ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မြန်မာ့တပ်မတော်ရဲ့ လျှို့ဝှက်ဝါဒဖြန့်ချိရေးကမ်ပိန်းအတွက် ပလက်ဖောင်းသဖွယ်ဖြစ်ခဲ့ပြီး (ရိုဟင်ဂျာ) မူဆလင်တွေကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က တာဝန် ရှိသူတွေက ပြောကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းဆောင်းပါးက ဆိုပါတယ်။ ဒါ့ အပြင် အောက်တိုဘာ ၁၅ ရက်ထုတ် နယူးယောက်တိုင်းမ်သတင်းစာဆောင်းပါးတပုဒ်ကလည်း မြန်မာ့တပ်မတော်ဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ဖေ့စ်ဘွတ်ခ်ကနေ လှုံ့ဆော်ခဲ့တယ်လို့ ရေးလိုက်ပြန်ပါတယ်။
ဆောင်းပါးနှစ်ခုမှာ ပါခဲ့တဲ့ အချက်အလက်တွေကို လေ့လာကြည့်ရာမှာ မြန်မာနိုင်ငံအနေနဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေ ၁၈ သန်းရှိတယ်လို့ သိရပါတယ်။ လူဦးရေ ၅၄ သန်းရှိတဲ့နိုင်ငံမှာ အသက် ၁၅ ကနေ ၆၄ နှစ်ကြား လူဦးရေဟာ ပျမ်းမျှခြင်းအားဖြင့် ၆၈ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတော့ ၃၆ သန်းပေါ့။ အဲဒီထဲမှာ မြို့နေက ၃၄ ရာခိုင်နှုန်း၊ တောနေက ၆၆ ရာခိုင်နှုန်းဆိုတော့ ဖေ့စ်ဘွတ်ခ်သုံးနိုင်လောက်တဲ့ အသက်အရွယ်ရှိသူတွေက မြို့မှာ ဆို ၁၂ သန်း၊ တောမှာဆို ၂၄ သန်းလောက်ရှိတယ်လို့ ဆိုရမယ်။ အင်တာနက် သုံးရလွယ်တဲ့နေရာက မြို့နေဖြစ် မှာဆိုတော့ ပြည်တွင်းက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေထဲမှာ မြို့နေက ၁၀ သန်းနဲ့ တောနေက ၈ သန်းလောက် ရှိမယ်လို့ ခန့်မှန်းရတာပဲ။
ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ပြန်ချက်အရ သြဂုတ်လတုန်းက ပေ့ချ် ၅၂ ခုနဲ့ အကောင့် ၁၈ ခုကို ပိတ်သိမ်းခဲ့ပြီး အောက်တိုဘာလထဲမှာတော့ ပေ့ချ် ၁၃ ခုနဲ့ အကောင့် ၁၀ ခုကို ပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာမှ ပိတ်သိမ်းခဲ့တဲ့ ပေ့ချ်တွေ၊ အကောင့်တွေနဲ့ ချိတ်ဆက်ထားတဲ့ သုံးစွဲသူအရေအတွက်ဟာ ၁၂ သန်းနဲ့ ဖော်လိုဝါ က ၁.၃၅ သန်းဆိုတော့ စုစုပေါင်း ၁၃.၃၅ သန်း ဖြစ်နေတာကို တွေ့ရပါတယ်။
