နှစ်သစ်ကူး သင်္ကြန်တေးသံတွေနဲ့ အတူ မြန်မာနိုင်ငံ သမ္မတသစ် ဦးဝင်းမြင့်ရဲ့ အမိန့်နဲ့ ထွက်ပေါ်လာတဲ့ ကြေညာချက်တွေ အရ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ရှစ်ထောင့်ငါးရာကျော် ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတွေ၊ အရင်က နိုင်ငံရေး အကျဉ်းသားတွေကို နှောင်ကြိုးနဲ့ ချည်ပြီး လွှတ်ခဲ့တဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်ပေးခဲ့တဲ့ သတင်းတွေ ဖတ်ရပါတယ်။
ထောင်ထဲက ပြန်လွတ်လာတဲ့ သူတွေ မိသားစုတွေနဲ့ ပြန်ဆုံကြတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ကြည်နူးရပါတယ်။ မင်္ဂလာ အချိန်မှာ မင်္ဂလာရှိသော အမှုကို ပြုပေးတာဖြစ်တဲ့ အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမိပါတယ်။
နှစ်သစ်ကာလမှာ ပြောကြားခဲ့တဲ့ သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလည်း အစိုးရအနေနဲ့ အရေးထား လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ကဏ္ဍခေါင်းစဉ်ခွဲပြီး ဖော်ပြ ပြောကြားခဲ့တာလည်း ကြားရပါတယ်။ နှစ်သစ် မိန့်ခွန်းထဲက လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အောက်ပါအတိုင်း ဖော်ပြထားတာလည်း တွေ့ပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှု အပိုင်းမှာလည်း CBO တွေ၊ CSO တွေ၊ မီဒီယာ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်နဲ့ မြှင့်တင် ဖော်ဆောင်သွားမယ် လို့ ကတိပြုခဲ့ပါတယ်။ အခြေခံရပိုင်ခွင့်တွေ၊ နိုင်ငံသားတွေရဲ့ မူလအခြေခံ အခွင့်အရေး ၊ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို စစ်ကြောရေးစခန်း၊ ရဲစခန်းအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ ရဲဘက်စခန်း စတဲ့ နေရာတွေမှာ လူ့အခွင့်အရေး ကော်မရှင်က ကာကွယ်ပေးနိုင်အောင် စွမ်းဆောင်ကြဖို့ တိုက်တွန်းခဲ့ ပါတယ်။ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင်ကလည်း ဥပဒေနဲ့အညီ မျှတမှန်ကန်စွာ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။”
သမ္မတကြီးရဲ့ မိန့်ခွန်းတခုလုံး ခြုံကြည့်ရင် သမ္မတတာဝန်ကို လက်ခံတဲ့နေ့က မိန့်ခွန်းထက် ပိုမိုအသေးစိတ်ဆန်တဲ့ လက်တွေ့ဆန်တဲ့ လုပ်ငန်းတွေကို ဖော်ပြထားတာကို တွေ့ရတဲ့ အတွက် ကျေနပ်မိပါတယ်။ အရင်မိန့်ခွန်းထဲမှာ ရည်မှန်းချက် ပန်းတိုင်ကို ပြောသွားပြီး အခုနှစ်သစ် မိန့်ခွန်းမှာတော့ လုပ်ဆောင်သွားမယ့် အချက်တွေကို ဖော်ပြသွားသလို ခံစားရပါတယ်။ ပြောထားတဲ့ အတိုင်း လုပ်နိုင် မလုပ်နိုင်တာကို တိုင်းတာနိုင်တဲ့ အတွက် စောင့်ကြည့်လေ့လာသူတွေ အတွက် စောင့်ကြည့်လေ့လာမှု အဆင်ပြေသွားတာတော့ သေချာပါတယ်။ ဒါကြောင့် ကြိုဆိုပါတယ်။
လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းပြောသွားတဲ့ နေရာမှာ အရပ်ဘက်လူ့အဖွဲ့ အစည်း (CSO) တွေ၊ မီဒီယာတွေ ပြည်သူတွေနဲ့ ပူးပေါင်းမယ် ပြောသွားတာ ကျေနပ်မိတယ်။ အရင်မိန့်ခွန်းမှာ CSO တွေရဲ့ အခန်းကဏ္ဍနဲ့ လက်တွဲ လုပ်ဆောင်မယ့် အကြောင်းတွေ မပါခဲ့လို့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ လူ့အခွင့်အရေးကို လေးစား၊ ကာကွယ်၊ မြင့်တင်ဖို့ လုပ်မယ် ဆိုရင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာလည်း ပြည်သူတွေနဲ့ ကင်းကွာလို့ မရသလို အစိုးရအနေနဲ့လည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို လေးစားဖို့ လိုပါတယ်။ သူတို့တွေဟာ အစိုးရရဲ့ ကောင်းမွန်တဲ့ လုပ်ငန်းတွေကို အားဖြည့်ဖို့၊ အားနည်းချက်တွေကို ထောက်ပြဖို့၊ အကြံပေးတိုင်ကြားဖို့ လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ အစိုးရဘက်ကလည်း အမြဲလမ်းဖွင့်ပေးပြီး တင်ပြချက်တွေကို အလေးအနက်ထား နားထောင် လက်ခံဖို့လိုပါတယ်။
ဒီနေရာမှာ ပြောချင်တာက ပြည်သူတွေ၊ မီဒီယာတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ပြီး ပြည်သူ့အသံ နားထောင်ဖို့က လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိမှ ဖြစ်မှာပါ။
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို တားဆီးကန့်သတ်ဖို့ စနစ်တကျ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ရှိနေသမျှ ကာလပတ်လုံး အရပ်ဘက် လူ့အဖွဲ့အစည်းတွေ မီဒီယာတွေ ပြည်သူတွေဟာ သူတို့ရဲ့ ခံစားချက်၊ တွေ့မြင်ချက်တွေ၊ အကြံပြုချက်တွေကို လွတ်လွတ် လပ်လပ် တင်ပြနိုင်မှာ မဟုတ်ပါဘူး။ နည်းအမျိုးမျိုးနဲ့ ရေးဆွဲထားတဲ့ မတရားတဲ့ ဥပဒေအောက်မှာ လိုသလို အရေးယူ ခံနေရကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆက်သွယ်ရေး ဥပဒေတွေနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေကို အရင် ပယ်ဖျက်ပေးမှ အနှစ်သာရ ရှိပါလိမ့်မယ်။
သမ္မတကြီး နှစ်သစ်ကူးမိန့်ခွန်း ပြောနေတဲ့ အချိန်မှာ သင်္ကြန်သံချပ်တွေကို ဆင်ဆာဖြတ်နေတာ၊ ဆင်ဆာ မတင်လို့ ဖြေဖျော်ခွင့်တွေ ပိတ်ပင်ခံရတယ် ဆိုတာတွေ ဖြစ်နေခဲ့ပါတယ်။ ဝေဖန်ခံမှုကို ပိတ်ပင်နေသမျှ အကြံပြုချက်တွေကို တားဆီးနေသမျှ သမ္မတကြီးမိန့်ကြား သလို ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေကို အဓိပ္ပာယ်ရှိရှိ ဖော်ဆောင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
ဒုတိယ ဖော်ပြထားတဲ့ ပြောကြားချက်ကို ကြည့်ရတာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အခန်းကဏ္ဍကို အားကောင်းအောင် ပြန်လုပ်လိုတဲ့ သဘောရှိတယ် လို့ ယူဆပါတယ်။
