LG ဟာ မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းပစ်ဖို့ ကြံစည်နေကြောင်း Reuters သတင်းတပုဒ်မှာ ဖော်ပြပါရှိလာပါတယ်။ ဖုန်းထုတ်လုပ်မှုလုပ်ငန်းကို ဗီယက်နမ်နိုင်ငံက ကုမ္ပဏီပိုင် စက်ရုံတခုထံ ရွှေ့ပြောင်းသွားဖို့ ရှိပါတယ်။
ယခုလို တောင်ကိုရီးယားကနေ ဗီယက်နမ်မှာ ပြောင်းလဲထုတ်လုပ်မယ့် အကြောင်းရင်းကတော့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချဖို့နဲ့ ၃ လပတ်များစွာတိုင် ငွေအရှုံးပေါ်နေတဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းဌာနကို ပြန်လည် ဦးမော့လာစေဖို့ ဖြစ်တယ်လို့ အတွင်းသတင်းတခုအရ သိရှိရပါတယ်။ LG ဟာ တောင်ကိုရီးယားမှာ မော်ဒယ်မြင့် Flagship ဖုန်းတွေကိုသာ အဓိကထား ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားကနေ ထုတ်တဲ့ ဖုန်းတွေဟာ LG က ထုတ်သမျှ ဖုန်းစုစုပေါင်း ပမာဏရဲ့ ၁၀ ပုံ ၁ ပုံကနေ ၅ ပုံ ၁ ပုံ ကြားလောက် ရှိပါတယ်။
LG ရဲ့ ယခု ဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ LG နောက်ပိုင်းထုတ်တဲ့ ဖုန်းတွေဟာ အရင်လို နာမည်ကောင်းတွေ မရခဲ့တာ အတော်ကြာခဲ့ပါပြီ။ တန်ဖိုးနည်းဖုန်းဈေးကွက်မှာဆိုရင်လည်း ပြိုင်ဘက်တရုတ်ဖုန်းကုမ္ပဏီတွေဟာ ပိုမိုဈေးသက်သာတဲ့ ဖုန်းတွေနဲ့ LG ရဲ့ ဈေးကွက်ဝေစုကို သိမ်းပိုက် ရယူထားကြပြီ ဖြစ်ပါတယ်။
တန်ဖိုးကြီးဖုန်းဈေးကွက်မှာလည်း အခြေအနေက မကောင်းမြဲ ဖြစ်ပြီး၊ နောက်ဆုံးထုတ် LG G8 ဖုန်းဟာဆိုရင်လည်း ဆန်းသစ်ကောင်းမွန်မှုတွေ ရှိသော်ငြား တနှစ်အတွင်း လူကြိုက်အနည်းဆုံး ဖုန်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
LG ဟာ စမတ်ဖုန်းဈေးကွက်မှာ ရလဒ်မကောင်းမွန်နေသည့်တိုင် ဈေးကွက်တွင်းက အပြီးတိုင် ထွက်သွားဖို့ကတော့ ဖြစ်လာဦးမှာ မဟုတ်ပါဘူး။ သို့ပေမယ့် တချိန်က သရဖူဆောင်းခဲ့တဲ့ Sony နည်းတူ မဝေးတော့တဲ့ အနာဂတ်တချိန်မှာ တချို့ ဈေးကွက်တွေကနေ စွန့်ခွာသွားနိုင်ပါတယ်။