၁၈ သန်းသာရှိတဲ့ သုံးစွဲ သူထဲမှာ ၁၃.၃၅ သန်းက မြန်မာ့တပ်မတော်ရဲ့ ဝါဒဖြန့်ချိရေး၊ အမုန်းပြန့်ပွားရေးကွန်ရက်ထဲမှာ ရှိနေခဲ့ တယ်လို့ ဖေ့စ်ဘွတ်ခ်ထုတ်ပြန်ချက်အရ ဆိုရမှာပေါ့။ ဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေရဲ့ ၇၅ ရာခိုင်နှုန်း နီးပါးဟာ အမုန်းကွန်ရက်ထဲကို မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ ရောက်ရှိနေသူတွေ ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါဟာ စိုးရိမ်ထိတ်လန့်စရာ ကိန်းဂဏန်းလည်း ဖြစ်ပါတယ်။
တနည်းအားဖြင့် မြန်မာ့လူ့ဘောင်မှာ အင်တာနက်သုံးစွဲသူအများစုဟာ အီးမေးလ်လိပ်စာလည်း မပိုင် ဆိုင်၊ ဂူဂဲလ်နဲ့လည်း အချက်အလက်တွေကို မရှာမဖွေတတ်၊ ကိုယ်သေချာမသိတဲ့ ဓာတ်ပုံနဲ့သတင်းတွေကိုလည်း အင်တာနက်ဝက်ဘ်စာမျက်နှာတွေကတစ်ဆင့် ရှာဖွေချိန်ထိုး ဆန်းစစ်တာမျိုးလည်း မလုပ်တတ်ဆိုတော့ ဖေ့စ် ဘွတ်ခ်က တက်လာသမျှကို အမှန်လို့ ထင်တတ်ကြတဲ့အထဲမှာ ဘွဲ့ရပညာတတ်ဆိုသူတွေတောင် တပုံတခေါင်းကြီး ပါနေတတ်ပါတယ်။ ဒါကြောင့်လည်း အမုန်းကွန်ရက်ကို သူတို့ကိုယ်တိုင်ရဲ့ ဆန္ဒအလျောက် ဝင်ရောက်သုံးစွဲ နေကြ တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆောင်းပါးနှစ်စောင်ထဲမှာပါတဲ့ အချက်အလက်တွေအရ အစပိုင်းမှာ ပေ့ချ်တွေဟာ သာမန် အလှအပ၊ ကျန်းမာရေးနဲ့ ဆယ်လီဘရီတီတွေအကြောင်းမျိုးဖြစ်တာမို့ သုံးစွဲသူတွေက ပုံမှန်ချိတ်ဆက် သုံးစွဲခဲ့ တာဖြစ်ပြီး ဖော်လိုဝါတွေ အတော်လေးများလာချိန်မှာ တော့ တပ်မတော်နဲ့ပတ်သက်တဲ့ ဝါဒဖြန့်ချိရေး၊ လက်ရှိ အရပ်သားအစိုးရနဲ့ပတ်သက်တဲ့ အမုန်းစကား တိုက်ခိုက်မှု၊ ရိုဟင်ဂျာအပါအဝင် မူဆလင်တွေကို ဦးတည်တိုက်ခိုက်မှုတွေကို ပြောင်းလဲတင်ဆက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး ပေ့ချ် နာမည်တွေကို ဖော်ပြထားပြီး “ဆရာမလေးများ၊ စစ်သားဓာတ်ပုံများ စုစည်းမှု၊ မိုးနတ်မင်း” တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အစီရင် ခံစာအရ လူ့ရပိုင်ခွင့်တွေကို ဖောက်ဖျက်မှုမှာ တာဝန် ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကို ဖေ့စ်ဘွတ်ခ်ပလက်ဖောင်းကို ပေးအသုံးမပြုဖို့ ဆုံးဖြတ်လိုက်တာကြောင့် ကာကွယ်ရေးဦးစီးချုပ်ရဲ့အကောင့်နဲ့ မြဝတီ ရုပ်မြင်သံကြားကွန်ရက်အပါအဝင် လူနဲ့အဖွဲ့အစည်းပေါင်း ၂၀ ကို ဖေ့စ်ဘွတ်ခ်က တားမြစ်စာရင်းလုပ်ပြီး ပိတ်လိုက်ပါတယ်။ အဲဒါနဲ့တစ်ဆက်တည်း ပေ့ချ် ၆ ခုနဲ့ အကောင့် ၆ ခုကိုလည်း ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ လူအစစ်အမှန်က သုံးစွဲနေတာ မဟုတ်ဘူးလို့ ယူဆရတဲ့ ပေ့ချ် ၄၆ ခုနဲ့ အကောင့် ၁၂ ခုကို သူတို့ရဲ့ အချိတ်အဆက်မိမိ ပူးပေါင်းပြီး တပ်မတော်အတွက် ဝါဒဖြန့်မှုကို ဆောင်ရွက်နေတယ်လို့ ယူဆရတဲ့အပြုအမူကြောင့် ဖယ်ရှားလိုက်ခြင်းဖြစ်တယ် ဆိုတာပါပဲ။