သမ္မတကြီးအနေနဲ့ ဒီမိန့်ခွန်း မပြောခင်မှာဘဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌနဲ့ ကော်မရှင်တွေကို သီးခြားတွေ့ဆုံခဲ့တာကို ကြည့်ရင် ကော်မရှင်ကို အလေးထားခဲ့ကြောင်း ပေါ်လွင်စေပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ရဲ့ တာဝန်တွေ ဖြစ်တဲ့ လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေးတွေထဲကမှ ကာကွယ်ရေးကို ပိုမိုအလေးထား ပြောသွားတာ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်နိုင်မှု အားကောင်းရင် ပြည်သူတို့ အတွက် လုံခြုံမှု ရှိစေပါတယ်။ ပြည်သူတွေ အားကိုးအားထားဖြစ်ရာ ဌာနဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပေါ် လူထုရဲ့ အားကိုးယုံကြည်မှုဟာ အင်း၀ အပ်ချုပ်ဆိုင် ကလေးအလုပ်သမားကိစ္စ နောက်ပိုင်းမှာ တော်တော်လေး ကျဆင်းနေခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ကော်မရှင်အနေနဲ့ သတင်းထုတ်ပြန်တာတွေ၊ ကွင်းဆင်းလေ့လာ တင်ပြတာတွေနဲ့ လုပ်ဆောင်တာတွေ တိုးတက်လာပေမယ့် ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ အားကိုးမှုတွေကို လုံလုံလောက်လောက် မရနိုင်သေးပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အခန်းကဏ္ဍနဲ့ တိုးတက်လာစေချင်ရင် အရင်ဆုံး လက်ရှိကော်မရှင်ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းသင့်ပါတယ်။
ကော်မရှင်မှာ အင်းဝအပ်ချုပ်ဆိုင်အမှုကထဲက ကော်မရှင် လေးဦး နုတ်ထွက်သွားတာကို အစားထိုး ခန့်အပ်နိုင်ခြင်း မရှိသေးပါဘူး။ အမျိုးသမီးကော်မရှင် အဖွဲ့ဝင် တဦးမှလည်း မပါဝင်တော့ပါဘူး။
ဒါကြောင့် လူ့အခွင့်အရေးကော်မရှင်မှာ လူ့အခွင့်အရေး အတွက် အမှန်တကယ် လေးစားလုပ်ဆောင်လိုတဲ့ သူတွေ ပါဝင်တဲ့ ကော်မရှင်အသစ် ပါဝင်လာအောင် ပြန်လည် ဖွဲ့စည်းသင့်ပါပြီ။
ကော်မရှင်အဖွဲ့ဝင်တွေကို ရွေးချယ်တဲ့အခါမှာလဲ ရွေးချယ်ရေး ကော်မတီမှာ ဘယ်သူတွေပါဝင်သလဲ၊ ဘယ်လို စံနှုန်းတွေနဲ့ ရွေးချယ်မလဲ၊ ပြည်သူတွေကရော ဘယ်လို အဆိုပြု ကန့်ကွက်နိုင်မလဲ ဆိုတဲ့ အချက်တွေကို အများသိအောင် ချပြဖို့ လိုပါတယ်။
ပြည်သူတွေ အမှန်တကယ် အားကိုးတဲ့ သူတွေ ပါဝင်မှ၊ လူ့အခွင့်အရေး မူဝါဒတွေကို နားလည် သဘောပေါက်ပြီး ပြည်သူ အတွက် ရပ်တည်ရဲတဲ့ သူတွေ ပါဝင်မှသာ ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေ အားကောင်းပါ လိမ့်မယ်။ ပြည်သူရဲ့အားကိုးယုံကြည်မှု ရရှိပါလိမ့်မယ်။
ကော်မရှင်အဖွဲ့ဝင်တွေ အပြင် ကော်မရှင်ရုံး ဝန်ထမ်းတွေရဲ့ စွမ်းရည် မြင့်တင်ရေး၊ ဝန်ထမ်းကောင်းများ ဖြစ်စေဖို့ အတွက် နိုင်ငံတော်ရဲ့ ခံစားခွင့်များကို ရရှိခံစားနိုင်ရေးတွေကိုလည်း အလေးထား လုပ်ဆောင်ပေးမှ ကော်မရှင်ရုံးရဲ့ အရည်အသွေးလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
