိုင်သည်ကို တွေ့ရ သကဲ့သို့ လက်ရှိတွင်လည်း အဆိုပါ ကုန်သွယ်မှုလုပ်ငန်းတွင် ပါဝင်နေကြသည့် ငွေလဲသူများ၊ ကားသမားများနှင့် လက်လုပ်လက်စား အားလုံး ထိခိုက်နေသည်ကို တွေ့ရပေသည်။

အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက်၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် မူဆယ်မြို့ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ပဲ၊ ပြောင်း၊ နှမ်း စသည့် လယ်ယာထွက်ကုန်ပစ္စည်း လုပ်ငန်းလုပ်ကိုင်သူ မြန်မာလုပ်ငန်းရှင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများ စုစည်း၍ အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။ တရုတ်အစိုးရ ပိတ်ထားသော ငွေစာရင်းများ ပြန်လည်ဖွင့်လှစ်ပေးရေးနှင့် ငွေလဲလုပ်ကိုင်သူများအား တရားဝင် လိုင်စင်ထုတ်ပေးရန် ဆွေးနွေးခဲ့ပြီး အစိုးရထံ တင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေး ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် NLD ပါတီဝင်များ၊ လွှတ်တော်ပြင်ပ အစိုးရ အထောက်အကူပြု လူမှု အဖွဲ့ အစည်းများလည်း ပါဝင်ခဲ့ပြီး မြန်မာအစိုးရထံ တင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် မူဆယ်မြို့ရှိ မြန်မာအစိုးရတာဝန်ရှိသူများသည် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တရုတ် တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံမှုများ ပြုလုပ်သကဲ့သို့ မြန်မာအစိုးရကလည်း တရုတ်နိုင်ငံရှိ မြန်မာသံအမတ်နှင့် ကောင်စစ်ဝန်တိ့ုအား အဆိုပါကိစ္စကို အမြန်ဆုံး ညှိနှိုင်း ဖြေရှင်းရန် ညွှန်ကြားထားသည်ဟု ဆိုသည်။ ထို့အပြင် နေပြည် တော်ရှိ မြန်မာအစိုးရ တာဝန်ရှိသူများကလည်း တရုတ်သံအမတ်အား ဆင့်ခေါ်ခဲ့သော်လည်း ပြည်တွင်း၌ မရှိသဖြင့် တရုတ်ကောင်စစ်ဝန်အား ဆင့်ခေါ်တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရ၏ အလေးထားမှုကို ပြသခဲ့သည်။

ထို့ပြင် မူဆယ်မြို့ရှိ လယ်ယာထွက်ကုန် ကုန်သည်များ ငွေလွှဲသူများသည် ၂၀၁၇ ခုနှစ် ဇွန်လ၂၃ ရက်တွင် မူဆယ် – ကြယ်ဂေါင် နယ်စပ်ဂိတ်ပေါက်ဖြစ်သည့် နန်းတော်ဂိတ်သို့ ချီတက်ပြီး တရုတ်တို့၏ လုပ်ရပ်ကို ဆန္ဒပြကြမည်ဟု ဆိုသည်။ အဆိုပါ ဆန္ဒပြပွဲကို မူဆယ်ရဲတပ်ဖွဲ့က ခွင်ပြုမိန့်ချပေးပြီးဖြစ်သည်ဟု သိရသည်။ အဆိုပါ ဆန္ဒပြပွဲတွင် အောက်ပါ ကြွေးကြော်သံဖြင့် ဆန္ဒဖော်ထုတ်ကြမည်ဟု ဆိုပါသည်။

“ငါတို့ရဲ့ချွေးနှဲစာကိုပြန်ပေး၊ တရုတ်ပြည်ဘဏ်မှ မတရားထိန်းသိမ်းထားသော ငါတို့ငွေ ပြန်ပေး၊ တရုတ်ရဲတပ်ဖွဲ့မှ မတရားထိန်းသိမ်းထားသော ငါတို့ငွေပြန်ပေး၊ ငါတို့ကိုအသက်ရှင်ခွင့်ပေး၊ မတရား ထိန်းသိမ်းထားသော အကောင့်များ ချက်ချင်းပြန်ဖွင့်ပေး၊ ONE BELT ,ONE ROAD ကို မဖျက်ဆီးပါနှင့်၊ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ဘာလဲ ဘယ်လဲ၊ ငါတို့ကို တရားဝင် တန်းတူကုန်သွယ်မှုကို ဆောင်ရွက်ပေးရေး” စသည်တို့ ဖြစ်ကြသည်။