ဒီ့ထက် စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ တွေ့ရှိချက်မှာ အများပြည်သူတွေ ကြည့်ဖို့ ဝက်ဘ်စာမျက်နှာမှတ်ပုံတင်ရာမှာ တပ်မတော်ဟာ အိုင်ပီလိပ်စာတစ်ခုတည်းကို သုံးပြီး အကောင့်ပေါင်းများစွာကို အက်ဒမင်အဖြစ် ဆောင်ရွက်လုပ်ကိုင်နေတာမျိုးတွေ အများကြီးရှိနေတယ်ဆိုတာပါပဲ။ ဒါ့အပြင် ပေါ် ပြူလာသတင်းပေ့ချ်တွေမှာ ဆိုးရွားတဲ့ကော်မန့်တွေကို လူဖတ်များချိန်မှာ အုံနဲ့ကျင်းနဲ့ အုန်းအုန်းထအောင် ရေးကြမန့်ကြကြောင်းလည်း ဖေ့စ်ဘွတ်ခ်က ဖော်ထုတ်တွေ့ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို ဆောင်ရွက်နေတာတွေကို ခြေရာကောက်တဲ့အခါ နေပြည်တော်ရဲ့ တပ်မတော်တည်ရှိရာ တောင်ကုန်းတွေက ဖြစ်ပြီး သတင်း တချို့အရ အချိန်ပိုင်း အလှည့်ကျတာဝန်တခုအဖြစ်ကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဆောင်ရွက်သူအင်အား ၇၀ဝ ဦးထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီလိုစနစ်တကျ စီစဉ်ဆောင်ရွက်နေတာ ၂၀၁၅ ခုနှစ် မတိုင်ခင်ကတည်းကလို့လည်း ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။
ဒီလိုသတင်းအမှား၊ ပုံဖျက်ထားတဲ့သတင်း၊ စိတ်ကြွစေတဲ့ပို့စ်၊ ဒေါသသင့်တဲ့ကော်မန့်တွေကို စနစ်တကျ အုန်းအုန်းထအောင် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ လူထုကို စိုးရိမ်ကြောင့်ကြစိတ်တွေ ဖန်တီးပေးပြီး တပ်မတော်ကသာ ကယ်တင်ရှင်ဖြစ်တယ်လို့ ခံစားစေချင်တာလို့လည်း ဖေ့စ်ဘွတ်ခ်က ဆိုထားပါတယ်။ တချို့ပို့စ် တွေနဲ့ ကော်မန့်တွေဆိုရင် တကယ့်ကို ချိန်သားကိုက်တင်တာ၊ မန့်တာ၊ ဖျက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ရပ်ဆိုတာဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့တာဖြစ်ပြီး စစ်သားဟောင်းတဦးကတော့ သူ့ရဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အတွေ့အကြုံအရ သတင်းမှားဖြန့်ဖြူးရာမှာ အခြေခံစည်းမျဉ်းကတော့ အမှန်က အစိတ်သားပဲ ပါရင်တောင် လူတွေက ကျန်တာအားလုံးကို ယုံကြည်နိုင်တတ်ကြတယ်လို့ ဆိုပါတယ်။