နောက်ဆုံး တချက်ဖြစ်တဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင်ကလည်း ဥပဒေနဲ့ အညီ မျှတ မှန်ကန်စွာ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ် ဆိုတဲ့ အချက်မှာတော့ ဘယ်အဖွဲ့တွေလဲ ဆိုတာကို တိတိကျကျ မဖော်ခဲ့ပါဘူး။
တကယ်တမ်း ပြောရရင် အစိုးရဌာနတိုင်းဟာ လူ့အခွင့်အရေး အတွက် ဆောင်ရွက်နေတဲ့ ဌာနတွေ ချည်းပဲ ဖြစ်ပါတယ်။ နိုင်ငံမှာ ရှိတဲ့ နိုင်ငံသား အားလုံး တရားဥပဒေ စိုးမိုးမှုအောက်မှာ လုံခြုံမှု ရှိအောင် လုပ်ဆောင်ပေးရမယ့် ဌာနတွေ ရှိသလို နိုင်ငံသားအားလုံး လူတန်းစေ့ ဖူလုံမှုရှိအောင် ပံ့ပိုးကူညီပေးရမယ့် ဌာနတွေ ရှိပါတယ်။
ဒီနေရာမှာ အဓိကထား ကိုင်တွယ်စေချင်တဲ့ ကဏ္ဍတွေကတော့ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေး ကဏ္ဍတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ကျူးလွန်တယ် လို့ တိုင်ကြားခံနေရတဲ့ နေရာတွေ ဖြစ်တာကြောင့်ပါ။
ပြည်သူတွေ အပေါ် လုပ်ချင်တိုင်း လုပ်လို့ရတယ် ဆိုတဲ့ အစွဲ မဖျောက်နိုင်မချင်း၊ ပြည်သူတွေ အပေါ် မတရား လုပ်ဆောင်မှုတွေ ရှိနေဦးမှာပါ။ အားကိုးရတဲ့ တရားစီရင်ရေး မရှိဘဲနဲ့ အပြစ်ရှိသူတွေ အပြစ်က ကင်းလွတ်နေတဲ့ အစဉ်အလာဆိုးကြီးကို ပယ်ဖျက်နိုင်မှာ မဟုတ်ပါဘူး။
နိုင်ငံသားတိုင်း လူ့အခွင့်အရေးပြည့်ပြည့်၀၀ ခံစားနိုင်ဖို့ အတွက် ချိုးဖောက်သူတွေ မရှိအောင် ပညာပေးတာတွေ၊ ချိုးဖောက်လာရင်လည်း ကျောသားရင်သား မခွဲခြားဘဲ အရေးယူတာမျိုးတွေ ရှိနေဖို့ လိုပါတယ်။ ဖြစ်လာခဲ့ရင် ထိထိရောက်ရောက် အရေးယူတာမျိုးတွေရှိဖို့ လိုသလို မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူ့အခွင့်အရေး အကြောင်း ပညာပေးမှုတွေကို ကျောင်းတွင်း၊ ကျောင်းပြင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
“လူ့အခွင့်အရေး အစ စာသင်ကျောင်းက” လို ကျောင်းတွင်း စာသင်ခန်းတွေမှာ လူ့အခွင့်အရေး အကြောင်း ပညာပေး တာတွေကို နိုင်ငံတော်စီမံကိန်း အနေနဲ့ လုပ်ဆောင်သင့်ပါတယ်။ စစ်တပ်၊ ရဲသင်တန်းကျောင်းတွေ အရာရှိ သင်တန်းတွေမှာ လူ့အခွင့်အရေး ပညာပေးအစီအစဉ်တွေကို ကျွမ်းကျင်သူ ပညာရှင်များနဲ့ လက်တွဲ လုပ်ဆောင်စေချင်ပါတယ်။
သမ္မကြီးရဲ့ နှစ်သစ်မိန့်ခွန်းဟာ မြန်မာပြည်သူတွေကို မျှော်လင့်အားကိုးမှုတွေ ဖန်တီးဆောင်ကျဉ်းပေးခဲ့တာ အမှန်ပါ။ ပြောထားတဲ့ အချက်တွေကို ပြည်သူတွေနဲ့ လက်တွဲ အကောင်အထည်ဖော်နိုင်မယ် လို့ မျှော်လင့်ပါတယ်။
စုပေါင်းအင်အား ဆိုတဲ့ အတိုင်း အစိုးရ၊ ပြည်သူနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဝိုင်းဝန်းလက်တွဲပြီး သမ္မတမိန့်ခွန်းကို အကောင်အထည် ဖော်ကြဖို့ တိုက်တွန်းလိုပါတယ်။ ။
(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)