ထိုပြဿနာဖြစ်ပွားပြီး ရွှေလီမြို့တော်ဝန်က မြန်မာကုန်သည်အချို့အား ခေါ်ယူ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ကြေညာချက်တရပ် ထုတ်ပြန်သည်ကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေကြသော မြန်မာကုန်သည်များ၏ ငွေစာရင်း အပိတ် ခံရသည်ကို တရုတ်သံရုံးအနေဖြင့် သတိပြုမိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အချိန်မီ ညှိနှိုင်း ဖြေရှင်းနေကြောင်း၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ ဖော်ထုတ်စုံစမ်းရာတွင် ပူးပေါင်းပါဝင်ရန် ဥပဒေနှင့်အညီ တောင်းဆိုပြီး ငွေစာရင်းများ ယာယီပိတ်ထားခဲ့ကြောင်း၊ တရုတ်တို့၏ လုပ်ဆောင်ချက်သည် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး ရေရှည် အကျိုးစီးပွားနှင့့် နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်ရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဂရုပြုမှုကို အလေးထားပြီး ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

၁။ တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေး ရေရှည်အကျိုးစီးပွားကို ကာကွယ်ရန်ဟု မည်သို့ပင် အကြောင်းပြစေကာမူ မြန်မာတို့၏ လက်ငင်းအကျိုးစီးပွားအား ထိခိုက်သည်ကို ငြင်းပယ်၍ မရပေ။ သို့ဖြစ်ရာ ဤပြဿနာသည် လျင်မြန်စွာ ဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

၂။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်ဖြစ်နေသည့် မြန်မာ့ကုန်စည်များပြဿနာကို မြန်မာအစိုးရက ဖြေရှင်းရန် လိုပါသည်။ ထိုကုန်စည်များနှင့် ပတ်သက်၍ WTO ခွဲတမ်းရရန် လိုအပ်ပြီး၊ တရားဝင်ဖြစ်မှသာ မြန်မာနိုင်ငံဘဏ်များသို့ ငွေလွှဲနိုင်ပြီး မြန်မာ့ငွေကြေး လည်ပတ်မှုတွင် အရေးပါသော ငွေကြေးပမာဏကို တရုတ်တို့ ထိန်းချုပ်နိုင်မှုမှ ကင်း လွတ်ပေမည်။

ထို့ပြင် တရားဝင်ဖြစ်မှသာ လွတ်လပ်စွာ ကုန်သွယ်နိုင်ပြီး တေဟုန်တိုင်းနှင့် ရွှေလီခရိုင် အာဏာပိုင်များအား လာဘ်ငွေ ပေး၍ ကျော်ဖြတ်ရသည့်ဒဏ်မှ ကင်းဝေးမည်ဟု ကုန်သည်များက ဆိုပါသည်။ လက်ရှိ မြန်မာနိုင်ငံမှဆန်၊ ပြောင်း၊ သကြား စသည်တို့မှာ တရားမဝင် ကုန်ဖြစ်နေ၍ တေဟုန်တိုင်းနှင့် ရွှေလီခရိုင်မှ အာဏာပိုင် အဖွဲ့အစည်းများအား အမြတ်ငွေ ထက်ဝက်မကကို လာဘ်ငွေပေး၍ သယ်ဆောင်နေရသည်ဟု ကုန်သည်များက ဆိုသည်။

၃။ တရုတ်တို့ အနေဖြင့် ဤပြဿနာကို လျင်မြန်စွာ မဖြေရှင်းနိုင်ပါက မူဆယ်တွင်သာမက မန္တလေး၊ ရန်ကုန်တို့တွင်ရှိ သော သံရုံး ကောင်စစ်ဝန်ရုံးတို့တွင် ဆန္ဒပြပွဲများ ကြုံလာရနိုင်သည်။

၄။ မြန်မာအစိုးရအနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် လျင်မြန်စွာ အလေးထား ကိုင်တွယ် ဆောင်ရွက် နေမှုသည် အားရစရာ ကောင်းလှသည်။

ထို့ပြင် ကျောက်ဖြူစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြဿနာများ မပြီးပြတ်မီ တရုတ်နယ်စပ် ကုန်သွယ် ရေးပြဿနာကို ပြီးပြတ်အောင် အရင်ကိုင်တွယ် ဖြေရှင်းသင့်ပါသည်။

၅။ တရုတ်လော်ဘီများက ဤအကြိမ် နယ်စပ်ကုန်သွယ်မှု ပြဿနာဖြစ်ပွားရာတွင်လည်း အဖွဲ့အစည်းတချို့၏ သွေးထိုး လှုှုံဆော်မှုကြောင့်ဟု ဆိုကြသည်။ မြန်မာနိုင်ငံအတွင်း အခြား တရုတ်စီးပွားရေး လုပ်ငန်းများတွင် ပြဿနာပေါ်ပါကလည်း ဤသို့ပင် ဆိုလေ့ရှိကြသည်။ တရုတ်လော်ဘီများ သိရှိရန် လိုအပ်သည်မှာ မြန်မာနိုင်ငံသားများသည် လူအချို့ သွေးထိုး ရုံနှင့် မကျေနပ် ဆူပူတတ်ကြသည့် ခပ်ညံ့ညံ့လူများ မဟုတ်ကြပေ။ လက်ရှိ မြန်မာနိုင်ငံသားများက တရုတ် စီးပွားရေး လုပ်ငန်းများအား ဆန့်ကျင်ကြသည်မှာ တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများ၏ ဆောင်ရွက် ပြုမူချက်များပေါ်တွင် မူတည်သည်ကို တရုတ်တို့ လေးနက်ရန် လိုအပ်သည်။

၆။ တရုတ်တို့အနေဖြင့် ၎င်းတို့ ကြွေးကြော်နေသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုသည်ကို လက်တွေ့ ဆောင်ရွက် ချက်များဖြင့် သက်သေပြရန် လိုသည်။ ယခုကဲ့သို့ တဖက်သတ် အပေါ်စီးဆန်သော မည်သို့ပင် အကြောင်းပြချက်များ ပေးသည်ဖြစ်စေ လက်ရှိတွင် မြန်မာနိုင်ငံသားများကို ထိခိုက်သော မဆင်မခြင်လုပ်ရပ်များကို ရှောင်ရှားရန် လိုအပ်သည်။ ဤသို့ မဟုတ်ပါက လူထုမဆိုထားနှင့် လုပ်ငန်းရှင်များပင် တရုတ်တို့နှင့် ပူးပေါင်းလုပ်ကိုင်ရန် စိုးရိမ်စိတ် ရှိကြပေမည်။

၇။ လက်ရှိ နယ်စပ်ကုန်သွယ်ရေး၌ပင် မြန်မာဘက်က ထိခိုက်မှုရှိနိုင်သည့် အခြေအနေတွင် မြန်မာ့စီးပွားရေး အထိအခိုက် မရှိရန်မှာ မြန်မာနိုင်ငံတွင်းရှိ လုပ်ငန်းအစိတ်အပိုင်းများကို မြန်မာတို့၏ ထိန်းချုပ်မှု အောက်တွင် ရှိရန်လိုအပ်ကြောင်း ဤဖြစ်ရပ်က မီးမောင်းထိုးပြနေသည်ဟု သုံးသပ်ရပေသည်။

(မောင်မောင်စိုးသည် တိုင်းရင်းသားရေးရာများနှင့် နယ်စပ်ဒေသများအကြောင်း အထူးပြုလေ့လာနေသော သုတေသီတဦး ဖြစ်သည်)

Your Thoughts …
Tags: တရုတ် - မြန်မာ ဆက်ဆံရေး
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