ဒီသတင်းဆောင်းပါးနှစ်ပုဒ်ကို ဖတ်ရပြီးချိန်မှာပဲ တပ်ကို ထောက်ခံတဲ့ပွဲကို ရန်ကုန်မြို့လယ်မှာ ခြိမ့်ခြိမ့် သဲသဲကြီး လုပ်တဲ့အခါ သင်္ကန်းဝတ်တပါးက လိုအပ်ရင် သေနတ်ကိုင်မယ်လို့ ပြောလိုက်တဲ့ သတင်းတက် လာပါတယ်။ ဒီလို စိတ်ဓာတ်စစ်ဆင်ရေး အသွင်ဆောင်တဲ့ပွဲတွေဟာ တကယ်ရော အလုပ်ဖြစ်သေးရဲ့လားလို့ ဆန်းစစ်သင့်ပြီလို့ ယူဆပါတယ်။
စဉ်းစားကြည့်ရအောင်။ ရခိုင်ပြည်နယ်အရေး ပြဿနာစဖြစ်တဲ့အချိန်မှာတည်းက ပြည်ပဟာ ရခိုင် ဒေသတွင်းက လူအုပ်စုနှစ်စုကြား ဖြစ်ပွါးတဲ့ ပဋိပက္ခလို့ လက်ခံဖို့ ခဲယဉ်းခဲ့ပါတယ်။ သူတို့က ရိုဟင်ဂျာဆို သူတွေဟာ တဖက်သတ် ဖိနှိပ်ခံနေရတယ်လို့ပဲ မြင်တာပါ။ အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းထဲမှာ မဘသ အဖွဲ့ကြီးနဲ့ အစွန်းရောက်အမျိုးသားရေး လှုံ့ဆော်မှုတွေ ပါဝင်တယ်လို့ ယူဆပါတယ်။
တဖက်မှာ ရခိုင်အပါ အဝင် ဒေသခံတွေဟာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေနေရပါတယ်ဆိုတာကို ဘယ်လိုမှ သက်သေမပြနိုင်ဖြစ်ရတာဟာ ပြည်တွင်းမီဒီယာတွေသာမက ပြည်ပမီဒီယာတွေထိ ရောက်သွားတဲ့ ကုလားဆန့်ကျင်ရေး၊ မူဆလင် ဆန့်ကျင်ရေး အမုန်းစကား၊ အမုန်းပုံရိပ်တွေ ဖြစ်တာကြောင့်ဆိုရင် မမှားဘူး ထင်ပါတယ်။ တွေ့လား၊ အများစု ဗုဒ္ဓဘာသာဝင်တွေက အနည်းစု မူဆလင်တွေကို ဖိနှိပ်ခွဲခြားနေပါတယ်လို့ စွပ်စွဲတဲ့အခါ ရခိုင်က ပုံရိပ်တွေထက် ပြည်မက အမျိုးသားရေးဝါဒီတွေရဲ့ပုံရိပ်တွေက ပိုအလုပ်ဖြစ်ခဲ့တယ်လို့ ယူဆပါတယ်။
ဒါကြောင့် ပြည်တွင်းနေ ဗုဒ္ဓဘာသာဝင် လူများစုကြီးကို မူဆလင်ကုလားတွေက ခြိမ်းခြောက်နေပြီလို့ အမျိုးသားရေးဝါဒီတွေက သက်သေအထောက်အထား မလုံလောက်ဘဲ ဇွတ်ဖိအားပေးပြောကြားနေတာဟာ ပြည်တွင်းလူထုကြား အကွဲအပြဲတွေ၊ မယုံသင်္ကာမှုတွေ၊ စည်းလုံးမှု လျော့ရဲပြိုကွဲခြင်းတွေကို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ရှိရင်တော့ အလုပ်ဖြစ်တယ်လို့ ဆိုရပါမယ်။
အလုပ်မဖြစ်တာကတော့ ပြည်ပက ကိုယ့်နိုင်ငံအပေါ် စွပ်စွဲ ပြစ်တင်မယ့် လမ်းကြောင်းအတွက် သက်သေတွေကို ကိုယ်တိုင်က ပေးလိုက်သလိုဖြစ်ရခြင်းပါပဲ။ ခုလိုအချိန်မှာ ဒီလိုအပြုအမူမျိုးကို နိုင်ငံတော်အဆင့်က ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြေရှင်းရမယ့်အနေအထား ဖြစ်ပါတယ်။ ပြည်တွင်းလှုပ်ရှားမှုတွေကြောင့် အိုင်စီစီ တင်ဖို့အတွက် သက်သေသက္ကာယအမြောက်အမြား ရသွားတာမျိုး မဖြစ် အောင်လောက်တော့ တာဝန်ရှိသူတွေက တွေးတောချင့်ချိန် ကိုင်တွယ်သင့်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင့် ခုနကလို ပြည်ပဖိအားကို ဘယ်လို အကြမ်းဖက်ပြီး တုံ့ပြန်လိုက်မယ်လို့ ပြောဆိုနေတာကြောင့် ဗုဒ္ဓဘာသာဝင်တွေအပေါ် အစွန်းရောက်မျိုးချစ် စိတ်ရှိသူတွေ၊ အကြမ်းဖက်သူတွေ၊ အမုန်းစွဲထားသူတွေရယ်လို့ ပြည်ပက အမြင်ရှိသွားပါတယ်။ ပြည်တွင်းမှာလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနီးလာချိန်မှာ တပ်မတော်ထိပ် တန်းခေါင်းဆောင်တွေနဲ့ ဘောင်းဘီချွတ်အမတ်လောင်းတွေက အဲဒီလိုအကြမ်းဖက်အမုန်းစကားပြောတဲ့ ဘုန်းကြီး တွေကို ဆွမ်းကပ်ငွေလှူတာမျိုးတွေရှိခဲ့တော့ တပ်မတော်ဟာ ဘုန်းကြီးတချို့ကို အသုံးချသူလို့ အမြင်ခံရပါတယ်။
ဒါ့အပြင် ဟိုးလွန်ခဲ့တဲ့ ၆ လလောက်က မြို့လယ်မှာ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြပွဲလုပ်တော့ ပြည်ထဲရေးအနေနဲ့ အရပ်ဝတ်တွေကိုပါ သုံးပြီး အင်အားနဲ့တားသလို ခွင့်ပြုချက်လည်း မပေးခဲ့ပေမဲ့ ခုတပ်မတော်ထောက်ခံပွဲမှာ အကြမ်းဖက်စကားပြောတာကို ခွင့်ပြုလိုက်တော့ ပြည်တွင်းပြည်ပအမြင်မှာ တပ်မတော်ရဲ့ပုံရိပ် ထိခိုက်သွားပါတယ်။
ဒါကြောင့် ကိုယ်တိုင်က တိုက်ရိုက်စေခိုင်းမှု ရှိခြင်း မရှိခြင်းအပေါ်မှာ ဖြေရှင်းဖို့ဆိုတာထက် ဒီလို လုပ်ရပ်တွေကို ဘာအကြောင်းကြောင့်ဖြစ်ဖြစ် လက်မခံဖို့၊ ခွင့်မပြုဖို့ စဉ်းစားသင့်ပါတယ်။ ဒီလိုလုပ်ပိုင်ခွင့် ဟာလည်း ပြည်ထဲရေး လက်ထဲမှာပဲ ရှိနေတာမို့ ကိုယ့်လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ့်ပုံရိပ်ကို ကာကွယ်နိုင်နေ တာ ထင်ရှားပါတယ်။
နိုင်ငံတကာက ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို သူ့နည်းသူ့ဟန်နဲ့ လုပ်လာရာမှာ ဖေ့စ် ဘွတ်ခ်က ကာကွယ်ရေးဦးစီးချုပ်ရဲ့အကောင့်ကိုပါ ဘန်းလုပ် တားမြစ်လိုက်တဲ့အခါ တပ်မတော်နဲ့ သူ့ကို ထောက်ခံ သူတွေက အုန်းအုန်းကြွက်ကြွက် ဆန့်ကျင်တာကို တွေ့ရပါတယ်။ ခုတော့ ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ပြန် ချက်တွေက တခုပြီးတခုပေါ်လာပါပြီ။
နောက်ဆုံး အပြည်ပြည်ဆိုင်ရာ တရားသူကြီးများကော်မရှင်ရဲ့ အကြီးတန်းဥပဒေ အကြံပေးဖြစ်တဲ့ ကင်စလီအဲဘော့တ်က “ဆိုရှယ်မီဒီယာပေါ်မှာ လျှို့ဝှက်စွာဝ ါဒဖြန့်ချိရေး လုပ်တာကို လက်ပူး လက်ကြပ် သက်သေပြနိုင်ရင် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အကြံအစည်ရှိကြောင်း အထောက်အကူဖြစ်တဲ့ သက်သေအဖြစ် ယူနိုင်လိမ့်မယ်” လို့ ပြောထားတာ ရှိနေပါတယ်။
ဒီတော့ ဒီလိုအချိန်မှာ ပြည်တွင်းက တုံ့ပြန်ရမယ့်ပုံစံဟာ လိုအပ်ရင် သေနတ်ကိုင်ပြီး ပြန်တိုက်မယ် ဆိုတာမျိုးတော့ မဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ နိုင်ငံတကာဖိအားကို မဖြုံဘူးလို့ တုံ့ပြန်ချင်သူဟာ တပ်မတော်နဲ့ အမျိုးသားရေးဝါဒီတွေချည်း မဟုတ်တာကိုတော့ အသိအမှတ်ပြုပေးရပါမယ်။ ကိုယ့်နိုင်ငံကို တဖက်သတ်ဆန်ဆန် ဖိအားပေးနေတာကို နိုင်ငံတွင်းက နိုင်ငံသူ၊ နိုင်ငံသားရော တခြားမှီတင်းနေထိုင်သူတွေကပါ သဘောမကျပါ။
ဒါပေမယ့် နိုင်ငံတကာဖိအားကို ဘယ်လိုမဖြုံကြောင်း ပြရမလဲ၊ ပြောရမလဲဆိုပြီး စဉ်းစားတဲ့အခါ အခုလို တုံ့ပြန်ပုံမျိုးနဲ့ဆို ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ရာ ရောက်မှာလို့ သိနေတဲ့သူတွေက မတူကွဲပြားတဲ့ဟန်နဲ့ တုံ့ပြန်ဖို့ ကြိုးစားကြရာမှာ သူတို့လို လိုက်မလုပ်ရ ကောင်းလားဆိုပြီး ကျန်သူတွေကို သိမ်းကြုံးရှုံ့ချ ဖိအားပေးဆန့်ကျင်တာမျိုးကိုလည်း တချို့က လုပ်လာကြပါတယ်။ ဒီတော့ ပြည်ပကို ရင်ဆိုင် တုံ့ပြန်ဖို့ အားထည့်နေရာက နောက်ကျောက ဓားကို ပြန်ငဲ့နေရတာနဲ့ အားကုန်ကြရတာမျိုးဖြစ်ကြရပါတယ်။
ခုချိန်မှာ လက်ရှိအစိုးရအပေါ် (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်)မှာလည်း နိုင်ငံတကာက ယုံကြည်လေးစားလှချည်ရဲ့လို့ ဖြစ်နေတာမျိုး မရှိတော့တာကို အများက သိပြီးဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်ပဟာ ပြည်တွင်းထဲက ဘယ်သူ့ကိုမှ သိပ်ယုံကြည်ပေးနေတာ မရှိဘူးဆိုတာကို နားလည်ထားကြဖို့ လိုပါတယ်။ ဘယ်သူ့ကိုမှမငဲ့ဘဲ သူတို့ စွပ်စွဲချင်သလို စွပ်စွဲပြီး ဆုံးဖြတ်ချင်သလို ဆုံးဖြတ်မယ့် အလားအလာမျိုး ရှိနေတာကလည်း အသေအချာပါပဲ။ အဲဒီလိုအနေအထားမျိုးမှာ ပြည်တွင်းက အချင်းချင်း အကြည်အညိုပျက်ကြ၊ သွေးကွဲကြနဲ့ တစုကို တစုက မုန်းနေရ၊ ကြောက်နေရဦးမယ်ဆိုရင် နိုင်ငံတကာဖိအားကို မဖြုံဘူးလို့ ဘယ်သူက ဘယ်လိုပြောပြော ထိရောက်မှာ မဟုတ်ပါဘူး။
ဒီနေ့ခေတ်မှာ ဆိတ်ကွယ်ရာနေရာ၊ ရာဇဝတ်မှုတွေကို ဖုံးကွယ်ထားနိုင်တဲ့နေရာဆိုတာ မရှိနိုင်လောက်အောင် နည်းပညာတိုးတက်မှုတွေ ရှိနေပါတယ်။ ဒီတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ မဟုတ်ဘဲ လူအုပ်စု အင်အား၊ ဓနအင်အား၊ အာဏာအင်အားဆိုတဲ့ ဖိအားသုံး၊ လှည့်စားအားသုံးနည်းလမ်းတွေနဲ့ ရင်ဆိုင်ဖို့ မဖြစ်နိုင်တာကိုလည်း သဘောပေါက်ကြဖို့ လိုပါမယ်။
နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေထဲက တချို့အချက်တွေဟာ အမှန်တွေ ဖြစ်နိုင်ပြီး တချို့အချက်တွေက တော့ အလွန်အကျူး ပြစ်တင်မှုတွေ ဖြစ်နိုင်ပါတယ်။ ဘယ်အချက်တွေက ဘယ်လောက်အလွန်အကျူးဖြစ်နေတယ် ဆိုတာကို သက်သေပြဖို့က ပိုအရေးကြီးပါတယ်။ အဲဒီလို သက်သေပြမယ့်အစား မင်းတို့ ဘာပြောပြော ငါ့မှာ ထောက်ခံသူတွေအများကြီး ရှိတယ်၊ တွေ့လားဆိုတာမျိုး ပြောနိုင်ဖို့ အကြမ်းဖက်၊ အမုန်းသွေးတွေ ဆူပွက်နေသူတွေကို အကူအညီတောင်းမယ်ဆိုရင်တော့ လှော်ရင်း နစ်ဆိုသလို မဟုတ်ပါဘူးလို့ ပြောနေရင်းကပဲ ဟုတ်မှန်ပါကြောင်း သက်သေပြသလို ဖြစ်နေမှာကို စိုးရိမ်မိပါတယ်။
ဒီကနေ့ အနေအထားဟာ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်နဲ တပ်မတော်ကိုဖြစ်စေ နိုင်ငံတကာက ဖိအားပေးလာရင် အများပြည်သူအားလုံးက ကြေကွဲဝမ်းနည်းနေရမယ့် အနေအထားသာ ဖြစ်သင့်ပါတယ်။ ဒါကို ဆိုရှယ်မီဒီယာမှာ တစုကပျော်၊ တစုက ဝမ်းနည်းဆိုတာမျိုး ဖြစ်နေတာဟာ ပြည်တွင်းအတွက် အကျိုးမဖြစ်နိုင်သလို နိုင်ငံတကာအမြင်မှာလည်း ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်၊ အလုပ်မဖြစ်နိုင်ဘူးဆိုတာကို သိစေချင်ပါတယ်။
ဒါကြောင့် ဒီကနေ့အချိန်မှာ တာဝန်ရှိသူများအနေနဲ့ တကယ်ပဲ နိုင်ငံရေးအကင်းပါးတယ်ဆိုရင် နိုင်ငံ ရေးနည်းလမ်းနဲ့သာ တိုင်းပြည်ရဲ့ပြဿနာကို ဖြေရှင်းစေချင်ပါကြောင်းနဲ့ လက်ရှိလျှို့ဝှက်စီမံချက်တွေကို ငွေကုန်ကြေးကျခံကာ ဆက်လုပ်မယ့်အစား အများပြည်သူဆီက ယုံကြည်လက်ခံမှုရလာဖို့ ပြည်တွင်းမှာ လူမှုရေး သဟဇာတရှိမှု ပြန်လည်ထွန်းကားလာအောင်သာ ရင်းနှီးမြှုပ်နှံအားထုတ်စေချင်ပါကြောင်း ပြောလိုပါတယ်။
(မသီတာ(စမ်းချောင်း)သည် လူသိများ ထင်ရှားသော မြန်မာ အမျိုးသမီး ဆရာဝန် စာရေးဆရာတဦး ဖြစ်သည်။ ယခုဆောင်းပါးကို www.myanmarinfodigest.com တွင် မူရင်းဖော်ပြခဲ့ပြီး စာရေးဆရာ၏ ခွင့်ပြုချက်ဖြင့် ဧရာဝတီက ပြန်လည်ဖော်ပြပါသည်။)