LG ဆိုရင် စမတ်ဖုန်း၊ တီဗီနဲ့ တခြားအီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီလို့ လူသိများကြမှာပါ။ တကယ်တမ်းတော့ LG ဟာ ခေတ်ရှေ့ပြေး စက်ရုပ်တွေကို CLOi အမှတ်တံဆိပ်နဲ့ အောင်မြင်စွာ ဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။
လေဆိပ်မှာ လမ်းပြပေးမယ့် စက်ရုပ်တွေ၊ လူတွေရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ စက်ရုပ်ဝတ်စုံတွေကိုလည်း ထုတ်လုပ်၊ မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။
LG ဟာ အခုလည်း တောင်ကိုရီးယားရဲ့ အကြီးဆုံးစူပါမားကတ်လုပ်ငန်းစုကြီးတခုဖြစ်တဲ့ E-Mart နဲ့ ပူးပေါင်းပြီး စက်ရုပ်အသစ်တမျိုးကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြောင်း Yonhap News က ဖော်ပြထားပါတယ်။ CLOi CartBot လို့ အမည်ပေးထားပြီး၊ စူပါမားကတ်တွေမှာ ဈေးဝယ်သူရဲ့ နောက်ကနေ အလိုအလျောက်လိုက်ပါ၊ သယ်ဆောင်ပေးမယ့် ဈေးဝယ်လှည်းစက်ရုပ်တွေ ဖြစ်ပါတယ်။
“Smart-cart robot” လို့ ခေါ်တဲ့ ယခုနည်းပညာဟာ ဈေးဝယ်သူတွေအနေနဲ့ စူပါမားကတ်တွေထဲမှာ ဈေးဝယ်လှည်းကို တောက်လျှောက်တွန်းနေရတဲ့ ဒုက္ခကနေ ကင်းဝေးစေနိုင်မယ့်လို့ LG က မျှော်လင့်ထားပါတယ်။
CLOi CartBot တွေမှာ ပစ္စည်းတန်ဖိုးကြည့်ဖို့ ဘားကုဒ်ဖတ်စက်နဲ့ မိမိဝယ်ခြမ်းထားတဲ့ ပစ္စည်းစာရင်းကို ဖော်ပြပေးမယ့် Display တခုလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယခုစက်ရုပ်တွေနဲ့ တွဲဖက်အသုံးပြုရမယ့် App ထဲမှာ မိမိဝယ်ယူချင်တဲ့ပစ္စည်းကို ရိုက်ထည့်လိုက်တာနဲ့ ပစ္စည်းရှိရာဆီကို စက်ရုပ်က လမ်းပြခေါ်ဆောင်သွားဦးမှာပါ။
“ဈေးဝယ်ယူပြီးလို့ ပိုက်ဆံရှင်းတော့မယ်ဆိုရင်လည်း အလိုအလျောက် ငွေပေးချေမှုစနစ်ကနေ ကျသင့်ငွေကို တွက်ချက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ငွေရှင်းကောင်တာမှာ တန်းစီစောင့်ဆိုင်းနေစရာလိုတော့မှာ မဟုတ်ပါဘူး” လို့ LG က ဆိုပါတယ်။
LG ဟာ ယခုစက်ရုပ်အပါအဝင် တခြား CLOi စက်ရုပ်မော်ဒယ်အများအပြားကို မနှစ်က ကျင်းပခဲ့တဲ့ CES ပွဲမှာ စတင်မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက E-Mart စတိုးတွေမှာ စတင်အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပေမယ့်၊ ဘယ်တော့လောက် စတိုးဆိုင်တွေဆီ ရောက်မလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
Ref: DailyMail, Engadget