ဦးနုနဲ့ မော်စီတုန်းတို့ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ မှာ ပီကင်းမှာ တွေ့ဆုံစဉ်

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ

by ဧရာဝတီ
26 June 2017
12.1k

တော်လှန်ရေးအစိုးရရဲ့ ပြည်သူပိုင်သိမ်းတဲ့ ပေါ်လစီကြောင့် မြန်မာပြည်နေ တရုတ်စီးပွားရေး လုပ်ငန်း တွေ ထိခိုက်တဲ့ ကိစ္စတွေကို ပီကင်းက စောင့်ကြည့်ပြီး၊ ဦးနေဝင်းရဲ့ လုပ်ရပ်ကို မကြိုက်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တရုတ်သံရုံးက...

ဦးသန်းရွှေ အငြိမ်းစားမယူမီ နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် တွေ့ရစဉ်/AFP

ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ

by ဧရာဝတီ
3 May 2023
10k

ချင်ကန်း၏ နေပြည်တော်ခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး တရုပ်ထိပ်တန်းသံတမန်တဦး၏ ပထမဆုံး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုလည်း ဖြစ်သည်။

တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် မြန်မာပြည်လာရောက်စဉ်

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ(အပိုင်း ၃)

by ဧရာဝတီ
19 April 2017
24.2k

၁၉၇၇ ခုနှစ် ဇူူလိုင်လ ပီကင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ တိန့်ရှောင်ဖိန် အာဏာပြန်ရလာပြီး ဒုဝန်ကြီး ချုပ်ဖြစ်လာတယ်၊ သူဟာ အုပ်စုတွင်း တိုက်ပွဲတွေကြား အပယ်ခံထားရက ပြန်ပေါ်လာတယ်၊ ဦးနေဝင်းက ဒီအချက်ကို ကောင်းကောင်း ရိပ်မိပုံရတယ်။...

၂၀၁၅ ဇွန်လတွင် ဘေဂျင်းမြို့တွင် တွေ့ရသော တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် ဒေါ်အောင်ဆန်းစုကြည် / Reuters

တရုတ်က မြန်မာ အပေါ် မီးတဖက် ရေတဖက် ဆက်ဆံရေး ကျင့်သုံးနေသည်

by ဘာတီး(လ် )လင့်တနာ
2 March 2017
25.2k

UWSA သို့ လေကြောင်း ကာကွယ်ရေး စနစ်များ၊ သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များ၊ အမြောက်ကြီးများနှင့် အဆင့်မြင့် စစ်သုံးကိရိယာများ တရုတ်က ရောင်းချခဲ့သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ဘေဂျင်းတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင်ဖျင့်က လက်ခံတွေ့ဆုံစဉ်

ကယ်တင်ရှင် ပေါက်ဖော်ကြီး

by အောင်ဇော်
1 December 2017
14.1k

ရခိုင်အကျပ်အတည်းကြောင့် အနောက်နိုင်ငံများက မြန်မာကို ဖိအားပေးနေချိန် တရုတ်နိုင်ငံက ရွှေလမ်း ငွေလမ်းခင်းပြီး ဖိတ်ခေါ်ကြိုဆိုနေပြန်သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း ဘေဂျင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ်  / Reuters

တရုတ်က မြန်မာကို ဘာကြောင့် ထောက်ခံ ရပ်တည်ပေးတာလဲ

by ဧရာဝတီ
5 September 2017
62.7k

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံရခြင်းမှာ မြန်မာနိုင်ငံတွင် ခြေကုပ် ပိုမိုခိုင်မာအောင် ဆောင်ရွက် လိုခြင်းနှင့် အနောက်တိုင်း သြဇာပျံ့နှံသည်ကို လက်မခံနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

Next Post
ဒီဇိုင်း-ကျော်မျိုးထိုက်/ ဧရာဝတီ

Apple (သို့မဟုတ်) ငွေထုတ်စက် ပိုင်ဆိုင်သူ

ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်က ရန်ကုန်စတော့အိတ်ချိန်း / Reuters

စတော့အိတ်ချိန်းဈေးကွက်တွင် ကုမ္ပဏီ ၃ ခု တိုးလာရန် ရှိ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.5k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved